top of page
Search

အလုပ်ကို အနှောင်အဖွဲ့မဖြစ်အောင်၊ အမြင်လေးပြောင်းလိုက်မယ်

  • Mar 10
  • 2 min read


Text in Burmese and English on dark green leaves with water droplets. The name "Mon Halsey" appears below. Moody, natural setting.

အလုပ်အဆင်မပြေဘူး။ အလုပ်မှာ မပျော်ဘူး။ အရမ်းလုပ်ရတယ်။ မနားရဘူး စသည်ဖြင့် အလုပ်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေ မကြာခဏ ကြားရပါတယ်။

တစ်ယောက်က သူ့အလုပ်မှာ သိပ်အဆင်မပြေတော့ အလုပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်မှုမရှိသလို ကျေးဇူးတင်တဲ့စိတ်လည်းမရှိဘူး။


အဲဒီမှာ သူခဏခဏပြောတတ်တာက အလုပ်က ဂယောက်ဂယက်တွေသိပ်ကြည့်လို့ရတာမဟုတ်ဘူး။ အလုပ်သွားရမယ်ဆိုရင်ကို စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေတာ။ ဒီမှာတော့ သိပ်မကြာတော့ပါဘူး၊ ဘာညာပြောရင်းကနေ အလုပ်က လူလျှော့လိုက်တဲ့ထဲ သူပါသွားပါလေရော။


လပိုင်းအတွင်းမှာကို သူမသွားချင်တဲ့အလုပ်လည်းမသွားရတော့ဘူး။ ဂယောက်ဂယက်တွေလည်းမမြင်ရတော့ဘူး။ အဲဒီလိုဖြစ်တော့ စိတ်ချမ်းသာသွားသလားဆိုရင် စိတ်မချမ်းသာနိုင်ပါဘူး။ တကယ်က ဒီအလုပ်ကို စွန့်ခွာဖို့ အဆင်သင့်မှမဖြစ်သေးတာ။


စကားလုံးတွေဟာ ပါဝါရှိတယ်။ အစွမ်းအစတွေရှိတယ်။ ဒါကြော ဝစီကံကို သတိထားပါလို့ ပြောမိပါတယ်။ အဲဒါတွေက ဘဝပုံစံတွေကို Attract လုပ် ဆွဲငင်ယူနေတတ်ပါတယ်။


ဝစီကံက အပေါက်ကြီးပေါက်နေသလို ရှိသမျှစကားလုံးတွေ အကုန်ကျွံကျနေတယ်ဆိုရင် စကားနောက်တရားပါတွေလည်းဖြစ်တတ်ပါတယ်လို့ လူကြီးတွေကလည်း ဟိုးအရင်ကတည်းက ပြောထားဖူးတာပါပဲ။

ပိုင်းလော့ဆရာတော်ကြီးဟောတဲ့အထဲမှာ #ကိုယ်စိတ်ကတောင့်တတဲ့အာရုံ ဆိုတဲ့ စကားလေးကိုမှတ်မှတ်ရရဖြစ်နေပါတယ်။ ဆရာတော်ရဲ့တရားတွေကို နာဖူးတဲ့သူတွေဆိုရင် ပုံရိပ်ဖွဲ့တယ်၊ ပုံဖော်တယ်ဆိုတဲ့စကားကို ခဏခဏပြောတတ်တာ ကြားဖူးကြပါလိမ့်မယ်။


ကိုယ်ဖြစ်ချင်တဲ့ လိုချင်တဲ့အရာတစ်ခုကို ပုံဖော်တာ၊ ပုံရိပ်ဖွဲ့တာ၊ ဒါဟာ အင်္ဂလိပ်လိုဆိုရင်တော့ Visualize လုပ်တာပဲ ဖြစ်ပါတယ်။အဲဒီ Visualization Process က ကံတွေနဲ့ အကြောင်းအကျိုး ဆက်စပ်သွားတယ်ဆိုရင် တကယ်ကို ဖြစ်လာတတ်ပါတယ်။

