top of page
Search

အသက်ကြီးသွားလည်း တက်ကြွပျော်ရွှင်စွာ နေနိုင်မယ်

  • Mar 20
  • 2 min read


Close-up of a woman touching her face with red nails, displaying thoughtful expression. White text overlay in Myanmar script, "Mon Halsey."

သေခြင်း၊ နာခြင်းတွေကို ရှောင်လွှဲလို့မရသလို အိုမင်းလာခြင်းတွေကိုလည်း လူသားတွေဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး။


၆၅ နှစ် ဆိုတာ အလုပ်က အငြိမ်းစားယူရတဲ့အရွယ်ဖြစ်ပါတယ်။


သဘောကတော့ တစ်သက်လုံး ပညာတွေလည်းသင်ခဲ့၊ အလုပ်တွေလည်းလုပ်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့် အနားယူဖို့အချိန်ရောက်ပြီဆိုတဲ့ သတ်မှတ်ချက်ပဲဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အသက် ၈၀၊ ၉၀ အထိ နေနိုင်ဦးမယ်ဆိုရင် ၆၅နှစ်ပင်စင်ယူပြီးတဲ့နောက်ပိုင်း သူ့မှာ နောက်ထပ်အနှစ် ၂၀၊ ၃၀ လောက်တော့ နေဖို့ကျန်နေသေးတာပါပဲ။ ဒီကျန်နေသေးတဲ့နှစ်တွေဟာ တန်ဖိုးရှိပါတယ်။


တချို့လူကြီးတွေဟာ အငြိမ်းစားယူလိုက်ပြီဆိုရင် စိတ်မပျော်တော့တာမျိုးဖြစ်တတ်ကြပါတယ်။ တချို့ကျတော့လည်း အငြိမ်းစားယူလိုက်တဲ့အခါကျမှ ပိုပြီး ပျော်ရွှင်တက်ကြွသွားတာမျိုးရှိပါတယ်။ အခြေနေပေါ်မူတည်ပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်တော့မတူနိုင်ပါဘူး။


Successful Aging အောင်မြင်စွာပျော်ရွှင်စွာ အသက်အရွယ်အိုမင်းသွားခြင်းထဲမှာ-


ဘဝကို ကျေနပ်နှစ်သိမ့်နိုင်တာ - Life Satisfaction

အသက်ရှည်တာ - Longevity

မစွမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးမရှိတာ - Freedom from disability

ပညာ၊ အတွေ့အကြုံနေရာမှာ ဆရာတစ်ဆူဖြစ်နေခဲ့တာ - Mastery and growth

လွတ်လပ်မှုရှိနေတာ - Independence

ဘဝနဲ့အမြဲတမ်းတက်ကြွစွာ ထိတွေ့မှုရှိနေတာ - Active engagement with life စတဲ့အချက်တွေပါရှိပါတယ်။


Aging Expert Harry Moody ရဲ့ စာထဲမှာဖတ်ရတာပါ။ ဒီအရာတွေနဲ့ ဆက်စပ်ပြီး ဒီစာလေးကိုရေးချင်စိတ်ဖြစ်လာပါတယ်။အဓိကကတော့ Successful Aging ကို

Active Aging

Productive Aging

Conscious Aging

ဆိုပြီး အုပ်စုသုံးခုခွဲထားပါတယ်။


Active Aging ထဲမှာပါတဲ့ လူကြီးတွေဟာ အသက်အရွယ်ကြီးရင့်လာပေမယ့် ဖျတ်ဖျတ်လတ်လတ်နဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကိုလည်း အရေးတယူ စောင့်ရှောက်နိုင်တာ၊ အမျိုးသမီးဆိုရင်လည်း ကိုယ့်ရဲ့လှပနုပျိုမှုနဲ့ပတ်သက်ပြီး စိတ်ဓာတ်မကျဘဲ အမြဲတမ်းထိန်းထိန်းသိမ်းသိမ်း ပြုပြုပြင်ပြင်လေးနေထိုင်တတ်တာမျိုးကို ဆိုလိုပါတယ်။


လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က ကျွန်မနေထိုင်ခဲ့တဲ့နေရာတစ်ခုက လမ်းထဲမှာ ကုန်စုံဆိုင်ကလေးတစ်ဆိုင်ရှိပါတယ်။ အဲဒီကုန်စုံဆိုင်ပိုင်ရှင် ဘဘကြီးက သူ့ကိုကြည့်လိုက်ရင် စက်ဘီးတစ်စီးနဲ့ လမ်းပေါ်မှာ သွားနေတာပါပဲ။


