ပြဿနာရဲ့အစိတ်အပိုင်းမဖြစ်ပဲ ဖြေရှင်းနည်းဖြစ်ဖို့
- Mar 19
- 1 min read

ကျောင်းမှာစာသင်တုန်းက ကြုံခဲ့ဖူးတဲ့တပည့်လေးနှစ်ယောက်ရှိပါတယ်။ တစ်ယောက်တည်းနေရင်အဆင်ပြင်တယ်။ တစ်ယောက်စီနေတယ်ဆိုရင်လည်း ဘာမှမဖြစ်ဘူး။
နှစ်ယောက်ပေါင်းလိုက်ပြီဆိုရင် အသံလေးတွေထွက်လာတတ်ပါတယ်။ ပြဿနာလေးတွေတက်လာတတ်ပါတယ်။ မတည့်အတူနေလေးတွေ၊ သူကအရင်စလုပ်တယ်၊ သူကသားမကြိုက်တာကို ပြောထားလျက်နဲ့ လုပ်တယ် စသည်ဖြင့်ပါပဲ။
ကျွန်မက သူတို့ကို Trouble comes double ပြဿနာနှစ်ထပ်ကွမ်းကတော့ ရောက်လာပြီလို့ အမြဲစနောက်ပြောလေ့ရှိပါတယ်။ သူတို့လာပြီဆိုတာနဲ့ ”ကဲ..Trouble comes double ဟေ့” လို့ ဆိုလိုက်ရင်အကြောင်းသိတဲ့တခြားတပည့်တွေကလည်း ဝိုင်းပြီး သဘောကျကြတော့တာပါပဲ။ အပြောင်အပျက်သဘောမျိုး ချစ်စနိုးနဲ့ ပြောတာပါ။ စာတစ်ပုဒ်ရေးမယ်လို့စဉ်းစားမိတဲ့အခါမှာ ဒီအကြောင်းအရာလေးကို သွားသတိရလိုက်မိပါတယ်။
တစ်ခါတလေကျရင် ကျွန်မတို့ကိုယ်တိုင်က ပြဿနာရဲ့အရင်းအမြစ်တွေ အစိတ်အပိုင်းတွေ ဖြစ်နေတတ်ကြပါတယ်။ အဲဒီလိုဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုယ် သတိမထားမိကြပါဘူး။ ကျွန်မဆိုရင် အိမ်မှာ ပွစိပွစိလည်း ပြောတတ်ပါတယ်။ ဒါကြောင့် ကျွန်မရှိနေရင် နားမခံသာဘူးလို့ အိမ်ကလူတွေကပြောကြပါတယ်။
ကျွန်မကတော့ ပြောတယ်ဆိုတာကလည်း လိုအပ်လို့ပြောရတာပဲလို့ ဆင်ခြေပြန်ပေးလေ့ရှိပါတယ်။
တစ်ခါတလေကျတော့ သူတို့က ကျွန်မကိုမကြိုက်ကြပါဘူး။ အဲဒီအခါမှာ ကျွန်မဆိုတဲ့သူက အိမ်တံစက်မြိတ်အောက်ကိုဝင်လာတာနဲ့ မကောင်းတော့ဘူး။ အိမ်တံစက်မြိတ်အောက်ကလွတ်သွားတာနဲ့ အားလုံးအပေါ်မှာ ကောင်းတဲ့သူ ဖြစ်သွားတာပဲလို့ ရယ်သွမ်းသွေးကြပါတယ်။ အိမ်တွေမှာ မိသားစုတွေမှာလည်း ထုံးစံအတိုင်း ပြဿနာလေးတွေရှိတတ်ကြတာပါပဲ။ ရေစက်မောင်းပြီးတင်ထားတယ်။ ရေပြည့်နေပြီ။ ပိတ်ဖို့မေ့နေကြတယ်။ ဘယ်သူမှမကြားဘူး။ အလုပ်လုပ်နေတဲ့သူကကြားရတယ်။ အာရုံအပျက်ခံပြီးဆင်းပိတ်ရတော့ မကြားဘဲ ထိုင်နေကြတဲ့သူတွေကို ဆူမိ ပွားမိတယ်။ ဘာမှတော့ ကြီးကျယ်တဲ့အကြောင်းတွေမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုပဲပြောကြ ဆိုကြရင်းနဲ့ စိတ်တွေတိုလာကြရော။ အဲဒီအခါမှာ ကျွန်မက ပြဿနာရဲ့အစိတ်အပိုင်းတစ်ခု သူ့အလိုလိုဖြစ်လို့သွားပါတော့တယ်။
ကျွန်မအမျိုးသားဆိုရင်လည်း ဒီလိုပါပဲ။ သူက သိပ်စည်းကမ်းကြီးတဲ့သူမို့လို့ သူ့အစားအစာပြင်ဆင်တဲ့နေရာမှာ တစ်ယောက်က တစ်ခုခုများ သွားတင်ထားမိရင် ဒေါသတွေကြီးလာတတ်ပါတယ်။ အဲဒီအခါမှာ သူကိုယ်၌က ပြဿနာရဲ့အစိတ်အပိုင်းဖြစ်သွားတာပါပဲ။
ဒေါသဖြစ်လာတဲ့အခါကျတော့ နားထောင်ပါလို့ပြောရင်လည်း နားမထောင်နိုင်တော့ပါဘူး။
