top of page
Search

လုပ်မယ်ဆိုပြီးဆွဲထားတာတွေ ဒီနေ့ပဲလုပ်လိုက်

  • Mar 27
  • 1 min read


Close-up of a clock showing time with text overlaid in Burmese. "Mon Halsey" is at the top. Monochrome theme, focus on time.

ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားကပြန်လာတော့ သူ့အဖေအတွက် အင်္ကျီလေးတစ်ထည်ဝယ်လာခဲ့ပါတယ်။


ဒီအင်္ကျီလေးကို အဖေ့ကိုပေးမယ်ပေးမယ်နဲ့ ပါးစပ်ကသာပြောနေပြီး အင်္ကျီက အခန်းထဲမှာကျန်ခဲ့ပြန်၊ အဖေနဲ့တွေ့တဲ့အချိန်မှာမေ့နေပြန် အစရှိတဲ့ အကြောင်းအမျိုးမျိုးနဲ့ အင်္ကျီလေးပေးတဲ့စခန်းဆီကိုရောက်မလာခဲ့ပါဘူး။


စိတ်မကောင်းစရာကောင်းတာက အဖေဟာ အဲဒီအင်္ကျီလေးကို လက်မခံရသေးခင်မှာဘဲ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ သူငယ်ချင်းက အဖေကိုမပေးလိုက်ရဘူးဆိုပြီး အင်္ကျီလေး ပိုက်ပိုက်ပြီး ငိုတာကိုမှတ်မိပါသေးတယ်။


အမျိုးသမီးတစ်ယောက်ဆိုရင် မနက်ခင်းတစ်ခုမှာ သူ့သားလေးကိုကျောင်းကားပေါ်တင်ပေးလိုက်တယ်။ အဲဒီနေ့က အလုပ်တွေရှုပ်နေတာနဲ့ သားကိုမနမ်းလိုက်မိဘူး။ စကားကောင်းကောင်း မပြောခဲ့မိဘူး။ သူမေးတာတွေကို စိတ်မရှည်ခဲ့ဘူးတဲ့။ ဝမ်းနည်းစရာကောင်းတာက ဒီကျောင်းကားမတော်ဆတဖြစ်မှုမှာ ကလေးလေးပါသွားတယ်။


မနက်က ကျောင်းကားပေါ်ကိုတက်သွားတဲ့သားလေးကို နောက်ဆုံးတွေ့လိုက်ရတာပဲဆိုတာ သူမသိခဲ့ဘူးတဲ့။

ကျွန်မမှာတော့ အင်မတန်ချစ်ခင်ရတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆရာတစ်ယောက်ရှိပါတယ်။ သူနဲ့အမြဲတမ်းစနောက်ပြီး Facebook ပေါ် လျှောက်ရေး ရယ်မောပျော်ရွှင်ခဲ့ကြဖူးတယ်။ တွေ့မယ်ချိန်းပြီး မတွေ့ဖြစ်၊ မသွားဖြစ်၊ ဖုန်းမဆက်ဖြစ်၊ နောက်ဆုံးသူ့အိမ်ကို မရောက်မဖြစ်ရောက်သွားတော့ သူအိပ်ခဲ့တဲ့အိပ်ရာလေးပဲ တွေ့ခဲ့ရတယ်။


သူ့ရဲ့ဖုန်းနံပါတ်ကလေး ဖုန်းထဲမှာတွေ့မိတိုင်း ရှိနေတုန်းကတော့ မဆက်လိုက်ရဘူးလို့ တွေးပြီးဝမ်းနည်းမိရတာပါပဲ။ ရှိနေတုန်းကတွေ့ဖို့ မလုပ်ခဲ့ဘဲ မရှိတော့မှ အူယားဖားယားရောက်သွားတော့ သူလည်းမသိတော့ပါဘူး။


ကျွန်မတို့မှာ ချစ်တဲ့သူတွေရှိတယ်။ သူတို့ကိုအချိန်တွေပေးဖို့ လိုအပ်ပါတယ်။


ကျွန်မတို့က လုပ်စရာရှိတဲ့အလုပ်တွေကို ချက်ချင်းမလုပ်ဘဲ အချိန်တွေဆွဲထားမိတာကြောင့် ဘဝမှာ ဝမ်းနည်းစရာအဖြစ်တွေ၊ နောင်တတွေ၊ မလိုလားအပ်တဲ့အခြေအနေတွေ ပေါ်ပေါက်လာရတတ်ပါတယ်။

