တာဝန်ယူတတ်မှုနှင့် မိသားစုအပေါ် ဆောင်ရွက်မှု၏ အနန္တတန်ဖိုး
- Mar 10
- 1 min read

ကျွန်မတို့အမျိုးထဲမှာ အဖေနဲ့ဦးလေးက အသက်၄၅နှစ်အရွယ်မှာ ကွယ်လွန်သွားကြတယ်။ ဦးလေးကအရင်ကွယ်လွန်တယ်။ နောက် ၁နှစ်၂နှစ်ကျတော့အဖေက ကွယ်လွန်တယ်။ သူတို့နှစ်ယောက်စလုံး ကွယ်လွန်တဲ့အချိန်မှာ ၄၅နှစ်ဆိုတဲ့အရွယ်ကောင်းတွေပါပဲ။
ကျွန်မဦးလေးက အင်မတန်တော်တဲ့သူဖြစ်ပါတယ်။ မိသားစုကို ကောင်းကောင်းမွန်မွန်ထားနိုင်တယ်။ လုပ်ကိုင်ရှာဖွေကျွေးမွေးနိုင်တယ်။ သူဆုံးတော့လည်းဘယ်သူ့ကိုမှ ဒုက္ခမပေးရဘဲ ရုတ်တရက် ကောက်ခါငင်ကာကြီး ဆုံးသွားတာပါပဲ။ ဒါကြောင့် ကျန်ခဲ့တဲ့မိသားစုက ဖြေမဆယ်နိုင်ဖြစ်ကြရတယ်။ အထူးသဖြင့် ကောင်းတဲ့၊တော်တဲ့ဖခင်တစ်ယောက် ခင်ပွန်းတစ်ယောက်ဆိုတော့ သူ့ရဲ့ ကွယ်လွန်သွားခဲ့ခြင်းကတော့ တကယ်ကိုဝမ်းနည်းစရာပါပဲ။
ကျန်ခဲ့တဲ့ဇနီးက ငိုရင်းပြောတာ မှတ်မိနေပါတယ်။ သူက မိသားစုအပေါ် အင်မတန်တာဝန်ကျေတဲ့ ယောက်ျားတစ်ယောက်။ ဒါကြောင့်မို့လို့ ဒီလိုယောက်ျားမျိုးကို သိကြားမင်းကတောင် ကန်တော့တယ်ဆိုတဲ့စကားဖြစ်ပါတယ်။ အဲဒီတုန်းက အရွယ်ငယ်ငယ်ဆိုတော့ အဲဒီစကားရဲ့အဓိပ္ပာယ်ကို နားမလည်ဘူး။ဒါပေမယ့် ထူးဆန်းတဲ့စကားဆိုပြီးတော့ ရင်ထဲမှာမှတ်မိနေပါတယ်။
ကျွန်မအဖေကတော့ ချစ်စရာကောင်းသလောက် ပျော်ပျော်နေတတ်သလောက် မိသားစုအပေါ်မှာ ဒုက္ခပေးခဲ့တာတွေရှိပါတယ်။ အဓိကကတော့ အရက်ပေါ့။ အရက်ကြောင့်ပဲ ပြဿနာတွေအများကြီးတက်ခဲ့တယ်။ သူကိုယ်တိုင်လည်းထိခိုက်ခဲ့တယ်။ သူ့မိသားစုကလည်း သိမ်ငယ်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်မကအဖေ့ကို အင်မတန်ချစ်ခဲ့ပေမယ့် အဖေက ကျွန်မလိုချင်တဲ့အဖေမျိုးတော့မဟုတ်ဘူး။
ကွယ်လွန်တဲ့အချိန်အထိလည်း မိသားစုက သူ့အတွက် ပူရပင်ရစိုးရိမ်ရ ကြောင့်ကြရနဲ့ တကယ်ကိုအပူတောထဲမှာနေခဲ့ရတာပါပဲ။ ဒီလိုမိသားစုထဲမှာ သမီးကြီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီခံစားချက်တွေအကုန်လုံးကို နားလည်ခဲ့ပါတယ်။ ကျွန်မအဖေဆုံးသွားတော့ ကျန်ခဲ့တဲ့အမေက ပြောတယ်။ ဘဝဆက်တိုင်းဆက်တိုင်းမှာ မိသားစုကို မသိမ်ငယ်ရအောင် ကျွေးမွေးစောင့်ရှောက်ပေးနိုင်တဲ့ တာဝန်ကျေတဲ့ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်လို့ဆိုပါတယ်။
အရွယ်ကောင်း ယောက်ျားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်။ အမျိုးသမီးနှစ်ယောက်က ကျန်ရစ်ခဲ့ကြတယ်။ တစ်ယောက်ကမိသားစုအပေါ် တာဝန်ကျေတဲ့တစ်ယောက်ဖြစ်တယ်။ နောက်တစ်ယောက်ကတော့ မိသားစုအပေါ်မှာ တာဝန်မကျေတဲ့ယောက်ျားဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်ခွာသွားကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျန်ရစ်တဲ့အမျိုးသမီးတွေရဲ့ရင်ထဲမှာ ဘယ်လိုအတွေးတွေရှိလဲ။ ဘယ်လိုဆန္ဒပြုမှုတွေရှိသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
