top of page
Search

တချို့သောနေ့ရက်တွေမှာ အချိန်တွေကပြေးနေသလိုခံစားရတယ်

  • Jun 28, 2024
  • 1 min read


လုပ်စရာတွေ လုပ်ချင်တာတွေအများကြီးရှိနေပြီး အချိန်မလောက်တော့သလို ခံစားရတယ်။ ဒီနေ့ တနင်္လာနေ့ပဲရှိသေးတယ်။ သိပ်မကြာခင်မှာပဲ သောကြာနေ့ဖြစ်သွားပြန်တယ်။ နှစ်သစ်တစ်ခုအတွက် Resolution ကိုရေးလို့မပြီးသေးဘူး။ နှစ်ဆုံးအတွက် Resolution ရေးဖို့အချိန်ကို ပြန်ရောက်ဖို့နီးလာပြန်တယ်။


ကိုယ်ချစ်ရတဲ့သူတစ်ယောက် ကွယ်လွန်သွားတာ၊ မနှစ်တုန်းက ကိုယ့်ရဲ့အမှတ်တရမွေးနေ့လေးကို ကျင်းပခဲ့တာ၊ သူငယ်ချင်းတွေနဲ့ ခရီးအတူသွားခဲ့တာ..။ ဒီလိုအချိန်တွေ ဒီလိုနေ့ရက်တွေဟာ ပြန်စဉ်းစားရင် မနေ့တစ်နေ့ကလိုပဲ။

သေချာတာကတော့ ကမ္ဘာဟာ လျင်မြန်တဲ့အရှိန်အဟုန်နဲ့ လည်ပတ်နေတာပဲဖြစ်ပါတယ်။ လူတွေဟာ အသက်ရှင်နေတဲ့ နေ့တိုင်း၊လတိုင်းနှစ်တိုင်းမှာ အောင်မြင်မှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ချမ်းသာကြွယ်ဝမှုတွေကို ရှာဖွေနေကြတာပါပဲ။ ဒီအရာတွေဟာ ပျော်ရွှင်မှုနဲ့ ထပ်တူကျရဲ့လားဆိုတာ မေးစရာဖြစ်ပါတယ်။


အောင်မြင်ကျော်ကြားတဲ့သူတိုင်းဟာ တကယ်ပျော်ရွှင်ရဲ့လား။ အရမ်းချမ်းသာတဲ့သူတွေဟာ ပျော်ရွှင်မှုအစစ်အမှန်ကိုရကြသလား။ အသက်အရှည်ကြီးနေရတဲ့သူတွေဟာ အပျော်ရွှင်ဆုံးလူသားတွေဖြစ်ကြသလား။ ပစ္စည်းအသစ်တွေ

ပေါ်တိုင်းဝယ်နိုင်တဲ့သူတွေဟာ ပျော်ရွှင်တဲ့သူတွေဖြစ်ကြသလား။


ဒီလိုအရာတွေကို ဘဝရဲ့ပျော်ရွှင်ခြင်းအစစ်အမှန်လို့ယူဆမိတယ်ဆိုရင် ဒီအရာတွေနောက်ကို ဆက်လိုက်ဖို့ အမြဲတမ်းကြိုးစားနေရဦးမှာပဲဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မရောက်သေးဘူး.. ကိုယ်လိုချင်တာတွေမရသေးဘူး ဆိုရင် မကျေနပ်မှုတွေဟာ အဆက်မပြတ်ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။


တကယ်တမ်းမှာ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ မိမိတို့ရှိပြီးသားအရာတွေအတွက် ကျေးဇူးတင်တတ်ခြင်းပဲဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ နေ့တစ်နေ့တာအတွက် ကျေးဇူးတင်တဲ့စိတ်ထားကို မွေးမြူတဲ့အခါမှာ အချိန်တိုင်းမှာရှိတဲ့ ကောင်းချီး Blessings လေးတွေကို စပြီးသတိထားမိလာတတ်ကြပါတယ်။


နေရောင်ချည်ရဲ့နွေးထွေးမှု၊ ချစ်သူရဲ့ရယ်မောပျော်ရွှင်မှု၊ မိမိနေထိုင်တဲ့အိမ်ကလေးရဲ့ သက်သောင့်သက်သာရှိမှု၊ ရိုးရှင်းတဲ့နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေဟာ လေးနက်တဲ့ပျော်ရွှင်မှုရဲ့အရင်းအမြစ်တွေဖြစ်လာပါတယ်။ ကျေးဇူးတင်တတ်တဲ့စိတ်ဟာ လူတွေရဲ့အမြင်ကိုပြောင်းလဲစေပြီး မရှိဘူးဆိုတဲ့အရာတွေထက် ရှိနေတဲ့အရာတွေကို အကျယ်ချဲ့ပြီးမြင်တတ်ဖို့ကူညီပေးပါတယ်။


ပျော်ရွှင်မှုဆိုတာကို ကျေးဇူးတရားမှာရှာဖွေပါ။

Finding happiness in gratitude.