တစ်ခါများ သူ့နေရာမှာ အိမ်သားတစ်ယောက်က ပစ္စည်းတစ်ခုတင်ထားမိတဲ့အတွက်ကြောင့် သူဒေါသထွက်နေချိန် ကျွန်မကရှင်းပြဖို့ လုပ်တယ်။ ဒါကိုလုံးဝနားမထောင်နိုင်ဘဲ ဒေါသတကြီး ကားမောင်းထွက်သွားတယ်။ ဒေါသကြောင့် လမ်းမှာ တစ်ခုခုဖြစ်ရင် ပြဿနာက နှပ်ထပ်ကွမ်းတက်မှာပါ။ အိမ်ရှင်မနဲ့ဖြစ်တဲ့ပြဿနာ။ ဒီပြဿနာဖြေရှင်းလို့မပြီးသေးဘူး လမ်းမှာ ဒေါသကြောင့် တစ်ခုခု အမှား ဖြစ်လာရင် နောက်ထပ်ပြဿနာတစ်ခုကို ဆွဲခေါ် လာတာနဲ့မတူဘူးလား။ ၄၅ မိနစ်လောက်ကြာတော့လည်း စိတ်ပြေပြီးပြန်ရောက်လာပါတယ်။
ဒေါသတွေ ပေါက်ကွဲမှုတွေဆိုတာက ပြဿနာတစ်ခုအတွက်အဖြေမဟုတ်ပါဘူး။ ဒေါသထွက်လိုက်တဲ့အတွက် ပြဿနာတစ်ခုဟာ ဖြေရှင်းပြီးသားဖြစ်မသွားပါဘူး။ ပိုဆိုးလာတာမျိုးပဲရှိပါတယ်။
ဒါကြောင့် Oxford ဆရာတော်ကြီးရဲ့တရားကိုနာရတဲ့အခါမှာ ပြဿနာရဲ့အစိတ်အပိုင်းဖြစ်ချင်လား။ ပြဿနာရဲ့ အဖြေဖြစ်ချင်သလား။
Do you want to be a part of the problem ? Or do you want to be a solution of the problem?
လို့မေးတဲ့မေးခွန်းက ကျွန်မအတွက်စဉ်းစားစရာဖြစ်ခဲ့ရပါတယ်။
မပြေလည်တာတစ်ခုအတွက် ကိုယ်က ဝင်ပြီးပြောလိုက်တယ်ဆိုရင် ဒါဟာ ပြဿနာဖြေရှင်းလိုက်တာပဲလို့ ကိုယ်ကထင်ပေမယ့် တကယ်တော့ ကိုယ်ဝင်ပါလိုက်မှ ပြဿနာပိုကြီးသွားတာမျိုးတွေလည်း အများကြီးပါပဲ။
ပြဿနာတစ်ခုရဲ့အဖြေဆိုတာက တည်တည်ငြိမ်ငြိမ်နဲ့ ပြောဆိုနိုင်တာဖြေရှင်းနိုင်တာမျိုးပါပဲ။ မဆိုင်တဲ့နေရာ ဝင်မပါဘဲ ဆိုင်တဲ့နေရာမှာ ကိုယ့်တာဝန်ကိုယ်သိ၊ စည်းကမ်းရှိရှိနေတာမျိုးကလည်း ပြဿနာဖြေရှင်းပြီးသားဖြစ်သွားတယ်။
တစ်ဖက်ကပြောတဲ့စကားကိုလည်း နားထောင်ပေးသင့်ပါတယ်။ ကိုယ်မကြိုက်တဲ့ လက်မခံနိုင်တဲ့အခြေအနေတစ်ခု ဖြစ်သွားရတယ်ဆိုတာ သူ့မှာလည်း အကြောင်းတစ်ခုခုရှိလို့တော့ဖြစ်မှာပါ။ တမင်သက်သက် ဒေါသကိုဆွနေတာမျိုးဆိုရင်တော့ ခြွင်းချက်ပေါ့လေ။
ကျွန်မတို့အားလုံးမှာ ကိုယ်ကိုယ်တိုင်မရည်ရွယ်ဘဲ ပြဿနာရဲ့အစိတ်အပိုင်းဖြစ်သွားတတ်ကြတာတွေ ရှိပါတယ်။ ကလေးတွေ စည်းကမ်းမရှိတော့ အဖေက ကလေးတွေကိုဆူတယ်၊ ရိုက်မယ်လို့လုပ်တယ်။
အမေကမကြိုက်ဘူး။ အဲဒီမှာ အဖေနဲ့အမေနဲ့ပြဿနာတက်တယ်။ ကလေးတွေကတော့ အေးအေးဆေးဆေးပဲ။ သူတို့ဘာမှမလုပ်ခဲ့သလိုပဲ သူတို့ ပြဿနာဖြစ်ဖို့ မရည်ရွယ်ခဲ့ကြဘူးလေ။
တကယ်တော့ စကားနားထောင်တတ်တဲ့ စည်းကမ်းလိုက်နာကြတဲ့ လိမ်မာတဲ့ကလေးတွေဆိုရင် အဖေနဲ့အမေလည်း ဒီလိုပြဿနာမျိုး ဘယ်ဖြစ်ပါ့မလဲ။
ဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ ပြဿနာဖြစ်ရတယ်ဆိုတာ ရယ်စရာလည်းကောင်းပါတယ်။
တစ်ခါတလေကျတော့လည်း ဖြစ်ခဲ့တဲ့ပြဿနာတွေ ပြန်တွေးပြီး ရယ်မောလိုက်မိပါတယ်။ အိမ်ထဲက မိသားစုဝင်တစ်ဦးအနေနဲ့ ကိုယ်လုပ်ရမယ့်တာဝန်တွေ လိုက်နာရမဲ့စည်းကမ်းတွေကိုသိတာ၊ စိတ်ကို အေးအေးချမ်းချမ်းနေတတ်တာတွေကလည်း ပြဿနာမဖြစ်ပေါ်စေခြင်းရဲ့အဖြေပဲဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၁ ဇန်နဝါရီ