ငွေကြေးစီးဆင်းမှုနှင့် The Flow Principle – Abundance ကိုဖန်တီးဖို့နည်းလမ်း
- Mar 17
- 1 min read

အလုပ်လုပ်ဖို့အတွက် ငွေ လိုအပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကို အဆင်ပြေသွားအောင် ကူညီပေးလိုက်တာမျိုး လုပ်ဖူးပါလား။
ကိုယ်ပေးလိုက်တာကြောင့်သူ့အတွက်လိုအပ်နေတာရသွားပြီ။ သူအလုပ်လုပ်နိုင်ပြီ။ သူပိုက်ဆံရပြီ။ သူလိုအပ်တာလေးတွေ သူ့အတွက်ဝယ်နိုင်ပြီ အဲဒီအခါမှာ သူကတစ်ဆင့်ပြန်ပြီး ပေးချေမှုတွေပြုလုပ်လိုက်တဲ့လူတွေ သူ့ငွေကိုလက်ခံရရှိတဲ့သူတွေကလည်း ငွေကိုတစ်ဆင့်ပြန်လည်လက်ခံတယ်။ တစ်ဆင့်ပြန်လည်သုံးစွဲတယ် အစရှိသဖြင့် စီးဆင်းသွားတဲ့ငွေကြေးစီးကြောင်းတစ်ခုကို စိတ်ထဲမှာပုံဖော်တွေးမိရင် ဝမ်းသာစရာပါပဲ။
ဒါကို Flow Principle လို့ခေါ်ပါတယ်။ Oxford ဆရာတော်ကြီးကတော့ မေတ္တာစက်ဝန်း၊ ကျေးဇူးတရားကွင်းဆက် Chain of Gratitude လို့ပြောပါတယ်။ တစ်ယောက်ကျေးဇူး တစ်ယောက် ချိတ်ဆက်နေတယ်။ တစ်ယောက်မေတ္တာကလည်း တစ်ယောက်ပေါ်မှာ သက်ရောက်မှုရှိတယ်။ ဒီလိုသဘောပါပဲ။
Flow Principle မှာပိုက်ဆံဆိုတာ တစ်နေရာမှာ ငြိမ်နေအောင်ထားရမယ့်အရာမဟုတ်ဘူး။ သူက ပျံ့နှံ့ဖို့၊ စီးဆင်းဖို့လိုအပ်တဲ့ အားကောင်းတဲ့ စွမ်းအင် Flow Energy တစ်ခုပါ။ မြစ်ရေအနေနဲ့မြင်မယ်ဆိုရင် မြစ်ရေဟာ စီးဆင်းနေမှသာ သန့်စင်နေမှာဖြစ်ပါတယ်။ ဒီလိုပဲ ပိုက်ဆံဟာလည်း အမြဲလှုပ်ရှားစီးဆင်းနေမှသာ တန်ဖိုးတိုးပွားပြီး ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။
Flow Principle က ငွေကို ဆုပ်ကိုင်ထားမနေဘဲ သေသေချာချာသုံးစွဲဖို့၊ ရောက်ရှိသင့်တဲ့နေရာ ရောက်ရှိသင့်တဲ့သူတွေဆီ ရောက်ရှိပျံ့နှံ့စေဖို့၊ ရည်ရွယ်ချက် မှန်ကန်စွာ အသုံးပြုဖို့ သင်ကြားပေးတယ်။
ငွေကို စွမ်းအင်အဖြစ်မြင်ကြည့်ပါ။
တကယ်တော့ ငွေကြေးဆိုတာ စွမ်းအင် Energy ပဲဖြစ်ပါတယ်။ အင်မတန်မှ အဆင့်မြင့်မားတဲ့ High Vibrational Frequency ရှိပါတယ်။
စွမ်းအင်ဆိုတာ မပျောက်ပျက်နိုင်ဘူး။ ဒါပေမယ့် ပုံစံတစ်ခုက တစ်ခုကို ပြောင်းလဲနိုင်တယ်။ အသွင်ပြောင်းနိုင်တယ်။ စွမ်းအင်ဖြစ်တဲ့ ငွေဟာလည်း တစ်စုံတစ်ယောက်ရဲ့ အကျိုးပြုမှုတစ်ခုအဖြစ် စတင်ပြီး နောက်ထပ်တစ်ယောက်ဆီ စီးဆင်းသွားတဲ့ အလှည့်ကျလှုပ်ရှားမှု ဖြစ်ပါတယ်။