ကျေးဇူးတင်တတ်တဲ့စိတ်ဟာ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာတောင် ခံနိုင်ရည်စွမ်းအားကို တိုးပွားစေပါတယ်။ ခက်ခဲတဲ့အချိန်မှာ ကိုယ်ရရှိခဲ့တဲ့ ပံ့ပိုးကူညီမှုတွေ၊ သင်ခန်းစာတွေ၊ ခွန်အားတွေ ဒီလိုအရာတွေကိုကျေးဇူးတင်လိုက်ခြင်းဟာ အပြုသဘောဆောင်တဲ့အမြင်နဲ့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့ ကူညီပေးပါတယ်။


ကျေးဇူးတရားသိတတ်ခြင်းအတွက် မှတ်တမ်းစာအုပ်ကလေးထားရှိပါ။ ကျေးဇူးတင်ရတဲ့အရာတွေကိုနေ့စဉ်ရေးမှတ်ပါ။ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ကျေးဇူးတင်တဲ့ကြောင်း ဖော်ပြပါ။ သူတို့ရဲ့ကျေးဇူးတရားတွေကို တွေးတောခံစားပါ။


ကိုယ့်ရဲ့ဘဝမှာရှိတဲ့ ကောင်းမွန်တဲ့အရာတွေအတွက် နေ့တိုင်း အချိန်အနည်းငယ်ပေးပြီး စဉ်းစားသုံးသပ်ပါ။ အလေ့အကျင့်တစ်ခုလိုဖြစ်လာတဲ့အခါမှာ အဲဒီကျေးဇူးတရားတွေက ပျော်ရွှင်ခြင်းတွေကို ဆောင်ကျဉ်းပေးလာနိုင်မှာဖြစ်ပါတယ်။ ချို့တဲ့နေတဲ့စိတ်ကို ကြွယ်ဝနေတဲ့စိတ်အဖြစ် ပြောင်းလဲပေးနိုင်တာဟာ ကျေးဇူးတင်တတ်ခြင်းပဲဖြစ်ပါတယ်။


Happiness doesn’t mean having it all. It means recognizing the value of what we have, cherishing the moments, and being thankful for the present.


ပျော်ရွှင်မှုဆိုတာ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အကောင်းဆုံးဆိုတဲ့ အရာအားလုံးကို ပိုင်ဆိုင်ဖို့ မဆိုလိုဘူးဆိုတာ သတိရပါ။ ကိုယ့်မှာရှိနေပြီးသားအရာတွေကို သိမြင်ပြီး အဲဒီအရာတွေရဲ့တန်ဖိုးကို အသိအမှတ်ပြုကာ အသက်ရှူနေတဲ့ ပစ္စုပ္ပန်အခိုက်အတန့်တိုင်းကို မြတ်နိုးတန်ဖိုးထားတာက ပျော်ရွှင်ခြင်းပဲဖြစ်ပါတယ်။


လျင်မြန်တဲ့အရှိန်အဟုန်နဲ့ ကုန်ဆုံးသွားနိုင်တဲ့ ဘဝတွေထဲမှာ ကျေးဇူးတရားကို ဆုပ်ကိုင်ထားခြင်း နဲ့ ပိုပြီးလေးနက်တဲ့ပျော်ရွှင်မှုနဲ့အတူ ရောင့်ရဲမှုတွေကို ခံစားတတ်ဖို့ လိုအပ်ပါတယ်။ အားလုံးဟာ ပျော်ရွှင်ခြင်းနဲ့ထိုက်တန်ပါတယ်။


ကျေးဇူးတရားဟာ ပျော်ရွှင်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်သင့်ပါတယ်။ ကျေးဇူးတင်တတ်တဲ့စိတ်ကြောင့် ကိုယ့်ဘဝရဲ့အတွေးအမြင်တွေဘယ်လိုပြောင်းလဲသွားစေနိုင်သလဲဆိုတာကို စောင့်ကြည့်စေချင်ပါတယ်။


မွန်ဟော်စီ

၂၀၂၄ June


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page