top of page
Search

ဆိုရှယ်မီဒီယာပေါ်က စိတ်ဖိစီးမှုနဲ့ အာရုံအကြမ်းစားတွေနောက်မှ ရုန်းထွက်ရန် နည်းလမ်းများ

  • Mar 11
  • 1 min read


Burmese text on a light background with decorative elements like a pink ribbon and green leaves. The name "Mon Halsey" is at the bottom.

အာရုံအကြမ်းစားတွေရဲ့ ပွတ်တိုက်မှုကလည်း ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းကိုများတယ်။သတိမထားမိတော့ မသိဘူး။ သတိလေးထားလိုက်ရင် အတော်ပူလောင်တာကို သိသိသာသာတွေ့ရတယ်။လူပြောများနေတဲ့အကြောင်းတစ်ခုကို လုံး၀မသိချင်ဘူးလို့ ပြောရင်တော့ ညာရာကျလိမ့်မယ်။


ဒါပေမဲ့ နည်းနည်းလောက် သိလိုက်ရရင် ဆက်မသိချင်တော့ဘူး။ စိတ်ကို ဖြတ်ချပစ်လိုက်တော့တယ်။ပထမတော့ တစ်ယောက်ယောက်ကိုမေးလိုက်သေးတယ်။ နည်းနည်း သိလိုက်ရင် "ဟိုး..ရပြီ..သိသွားပြီ.." ဆက်သိနေဖို့ ကြည့်နေဖို့မလိုတော့ပြီ။ ဘာပြီး ဘာလာမယ်၊ ဘယ်သူက ဘယ်လိုဆိုတာကို သိနေပြီပဲ။

အဆုံးထိကြည့်လိုက် မြင်လိုက်၊ ကြားလိုက်၊ ဖတ်လိုက်ရတဲ့အခါ ကိုယ့်စိတ်နဲ့မတိုက်ဆိုင်ရင် အပူတွေ ဟပ်တယ်။တုံ့ပြန်ချင်စိတ်တွေကို စေ့စော်ပြီးသားဖြစ်သွားတယ်။


အရင်တုန်းကတော့ လတ်တလောဖြစ်နေတဲ့ဖြစ်ရပ်တွေ Current Event တွေအပေါ် ကိုယ်လည်း တစ်ခုခုဝင်ပြောလိုက် ရေးလိုက်ရမှ စိတ်အဆာပြေတယ်။


ကိုယ်နဲ့သဘောတူတဲ့သူတွေဆီက လက်ခုပ်သံတွေကြားရရင်ပျော်တယ်။ ကိုယ်ကြိုက်တာနဲ့ သူကြိုက်တာ တူနေရင် နှစ်ထောင်းအားရဖြစ်မိတယ်။


ကိုယ့်ကို အသိအမှတ်ပြုတဲ့သူတွေ ပေါ်လာတဲ့အခါ ငါ့အတွေးတွေက တန်ဖိုးရှိလေခြင်း၊ လူရာ၀င်လေခြင်းရယ်လို့ စိတ်က သာယာမှန်းမသိ သာယာလာမိတယ်။ အဲဒီအခါ ပိုပြီးသာယာချင်လာတယ်။ ထပ်ပြီး သာယာချင်လာတယ်။ အဲတော့ အဲဒီသာယာမှုနောက်ကို တစ်ခါလိုက်မိပြန်တယ်။


ဒီလိုနဲ့ပဲ အာရုံအကြမ်းစားတွေရဲ့ဆွဲခေါ်မှုနောက်ကို တရွတ်ဆွဲပြီးပါသွားတယ်။ လုံး၀ ရုန်းမထွက်နိုင်တော့ဘူး။

ခုတော့ စဉ်းစားမိပါတယ်။ ဒီလောကကြီးထဲမှာ ကိုယ့်အတွေးအမြင်ဆိုတာ ဘယ်လောက်များ အရေးပါနေလို့လဲ။


ကိုယ်၀င်မပြောလည်း သူ့သဘောနဲ့သူ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကိုယ်ပါလိုက်ရမှလို့ လုပ်နေတာမျိုးဟာ ရယ်စရာကောင်းမှန်းသိလာတယ်။ ကိုယ်ဟာ ဘာကောင်မှမဟုတ်တာ သိလာတာပဲ။ကိုယ်ဘယ်သူလဲဆိုတာ သူများတွေ အရမ်းကြီးသိဖို့မလိုပါဘူး။ သူများကိုလည်း သိဖို့ သိပ်မလိုပြန်ဘူးရယ်။


