Inner Critic – ကိုယ့်စိတ်ထဲက ဝေဖန်ရေးသားသူကို နားလည်ခြင်းနှင့် အနိုင်ယူနည်း
- Mar 12
- 1 min read

တစ်ခါတလေကျတော့ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပြစ်တင်ပြောဆိုနေတတ်ကြတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်လှတယ်လို့သိပ်မရှိပါဘူး။ ပျော်ရွှင်တယ်လို့လည်း မခံစားရပါဘူး။
တချို့လူတွေရဲ့ Inner Critic စိတ်အတွင်းမှာရှိနေတဲ့ဝေဖန်ရေးဆရာဟာ အင်မတန်မှဆိုးတာကိုတွေ့ရပါတယ်။ ဒါကြောင့် စကားတွေအများကြီးပြောပြီး တချိန်လုံး ဝေဖန်ပြစ်တင်နေတဲ့ Inner Critic ကို အမုန်းတရားတွေပြည့်နေတဲ့ မကောင်း ဆိုးဝါးတစ်ကောင် Hateful Monster ရယ်လို့ပြောဆိုတတ်ကြပါတယ်။
သူက ဘယ်မှာနေလဲဆိုရင် ကျွန်မတို့တွေရဲ့ဦးနှောက်ထဲမှာနေထိုင်ပါတယ်။ ပြီးရင် သူက ဒီဦးနှောက်ထဲကို အမှိုက်တွေ ဘယ်ချိန်မှာ ဘယ်လိုပစ်သွင်းရမလဲဆိုတဲ့ အခွင့်အရေးကို စောင့်မျှော်နေတတ်ပါတယ်။
ကျွန်မတို့ အဝတ်အထည်အသစ်တခုကို အစမ်းဝတ်ကြည့်နေတဲ့အချိန်မှာ၊ တစ်ယောက်ယောက်နဲ့ မပြေမလည်ဖြစ်နေတဲ့အချိန်မှာ Inner Critic ဆိုတဲ့ ဒီဝေဖန် ရေးဆရာကြီးက ကျွန်မတို့ရဲ့စိတ်နှလုံးကို အပိုင်းပိုင်းအစစ ပျက်စီးကြေမွသွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ မုန်းစိတ်တွေ၊ ယှဥ်ပြိုင်လိုစိတ်တွေ၊ ဝမ်နည်းအားငယ်စိတ်တွေ ပေါ်လာအောင် အမျိုးမျိုး လုပ်တတ်ပါတယ်။ဒါကြောင့် သူ့ကိုအနိုင်မပေးပါနဲ့။
သူ့ကိုအနိုင်ရချင်တယ်ဆိုရင် အပြုသဘောဆောင်တဲ့ Positive Self Talk ကိုယ့်ကိုယ်ကိုယ်စကားပြောပေးတာမျိုးကို လုပ်ပေးရပါမယ်။အဓိကသိထားဖို့ကတော့ Inner Critic ပြောနေသလောက် ကျွန်မတို့ရဲ့ဘဝတွေ အခြေအနေတွေဟာ ဆိုးရွားမနေဘူးဆိုတာပါပဲ။
သူက ကျွန်မတို့ကို တန်ဖိုးမရှိတဲ့သူတွေ ဘယ်တော့မှမအောင်မြင်တဲ့သူတွေလို့ ပြောလိမ့်မယ်။ သူ့ကိုအနိုင်ပေးလိုက်ရင် သူအသံတွေက ပိုပြီးကျယ်လောင်လာတတ်တယ်။ အဲဒီအခါမှာ သူ့ကိုလျစ်လျူရှုထားဖို့ Ignore လုပ်ဖို့ကပိုပြီးခက်ခဲသွားတတ်ပါတယ်။
တစ်ခန်းလုံးမှာရှိနေတဲ့သူတွေက ကျွန်မတို့ကိုချစ်ခင်ကြင်နာပါတယ်ဆိုရင်တောင်မှ သူတစ်ယောက်တည်းကပြောနေတဲ့ Negative Thoughts အဆိုးမြင်အတွေးတွေကို လျစ်လျူရှုဖို့ကသိပ်ကိုခဲယဥ်းလာတတ်ပါတယ်။ တစ်ခါတလေကျ သူကပြောလိုက်ပြီဆိုရင်ပဲ ကျွန်မတို့က ဘာမှသိပ်မစဉ်းစားဘဲ စိတ်ညစ်သွားတတ်ကြတယ်။ အဲဒီအခါမှာတစ်နေ့လုံး ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုမလုပ်ဘဲ ထိုင်နေလိုက်တာမျိုးဟာ ကိုယ့်ရဲ့ယုံကြည်ချက်တွေ တက်ကြွနိုးကြားတဲ့စိတ်တွေ Confidence and Motivation ကို လွှင့်ပစ်လိုက်ဖို့အတွက် သူ့ကိုအခွင့်အရေး ပေးလိုက်တာနဲ့တူတူပါပဲ။
တကယ်တော့ သူ့ကိုကျွန်မတို့စိတ်ထဲအထိ ဝင်မလာနိုင်အောင် တားဆီးနိုင်ဖို့က စိတ်မှာအမြဲသတိရှိနေရမယ်။ သူပြောနေတာတွေအကုန်လုံးဟာ တစ်ခုမှမဟုတ်ပါဘူး။
တကယ်တော့ ကျွန်မတို့ဟာလှပါတယ်။
Everyone is beautiful because everyone is unique.
တကယ်တော့ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့အလှတစ်မျိုးစီရှိကြတာချည်းပါပဲ။
စိတ်ပျော်ရွှင်ဖို့အတွက် ဝိတ်လျှော့နေစရာမလိုပါဘူး။ ကျန်းမာရေးအတွက် ဝိတ်လျှော့ဖို့လိုတယ်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမဲ့ ပိန်နေမှပျော်မယ်ဆိုတာကတော့ သိပ်မဟုတ်ပါဘူး။
Happiness comes when you are comfortable in your own skin.