အခုအချိန်မှာ Universe တွေ Energy တွေ Frequency /Vibration စတဲ့ စကားတွေလည်း မကြာခဏ တွေ့မြင်ကြားနေရပါလိမ့်မယ်။​ကိုယ့်စိတ်ကတောင့်တတဲ့ အာရုံတွေဟာ လှိုင်းတွေ တုန်ခါမှုတွေအဖြစ် စကြဝဠာထဲကို ထုတ်လွင့်နေတာပဲ ဖြစ်တယ်။

Law of Attraction အနေနဲ့ ပြောရရင် ဒီအလုပ်ကိုမကြိုက်ဘူး။

ကျေးဇူးတင်တဲ့စိတ် ပျော်ရွှင်တက်ကြွတဲ့စိတ် Vibration မရှိဘူးဆိုတာ ကိုယ်က ထုတ်လွှတ်လိုက်တဲ့ အချက်ပေး Energy / Vibration တွေပါပဲ။

အဲတော့လည်း အဲဒီ Energy တွေနဲ့ထိုက်တန်တဲ့အရာတွေကို ပြန်ပြီးလက်ခံရရှိလာတာပါပဲ။ဒါကြောင့်မို့လို့ အဆင်မပြေတာတွေရှိခဲ့တယ်ဆိုရင် ရှုထောင့် Perspective တွေကိုပြောင်းလဲလိုက်ပါလို့ ပြောချင်ပါတယ်။ အမြင်တွေပြောင်းသွားရင်. အတွေးတွေလည်းပြောင်းလဲသွားပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေတဲ့အချိန်မှာ အလုပ်တစ်ခုရှိနေတာ ကျေးဇူးတင်စရာပဲဖြစ်ပါတယ်။

တချိန်က လခစားအလုပ် လုပ်ခဲ့တော့ အလုပ်ကိုကျေးဇူးမတင်တတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ ကျွမ်းကျင်မှု Skills အသိပညာ Wisdom And Knowledge အချိန်နဲ့ လုပ်အား Time And Effort စတဲ့အရာတွေကို အလုပ်ထဲမှာ တစ်ရက် ၈ နာရီနေပြီး သွားရောင်းနေတာပဲ။ အချိန်တန်တဲ့အခါမှာ လစာရလာတယ်ဆိုတဲ့ အလုပ်နဲ့ကိုယ့်ရဲ့ Relationship ကို အရောင်းအဝယ်သဘောမျိုးပဲ သဘောထားခဲ့ပါတယ်။

ဒါက မှန်သင့်သလောက်မှန်ပေမယ့် အခုအချိန်မှာ ကျေးဇူးတင်တတ်ဖို့ အမြဲကြိုးစားတယ်။

ကျေးဇူးတရားကိုလေ့ကျင့်တဲ့အချိန်မှာ အလုပ်ကိုလည်းကျေးဇူးတင်ဖို့ အရေးကြီးတယ်ဆိုတာ သတိပြုမိလာပါတယ်။


ကိုယ်ဟာ အလုပ်မှာ အနိမ့်ဆုံးဝန်ထမ်းတစ်ယောက်လို့ပဲဆိုပါစို့။ ဒီနေရာလေးကိုရဖို့ ကိုယ်နဲ့အတူ တခြားသူတွေလည်း တန်းစီနေခဲ့ကြမှာအသေအချာပါပဲ။ ဒီထဲကမှ ကိုယ့်ကိုရွေးချယ်လိုက်တယ်ဆိုတာ ကျေးဇူးတင်စရာပဲဖြစ်ပါတယ်။


အခု အနေအထားနဲ့ဆိုရင် ကျွန်မက စာအုပ်ရောင်းသူဖြစ်တယ်။ ကျွန်မသိတာတွေကို ဝေမျှရေးသားထားတဲ့စာအုပ်တွေ တန်တယ်ထင်လို့ လာဝယ်ကြတာ ဘာဆန်းလို့လဲလို့ သဘောထားလို့ရပါတယ်။ဒါပေမဲ့ ကျွန်မကတော့ တစ်မျိုးတွေးတယ်။