ကိုယ်သွားနေတဲ့လမ်းကြောင်း ကိုယ်ယုံကြည်ရာကို ကိုယ်တိုင်သိနေရင်ပဲ လုံလောက်ပြီ။

ဖြစ်နေသမျှတွေထိုင်ကြည့်ပြီး သုံးသပ်ချက်တွေ ထင်မြင်ယူဆချက်တွေရေးဖို့ဆိုတာ နည်းနည်းတော့ ပျင်းစရာကောင်းလာသလိုပဲ။ အရင်ကတော့ အဲဒါမျိုးတွေ ရေးရတာ ဖဲ့ရတာ ပျော်တယ်။ ဘာအကြောင်းကို ဘယ်လိုရေးရင် Like တွေ Share တွေ ဘယ်လောက်ရမယ်ဆိုတာ သိတယ်။ သို့သော် ဒါတွေ သိပ်မလိုတော့ဘူးထင်မိတယ်။


ကိုယ့်ကို တိုက်ခိုက်နေတဲ့သူကို ပြန်တိုက်ခိုက်နေဖို့လည်းမလိုဘူး။ ဘယ်သူ့မှာမှ အကျိုးမရှိတဲ့ကိစ္စ ဘာလို့ အချိန်ကုန်ခံပြီးလုပ်နေမှာလဲ။သူ့အရှိန်နဲ့သူ လွှတ်ထားလိုက်ရုံသာရှိတာပဲ။ အရှိန်ကုန်ရင် ရပ်သွားလိမ့်မယ်။ အရှိန်မကုန်နိုင်ဘဲ ကိုယ့်ကို တစ်သက်လုံး မုန်းနေမှာပဲဆိုရင်လည်း ဒါဟာ သူ့ပြဿနာသာဖြစ်တယ်လေ။ ကိုယ်နဲ့တော့ သိပ်မဆိုင်ဘူးရယ်။


ဝေဖန်တာ၊ ကဲ့ရဲ့တာ၊ လှောင်ပြောင်တာ၊ အပြစ်တင်နေတာတွေကို လိုက်ပါခံစားဖြေရှင်းပြနေဖို့လည်းမလိုဘူး။ အလကား Energy တွေ ကုန်သွားတာပဲရှိမယ်။ ကိုယ့်အကြောင်းက ကိုယ်ပဲသိတယ်။


တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတာတွေထဲမှာ ပြန်မရနိုင်တာ စွမ်းအင်နဲ့ အချိန် နှစ်ခုပဲရှိတယ်။ဒီနှစ်ခုက အကျိုးမရှိဘဲ ကုန်သွားတယ်ဆိုရင် သိပ်နှမျောဖို့ကောင်းတယ်။ သိပ်ကိုရှားပါးတဲ့အဖိုးတန်ရေကို ဘာကောင်းကျိုးအတွက်မှ မသုံးဘဲ ဒီအတိုင်း ဒလဟော ဖွင့်ချထားလိုက်သလိုပဲ။


ဒီစွမ်းအင်တွေ အချိန်တွေကို သုံးပြီး ကိုယ်ချစ်တဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေလိုက်မယ်။ သိပ်ကို ထိုက်တန်တယ်။ သူတို့နဲ့ နေရတာဟာ ဘယ်နေ့ နောက်ဆုံးလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ဒီစွမ်းအင်တွေ အချိန်တွေကို အသုံးပြုပြီး စိတ်ကို တည်ငြိမ်အောင် အားထုတ်မယ်။ စိတ်ကိုသိနေအောင်လုပ်မယ်။ နေရာတကာ ဝင်ပါနေဖို့ ဝင်ပြောနေဖို့ မလိုတော့ဘူး။


နေ့စဉ်ဘ၀မှာ မပါမဖြစ်ပါနေရတဲ့ မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စတွေနဲ့တင် မောပန်းလွန်းလှပါပြီနော်။


ဒီစွမ်းအင်တွေ အချိန်တွေကို အသုံးပြုပြီး ကိုယ့်စိတ်ဝိဥာဉ်ကို ရှင်သန်အားဖြည့်စေမဲ့အရာလေးတွေလုပ်မယ်။

စာတွေဖတ်မယ်၊ စာတွေရေးမယ်၊ အသစ်အသစ်တွေကို သင်ယူမယ်။ လေ့ကျင့်မယ်။


ကုသိုလ်လုပ်တဲ့နေရာမှာ အကောင်းဆုံး အတွေးတွေ ခွန်အားတွေ ထည့်မယ်။ အချိန်ပေးပြီးလုပ်မယ်။ အကုသိုလ်ဖြစ်စေတဲ့အရာတွေကို လျော့ချပစ်လိုက်မယ်။


မွန်ဟော်စီ

၂၀၁၉


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page