တစ်ရက်ကတော့ သားမယားအပေါ် တာဝန်ကျေပွန်တဲ့လင်ယောက်ျားကို သိကြားမင်းကတောင်ကန်တော့တယ်ဆိုတဲ့ အကြောင်းလေး သေချာ ဖတ်လိုက်ရတယ်။ လူပုဂ္ဂိုလ်ကိုကန်တော့တာမဟုတ်ဘဲတာဝန်ယူတတ်တယ်ဆိုတဲ့ ဂုဏ်ကျေးဇူးကို ကန်တော့တာပါ။ အသိအမှတ်ပြုတာပါလို့ သိရပါတယ်။ အဲတော့မှ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ အဒေါ်ရဲ့စကားကိုလည်း သဘောပေါက်မိပါတော့တယ်။
သားမယားကို ချီးမြှင့်ထောက်ပံ့ခြင်းသည် မြတ်သောမင်္ဂလာမည်၏လို့ ၃၈ဖြာမင်္ဂလာထဲမှာတော့ ဆိုတယ်။
မယားဆိုတဲ့စကားလုံးပါတဲ့အတွက်ကြောင့် ဒီမင်္ဂလာဟာ အမျိုးသားတွေကိုအထူးပြုထားတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ တကယ်တော့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် လောကမှာ မိသားစုကိုစောင့်ရှောက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေရှိပါတယ်။ အမျိုးသမီးတွေထဲမှာဆိုရင်လည်း မိသားစုထဲမှာ အိမ်ခေါင်မိုးတစ်ခုလို အုပ်မိုးပေးထားတဲ့အမျိုးသမီးတွေ၊ ကြက်မကြီးလို ဝပ်ထားပေးတဲ့အမျိုးသမီးတွေ ၊အစ်မကြီးတွေ၊ အဒေါ်ကြီးတွေ ၊အမေကြီးတွေ၊အဖွားတွေ အစရှိသဖြင့် အများကြီးရှိတယ်ဆိုတာကိုတော့ ဒီနေရာမှာထည့်ပြောချင်ပါတယ်။
တာဝန်ဆိုတာကလည်း ယူနိုင်တဲ့သူ ယူတဲ့သူဆီမှာပဲ ရှိတာပါ။ တာဝန်မယူနိုင်တဲ့သူဆီမှာ တာဝန်မရှိပါဘူး။ ဒါကြောင့် ကိုယ့်မှာ တာဝန်တွေအများကြီးရှိတယ်..၊ ကြည့်ရှုစောင့်ရှောက်ရမယ်..၊ ပေးကမ်းလှူဒါန်းရမယ်ဆိုရင် ဒီလိုတာဝန်တွေကိုဂုဏ်ယူစွာနဲ့ယူလိုက်ရမှာပဲဖြစ်ပါတယ်။ ကျွန်မကတော့ မိသားစုထဲမှာအဲဒီလိုစိတ်မျိုးထားပါတယ်။
အမျိုးသမီးပဲဖြစ်စေ ၊အမျိုးသားပဲဖြစ်စေ ကိုယ်ယူရမယ့်တာဝန်ကို အပြည့်အဝယူပေးတယ်..၊ ကိုယ့်မိသားစုကို စောင့်ရှောက်ပေးတယ်ဆိုတာက ကြီးမြတ်တဲ့မင်္ဂလာတရားပဲဖြစ်ပါတယ်။ ကိုယ်ကသစ်ပင်ကြီးတစ်ပင်လို အရိပ်ပေးနိုင်တယ်။ ကိုယ့်အပေါ်မှာမှီခိုနိုင်ကြဖို့ ကြိုးစားအားထုတ်မှုတွေလုပ်တယ်ဆိုတာက ကောင်းမွန်တဲ့ရည်ရွယ်ချက် Good Intention နဲ့သွားနေတယ်လို့ပြောရမှာပါ။ ဒီလိုရည်ရွယ်ချက်မျိုးပါနေတဲ့အတွက်ကြောင့် ကုသိုလ်လည်း ဖြစ်နေတာ အမှန်ပါပဲ။ လူတိုင်းက တာဝန်ယူတတ်တဲ့စိတ်ရှိတယ်ဆိုရင် ဘယ်နေရာမှမဆို ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာမှာပဲဖြစ်ပါတယ်။
လူ့လောကထဲကိုရောက်လာပြီး ဘာတာဝန်မှလည်းမရှိ၊ မသိ၊ မယူတတ်ဘဲ ထွက်ခွာသွားတာထက်စာရင် လုပ်ရမယ့်တာဝန်တွေအကုန်လုံး ကြည်ကြည်ဖြူဖြူပြည့်ပြည့်ဝဝ လုပ်ဆောင်ပြီး ခေါင်းချသွားတာက ဘဝမှာ မင်္ဂလာတရားနဲ့အညီ နေထိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
ကြွေးသစ်ချကာ သားနှင့်မယားကို မြှောက်စားချီးမြှင့်ဝတ်ကုန်စေ။
မွန်ဟော်စီ
၂၀၂၅