ငွေကို စွမ်းအင်လိုမြင်နိုင်တဲ့အခါ ငွေဟာ အင်မတန်ကိုမှ ရှားပါးတဲ့အဖိုးတန်ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတဲ့အမြင်ကနေ အသစ်..အသစ် မတူညီသောပုံစံတွေအဖြစ် ပေါက်ဖွားကြီးပြင်းလာတတ်တဲ့ ၊တိုးတက်လာတတ်တဲ့ စီးဆင်းမှုတစ်ခု Flow Energy တစ်ခုဖြစ် မြင်လာမှာဖြစ်ပါတယ်။
ငွေရဲ့စီးဆင်းမှုသဘောကို နားလည်တဲ့အခါ ငွေသုံးစွဲရမှာကြောက်တဲ့ အကြောက်တရားကိုလက်လွှတ်နိုင်လာပါလိမ့်မယ်။ Nature Cycle ဆိုတဲ့ သဘာဝတရားထဲမှာ လက်ခံရယူတာ ပါတယ်ဆိုရင် စွန့်လွှတ်ပေးကမ်းခြင်းလည်း ရှိနေတယ်ဆိုတာကို ယုံကြည်ရမှာဖြစ်ပါတယ်။ ရယူခြင်း၊ သုံးစွဲခြင်း၊ သိမ်းဆည်းခြင်း၊ လှူဒါန်းခြင်းတွေဟာ သဘာဝဖြစ်စဥ်တွေပါပဲ။
အင်းအိုင်၊ချောင်းမြောင်း၊မြစ်ချောင်းတစ်ခုဟာ စီးဆင်းမနေဘဲ အမှိုက်သရိုက်တွေနဲ့ ပိတ်မိနေတယ်ဆိုရင် ပုတ်စော်နံလာမှာဖြစ်ပါတယ်။ ရေစီးဆင်းနေတဲ့အခါမှာ ပိုပြီးတော့ အားကောင်းတဲ့ မြေဆီမြေဩဇာနဲ့ ရေသတ္တဝါ၊ ကုန်းသတ္တဝါ၊ သစ်ပင်တွေအတွက် ပေါက်ဖွားရှင်သန်နိုင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ငွေဟာ လှုပ်ရှားစီးဆင်းနေမှသာ တန်ဖိုးရှိလာမယ်။ ကိုယ်က ငွေကို စပြီးသုံးတဲ့အခါ ကိုယ်နဲ့ ဆက်စပ်မှုရှိသူတွေမှာပါ အကျိုးကျေးဇူးရှိနိုင်ပါလိမ့်မယ်။
ငွေဟာ အမြဲတမ်းငြိမ်နေဖို့မလိုဘူး။ စီးဆင်းနေရမယ်။ စီးဆင်းမှုတစ်ခုဖြစ်တယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ ကြောက်ရွံ့မှုတွေကို လွှတ်ချတာ၊ သဒ္ဓါတရားထက်သန်စွာ ပေးကမ်းလှူဒါန်းတာ၊ ကိုယ့်ရဲ့ရင်ထဲက ရည်ရွယ်ချက်အတိုင်း ကိုက်ညီစွာနေထိုင်တာ အဲဒီလိုပုံစံနဲ့ Abundance ကို ကိုယ့်ကိုယ်ကိုယ်သာမကဘဲ အများသူငှာအတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်။
ကိုယ်ကပေးလေ ပိုပြီးပြန်ရလေပါပဲ။ ပိတ်မိနေတာက ရှားပါးမှုကိုဖြစ်နိုင်တယ်။ ဆုပ်ကိုင်ထားလေ တိုးတက်နိုင်တဲ့ အလားအလာ Potential လျော့နည်းလေပဲဖြစ်တယ်။ကိုယ့်ရဲ့ Financial Choices တွေက ကိုယ်နဲ့ဆက်စပ်နေတဲ့လူတွေ၊ပတ်ဝန်းကျင်တွေအပေါ်မှာ အကုန်သက်ရောက်မှုရှိပါတယ်။ ငွေကိုလှုပ်ရှားနေတဲ့ Energy in Motion လို့ယူဆလေ ပိုပြီးလွတ်မြောက်လေ ၊ Abundance နဲ့ ချိတ်ဆက်မိလေပါပဲ။
ဒါကြောင့်ငွေကို စီးဆင်းနေတဲ့ စွမ်းအင်တစ်ခုအဖြစ် မြင်လိုက်ပါ။ စီးဆင်းခွင့်ပေးလိုက်ပါ။
Let it flow!
မွန်ဟော်စီ
၂၀၂၅