စာအုပ်ဆိုင်ကြီးတစ်ဆိုင်မှာ စာအုပ်တွေထောင်ပေါင်းများစွာရှိတယ်။ ဒီထဲကမှ စာဖတ်သူတစ်ယောက်က ကျွန်မရဲ့စာအုပ်ကလေးကို ရွေးချယ်ဝယ်ယူခဲ့တာဟာ တကယ်ကိုကျေးဇူးတင်စရာပဲဖြစ်ပါတယ်။အဲဒီစာအုပ်တန်ဖိုးဟာ ၅၀၀၀ ပဲဖြစ်ဖြစ် ၆၀၀၀ ပဲဖြစ်ဖြစ် ကျွန်မအလွန်ကျေနပ်စွာတန်ဖိုးထားပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

အလုပ်ဆိုသည်မှာလည်းဒီလိုသဘောပါပဲ။

ကျေးဇူးတင်တဲ့လှိုင်းတွေ ပျော်ရွှင်တယ်ဆိုရင်လည်း ပျော်ရွှင်တဲ့လှိုင်းတွေ ကိုယ်တိုင်က ထုတ်လွှတ်နေပြီဆိုရင် အဲဒီ Vibrational Frequency တွေနဲ့ ထိုက်တန်တဲ့အရာတွေကို ပြန်ပြီးလက်ခံရရှိတတ်ပါတယ်။

ဒါကြောင့်မို့လို့ အဆင်မပြေတာတွေရှိခဲ့တယ်ဆိုရင် အတွေးတွေကိုပြောင်းလဲလိုက်ပါ။ ရှုထောင့် Perspective တွေကိုပြောင်းလဲလိုက်ပါ။ ဆိုးတဲ့အခြေအနေတွေထဲမှာ ကောင်းတဲ့အရာတွေလည်းသေချာပေါက်ရှိတဲ့အတွက် ကျေးဇူးတင်စရာလေးတွေ ရှာကြံတွေးတောပါ။


ထမင်းကျွေးနေတဲ့အလုပ်တွေကို ဘယ်တော့မှ အပြစ်မတင်မိစေချင်ပါဘူး။ ဟာ အလုပ်တွေများလိုက်တာလို့ မညည်းညူနေစေချင်ပါဘူး။


အလုပ်မရှိဘူးဆိုတဲ့ အခြေအနေကိုရောက်သွားရင် ကိုယ်တကယ်စိတ်ချမ်းသာပျော်ရွှင်မှာလား။ ကိုယ့်ဘဝကြီးအဆင်ပြေသွားမှာလားလို့ အရင်စဥ်းစားကြည့်စေချင်ပါတယ်။


အထူးသဖြင့် အခုလို အလုပ်ရှားနေတဲ့အချိန်မှာ အလုပ်ရှိနေတာကိုပဲ ကျေးဇူးတင်ရမှာပါ။ အလုပ်အကိုင် ဝင်ငွေရှိနေတယ်ဆိုတာ ကိုယ်တစ်ယောက်တည်း ကောင်းစားနေဖို့မဟုတ်ဘဲ ကိုယ့်အလုပ်ကိုလုပ်ပေးနေတဲ့သူတွေ ကိုယ်စောင့်ရှောက် ကြည့်ရှုပေးနေရတဲ့သူတွေလည်း အဆင်ပြေပျော်ရွှင်ပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ နေတတ်ရပါမယ်။


Positive Outlook ကောင်းတဲ့ မျှော်လင့်ချက်တွေ အမြဲထားပါ။


ဒီဟာမဖြစ်ရင် နောက်တစ်ခုခု

ဖြစ်အောင်လုပ်ရမယ်လို့ စိတ်ကိုထားတတ်ရပါမယ်။

ကိုယ် ဘာတွေလုပ်နိုင်သေးသလဲ။ ကျွန်မတို့ လုပ်နိုင်တဲ့အရာတွေဟာ တစ်ခုထက်မက များပြားပါတယ်။ ကိုယ့်ရဲ့ အစွမ်းအစကို အမြဲ Build Up လုပ်ပေးနေဖို့လည်း လိုအပ်ပါတယ်။


မွန်ဟော်စီ

၂၀၂၂


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page