သူ့ဆိုင်အတွက်ပစ္စည်းတွေယူလာတယ်။ သူ့ဆိုင်ကပစ္စည်းတွေပြန်ယူသွားတယ်။ ဗိုက်ရွှဲရွှဲနဲ့ စွပ်ကျယ်ကြီးဝတ်လို့ပါပဲ။ မနေ့တစ်နေ့က ကျွန်မက သူ့ကိုပြန်တွေ့တော့ အရင်ကအတိုင်းပါပဲ။ သူ့စက်ဘီးနဲ့လျှောက်သွားနေတုန်းပဲ။


မရှိဘူးဆိုရင် အသက်ရှစ်ဆယ်နီးပါးတော့ရှိပါပြီ။ သူလုပ်နေကျအလုပ်တွေကို ပုံမှန်လုပ်နေတုန်းပါပဲ။ အရင်ကလောက်မလုပ်နိုင်တော့တာမျိုး ရှိချင်ရှိလိမ့်မယ်။ ဒါပေမဲ့ လုပ်နိုင်သလောက်တော့ လုပ်နေသေးပုံပါပဲ။

လူကြီးတွေမှာ Routine ပုံမှန်လုပ်နေကျအလုပ်ကလေးတွေကို လုပ်နေတယ်ဆိုတဲ့စွမ်းဆောင်ရည်နဲ့ လုပ်နေနိုင်သေးတယ်ဆိုတဲ့ စိတ်ဟာ အားတစ်ခုပဲဖြစ်ပါတယ်။


ကျွန်မတို့ရဲ့အသိမိတ်ဆွေ အဖွားတစ်ယောက်ဟာ အသက် ၉၀ ကျော်မှပဲ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအဖွားက သာရေးနာရေးမှန်သမျှ ဘယ်တော့မှမပျက်ကွက်စေရတဲ့အဖွားဖြစ်ပါတယ်။ သူအမြဲရောက်အောင်လာတတ်ပါတယ်။


၇၀ ကျော် ၈၀ ကျော်အထိလည်း သူက လှလှပပပြင်ဆင်ပြီးသွားလာနေနိုင်တုန်းပါပဲ။ တစ်ခုရှိတာက သူအမြဲနောက်ကျတတ်ပါတယ်။ အကြောင်းကတော့ ရေမချိုးခင်မှာနာရီဝက်လောက် လေ့ကျင့်ခန်းလုပ်နေလို့ပါတဲ့။

လေ့ကျင့်ခန်းလုပ်တာက ခက်ခဲတဲ့လေ့ကျင့်ခန်းတွေမဟုတ်ပါဘူး။ သူ့အိပ်ရာလေးမှာလုပ်နေကျ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို မပျင်းမရိနဲ့ မပျက်မကွက်လုပ်တာပါပဲ။


သူက ကျွန်မအဖွား အမာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တယ်။ ကျွန်မတို့အိမ်ကို တစ်လကိုနှစ်ခါလောက်တော့လာတတ်ပါတယ်။ ကျွန်မအဘွားကအရိုးတွေ ပါးပြားပြီး ကုန်းကုန်းကလေး ဘယ်မှသိပ်မသွားနိုင်မလာနိုင်တဲ့အချိန်မှာ သူ့သူငယ်ချင်းကတော့ သူနဲ့အတူ ထမင်းလာစားနိုင်ပါတယ်။


ချိုင့်ကြီးချိုင့်ငယ်နဲ့ သူငယ်ချင်းစားဖို့ အစားအစာတွေကိုလည်း ယူလာတတ်ပါတယ်။ အေးအေးဆေးဆေးစကားစမြည်ပြောပြီး တစ်ခါတစ်လေကျတော့ သူတို့သူငယ်ချင်းနှစ်ယောက် ဘာလုပ်ကြတယ် မှတ်ပါသလဲ။ ဖဲချပ်ကလေးတွေနဲ့ဖဲရိုက်ကြတတ်ကြပါသေးတယ်။ ညနေအေးအေးဆေးဆေးမှ သူ့အိမ်သူပြန်ပါတယ်။


ဒီနေရာမှာ လေ့ကျင့်ခန်းလုပ်တဲ့အကျိုးနဲ့ အခြားသောရောဂါတွေကို ကာကွယ်တားဆီးထားနိုင်တာ အာဟာရမျှအောင်စားသောက်တာ စိတ်ဖိစီးမှုတွေ နည်းအောင်နေတာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်နေတာတွေဟာ အသက်ရှည်ဖို့ အကြောင်းတွေပါလားလို့ တွေးမိခဲ့ပါတယ်။