အင်္ကျီဆိုက်အသေးစားလေးတွေကိုဝတ်ဖို့ အမြဲတမ်း လိုက်ရှာနေမိမယ်ဆိုရင် ပျော်ရွှင်မှုတွေဟာ နှောင့်နှေးသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ဒီလောက်ဆိုရပြီ I'm ok. I'm good enough လို့ ကိုယ့်ကိုယ်ကိုယ်ပြောတတ်ဖို့လိုပါတယ်။
ကျွန်မတို့ဟာ ကောင်းမွန်တဲ့အရာတွေကိုခံစားဖို့ ထိုက်တန်စွာမွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။ ကျွန်မတို့မှာက မကောင်းတဲ့ အတိတ်က အရိပ်ဆိုးတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ အတိတ်ကမကောင်းတဲ့အရာတွေကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်သွားဖို့ move on လုပ်ဖို့ကိုပဲစဉ်းစားရမှာပါ။ ကောင်းမွန်တဲ့အရာတွေကို ရှေ့ဆက်ပြီး ခံစားဖို့ ဘာဖြစ်လို့မထိုက်တန်ရမှာလဲ။
ကျွန်မတို့နဲ့အပေါင်းအသင်းမလုပ်ဘူးဆိုတဲ့သူတွေဟာ မှားယွင်းတဲ့ရွေးချယ်မှုကို ပြုလုပ်လိုက်တာပါပဲ။
Those who reject you will soon be mistaken.
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ သူတို့ထင်ထားသလိုမဟုတ်ဘူးဆိုတာကို တစ်ချိန်မှာ ကောင်းမွန်စွာသက်သေပြနိုင်မယ့်သူတွေဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ ဒီလူတွေက ကိုယ်နဲ့မပေါင်းဘူးဆိုပေမဲ့လည်း နောက်ထပ်သူငယ်ချင်းအသစ်တွေကရှိလာဦးမှာပါပဲ။
မနက်ဖြန်ဟာ ကျွန်မတို့အတွက်ပိုကောင်းနေမှာပါ။ဒီနေ့တစ်နေ့ဟာ အရမ်းဆိုးရွားခဲ့တယ်ဆိုတာကို လက်ခံရပါမယ်။ ဒါပေမဲ့ မနက်ဖြန်ရှိသေးတဲ့အတွက် ဒီနေ့ထက်တော့မဆိုးရွားနိုင်ပါဘူးလို့ တွေးနိုင်ခွင့်ရှိပါတယ်။
တစ်ခါတလေကျတော့ ဆိုးရွားတဲ့ခံစားမှုတွေဟာ ညဘက်ကိုကောင်းကောင်းကလေးအိပ်လိုက်တာနဲ့တင် ကျေပျောက်သွားတာမျိုးလည်းရှိတယ် မဟုတ်လား။
အရာအားလုံးဟာ အမြဲဆိုးနေတယ်ဆိုတာမရှိပါဘူး။
Inner Critic ကတော့ သင် ဘာပဲလုပ်လုပ်လုပ် လုပ်သမျှဟာဆိုးနေတယ်၊ အဆင်မပြေဘူးလို့ပဲပြောမှာပါ။
ဘဝမှာ မတော်တဆ ကျရှုံးခဲ့ရတာတွေအတွက် အရှုံးမပေးလိုက်ပါနဲ့။
ကျွန်မတို့ကအကြိမ်ပေါင်းများစွာ ပြန်လည်ကြိုးစားခွင့်ရှိနေတာပါပဲ။
ကစားဝိုင်းတစ်ခုထဲကထွက်သွားတယ်ဆိုတဲ့သူတွေဟာ တကယ်တမ်းမှာ လုံးဝကျရှုံးသွားတာမဟုတ်ဘဲ ကြိုးစားမှုကိုရပ်တန့်လိုက်တဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။ ဒါကြောင့် Don't stop trying ကြိုးစားမှုတွေကိုမရပ်တန့်လိုက်ပါနဲ့။
ကိုယ့်ကိုမကောင်းတာပဲ ပြောနေတဲ့၊ စိတ်ရှုပ်အောင် စိတ်အားလျှော့သွားအောင် ပြောနေတဲ့ ဝေဖန်ရေးသမားကို သူပြောတာတွေ မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုပါတယ်။ကျွန်မတို့ကိုချစ်တဲ့သူတွေအများကြီးရှိပါသေးတယ်။ တကယ်ကို အများကြီးရှိပါတယ်။
စဉ်းစားကြည့်ရအောင် ကိုယ်မရှိလို့ သူ့ဘဝကြီးပျောက်ဆုံးသွားရမတတ် ကိုယ့်ကိုလိုအပ်စွာ ချစ်ခင်ကြတဲ့သူတွေရှိပါတယ်။ အဲဒီအထဲမှာ ခွေးကလေးတွေ ကြောင်ကလေးတွေကိုလည်းထည့်တွက်လိုက်ပါ။ ကိုယ့်ကိုသူတို့က ဘယ်တော့မှ လက်လျှော့လိုက်ပြီဆိုတာမျိုး မရှိပါဘူး။ ဒီအကြောင်းတစ်ချက်တည်းနဲ့တင် ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ် လက်မလျှော့လိုက်သင့်ပါဘူး။ NEVER GIVE UP!
အဆိုးမြင်တတ်တဲ့ ကျွန်မတို့ရဲ့စိတ်အတွင်းက Inner Critic ကို အနိုင်ယူလိုက်ကြပါစို့။
မွန်ဟော်စီ
၂၀၂၀