ကျွန်မတို့တွေဟာ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ အချိန်ဆွဲထားတာမျိုးတွေလုပ်တတ်ကြပါတယ်။ ဥပမာ ဖုန်းဆက်မယ်ဆိုပြီး မဆက်မိတာ၊ ပေးမယ်ဆိုပြီး မပေးမိတာ၊ ပြောမယ်ဆိုပြီးမပြောမိတာမျိုးတွေပါဘဲ။


နောက်မှပဲလုပ်တော့မယ်။ မနက်ဖြန်မှပဲပြောတော့မယ်။ ကြုံမှပဲပေးလိုက်တော့မယ်ဆိုတာမျိုးတွေ ဘယ်တော့မှမလုပ်မိပါစေနဲ့။


အချိန်ဆိုတာ အမြဲတမ်းစီးဆင်းနေတဲ့မြစ်ရေလိုပါပဲ။ ကျွန်မတို့ကို ဘယ်တော့မှမစောင့်ဘူး။ အရာရာဟာ အချိန်နဲ့အမျှပြောင်းလဲနေကြသလို အချိန်ရဲ့ပြောင်းလဲပုံကလည်း ဘယ်တော့မှ နောက်ပြန်လှည့်မပေးတတ်ပါဘူး။


ဒါကြောင့် ဒီနေ့လုပ်စရာရှိတဲ့အလုပ်ကို ဒီနေ့ပဲလုပ်လိုက်ပါ။ အခုလုပ်ရမဲ့အလုပ်တွေမှန်သမျှ အခုအချိန်မှာပဲအရေးကြီးနေတာဖြစ်ပါတယ်။


ပြောစရာရှိတာတွေမပြောတာ၊ လုပ်စရာရှိတာတွေမလုပ်တာ၊ နေ့ရွှေ့ညရွှေ့လုပ်နေတာတွေက အချိန်ကြာလေ လုပ်ဖြစ်ဖို့ ပိုပြီးခက်ခဲလာလေပါပဲ။ မလုပ်မဖြစ်လုပ်ရမယ့်ကိစ္စတွေကို အခုပဲထလုပ်လိုက်ပါ။


လင်မယားတွေ အိမ်ထောင်သက်ရှည်ကြာလာတဲ့အခါ ပြောစရာစကားတွေက သိပ်မရှိဘဲဖြစ်လာတတ်ကြပါတယ်။ ရည်းစားဘဝတုန်းက ညလုံးပေါက် ဖုန်းထိုင်ပြောရင်တောင် စကားပြောစရာမကုန်ဘူး။ တစ်နေ့တစ်နေ့ တွေ့နေရာကနေ ကိုယ့်အိမ်ကိုပြန်ရတဲ့အချိန်ကျရင် မပြန်ချင်ဘူးဆိုတာမျိုးတွေက လင်မယားဖြစ်လာတဲ့အခါကျတော့ ထမင်းစားတော့မလား၊ အပြင်သွားလိုက်အုံးမယ်၊ ဒီလောက်ပဲပြောဖြစ်တော့တယ်။

တကယ်တော့ မချစ်လို့မဟုတ်ပါဘူး။ထွေထွေထူးထူး မခံစားရတော့တဲ့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်သူတို့ခွဲခွာသွားတဲ့အခါ ကိုယ့်ရင်ထဲကချစ်တဲ့အကြောင်းတွေ၊ လွမ်းတဲ့အကြောင်းတွေ၊ သတိရနေမိတဲ့အကြောင်းတွေက သူ့ကိုပြောပြချင်လိုက်တာ သူ့ကိုသိစေချင်လိုက်တာဆိုပြီး ခေါင်းပြူထွက်လာမှာပဲဖြစ်ပါတယ်။


ဒါကြောင့် ပြောချင်တဲ့စကားတွေ၊ ပြောရမယ့်စကားတွေကို ပြောပါ။ ချစ်တယ်လို့ပြောပါ။ နမ်းပါ။ ပွေ့ဖက်ပါ။

ဘဝကို သိပ်အကောင်းမမြင်ပါနဲ့။ ကျွန်မတို့ဟာ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာကို ကြိုမသိနိုင်ကြပါဘူး။


မွန်ဟော်စီ

၂၀၂၂


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page