အသက်ကြီးသွားပေမယ့် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ခဲ့သူမျိုးပေါ့။


အမျိုးထဲကအဖွားတစ်ယောက်ကတော့ အခုအသက် ၈၀ ကျော်ပါပြီ။ သက်ရှိထင်ရှားရှိနေဆဲပါ။ လွန်ခဲ့တဲ့လအနည်းငယ်က ကိုဗစ်ဖြစ်ပါတယ်။ ဆေးရုံတောင်မတက်ရပါဘူး။ အိမ်မှာပဲ သူ့ဘာသူပြန်ကောင်းသွားပါတယ်။ အကြောင်းကတော့ အသက်၆၀ လောက်ကတည်းက သူ့အိမ်ကနေ မနက်တိုင်းကန်တော်ကြီးကို တစ်ပတ်ပတ်လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ မိုးရွာရင်တောင်မပျက်ကွက်ခဲ့ပါဘူး။ သူ့ရဲ့အဆုတ်ဟာကျန်းမာနေပါတယ်။


အခုတော့ ကန်တော်ကြီးပတ်ပြီး လမ်းမလျှောက်နိုင်တော့ပေမယ့်လည်း ကျန်းမာရေးလိုက်စားခဲ့တဲ့အကျိုးကျေးဇူးတွေဟာ ရှင်သန်နေခွင့်ရတဲ့ နှစ်ပိုင်းတွေမှာ ဘယ်လောက်အထိအကျိုးကျေး

ဇူးပြုသလဲဆိုတာကို ကျွန်မတို့ တွေ့နိုင်တာပဲ ဖြစ်ပါတယ်။


Active Aging ထဲမှာနုပျိုလှပအောင် နေတတ်တာတွေလည်း ပါဝင်ပါတယ်။ Hollywood မင်းသမီးကြီး Jane Fonda အသက် ၈၀ ကျော်မှာ ဘယ်လောက်အထိလှနေသလဲဆိုတာကိုကြည့်ပါ။

Active Aging ရဲ့ ထင်ရှားတဲ့သက်သေတွေပဲဖြစ်ပါတယ်။


သူ့ရဲ့အင်တာဗျူးတစ်ခုမှာဖတ်ရပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်တယ်။ အိပ်ရေးဝအောင်အိပ်တယ်။ ခွေးနဲ့အတူအချိန်ဖြုန်းတယ်။ စိတ်ဖိစီးမှုနည်းအောင် နေတယ်။ ဒါကြောင့် ဘယ်သူနဲ့မှ Relationship လုံးဝမလုပ်တော့ဘူးလို့ ဆိုပါတယ်။


ကျွန်မတို့ Culture အရ အသက် ၈၀ အရွယ်မှာ Relationship အကြောင်းပြောတာ တစ်မျိုးဖြစ်နေနိုင်ပေမဲ့ သူ့လူမျိုး သူ့စရိုက်ပါပဲ။ ဒါကိုတိုက်ခိုက်အပြစ်ပြောနေဖို့တော့မလိုဘူး ထင်ပါတယ်။ Companionship ဆိုတာ အဖော်သဟဲပြုမှုဖြစ်ပြီး အသက်ကြီးသူတွေမှာလည်း ရှိနိုင်တာပါပဲ။


အသက်ကြီးလာပြီ အိုမင်းသွားပြီဆိုပြီး ဘဝကို စိတ်ညစ်မနေဘဲ ကိုယ်လုပ်စရာရှိတဲ့ လုပ်နိုင်တဲ့အလုပ်ကလေးတွေကို ရှေ့ဆက်လုပ်ရင်း တက်ကြွပျော်ရွှင်ကြည်လင်စွာ ဖြတ်သန်းသွားနိုင်ဖို့အတွက် အမေနဲ့ ပြောဖြစ်တာလေးတွေကို ရေးမိတာပါပဲ။


ကျွန်မအမေအသက် ၇၀ ဟာ ကျွန်မထက် ပိုနုပျိုပါတယ်။ ဒါဟာလည်းကံတရားအတိုင်းပါပဲ။ အမေသည်လည်း သူလုပ်နေကျအလုပ်ကလေးတွေလုပ်ရင်း Active Aging ရွှင်လန်းတက်ကြွစွာ ဖြတ်ကျော်နေတဲ့အတွက် ကျွန်မက လက်ခုပ်တီးပေးလိုက်ရပါတယ်။


လူကြီးမိဘများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။


မွန်ဟော်စီ

၂၀၂၁


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page