top of page
Search

နွေးထွေးမှုတွေဟာ ပြန်လည်ပြောင်းလဲသွားတဲ့အခါ… ခွင့်လွှတ်ခြင်းနဲ့ စိတ်အားဖြည့်ခြင်း

  • Feb 1
  • 1 min read

Updated: Feb 19


Green leaves on branches surround Burmese text on a soft sky background. The name "Mon Halsey" is at the bottom in green.


ဒါပေမဲ့ အဲဒီချစ်သူက လမ်းခွဲသွားတယ်။ အိပ်မက်ကလေးကလည်း တစ်စစီကျိူးပြတ်သွားတယ်။


ဆက်ပြီးတော့ ဆုပ်ကိုင်ခွင့်မရှိတော့တဲ့လက်တွေမှာ နွေးထွေးမှုတွေပျောက်ကွယ်သွားတာ သဘာဝပဲဖြစ်ပါတယ်။ ခရီးသွားရင်းနဲ့ ရိုက်ထားတဲ့ဓာတ်ပုံလှလှလေးတွေ အမှတ်တရကျန်ရစ်ခဲ့မယ်။ ပေးခဲ့ဖူးတဲ့လက်ဆောင်လေးတွေ အမှတ်တရကျန်ရစ်ခဲ့မယ်။ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တိုင်းမှာ ရေစက်အတူချခဲ့ဖူးတယ်။ ဒါတွေက အတိတ်ကအချိန်တစ်ခုမှာ သူနဲ့အတူ ရှိနေခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ ဖြစ်ပါလိမ့်မယ်။


လမ်းခွဲသွားကြတဲ့ချစ်သူတွေဟာ ဘဝလမ်းခရီးမှာ ဖြတ်သန်းခဲ့ရတဲ့ မိုင်တိုင်လေးတွေပဲဖြစ်ပါတယ်။ ကိုယ့်ကို ထပ်တွေ့စရာအကြောင်းမရှိတော့ဘူးလို့ ဆိုလာတဲ့အခါ၊ သူနဲ့ပတ်သက်တာမှန်သမျှ ဘာမှဝင်မပါပါနဲ့လို့ ပြောလာတဲ့အခါ နာကျင်ခံစားရမှာပဲဖြစ်ပါတယ်။


တစ်ခါတလေမှာ လူတွေဟာ ဘဝထဲကို ပုံစံမျိုးစုံ အကြောင်းမျိုးစုံနဲ့ ဝင်လာတတ်ကြပြီး သူတို့ကိစ္စပြီးပြီဆိုရင် သူ့အလိုလို ပြန်ထွက်သွားတတ်ကြပါတယ်။ ဒါကို ရေစက်ကုန်သွားပြီလို့လည်း ပြောကြတယ်။

နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့သူတွေလည်း လုံးဝမထင်မှတ်တဲ့အချိန်မှာ လမ်းခွဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အရာရာဟာ ပြောင်းလဲနိုင်တယ်။ လူ့ရဲ့စိတ်တွေကလည်း အပါအဝင်ပဲဖြစ်ပါတယ်။


ကိုယ့်အတွက်မနွေးထွေးတော့တဲ့ လက်တစ်စုံကို ဆက်လက်ဆုပ်ကိုင်ထားတာထက် လက်လွှတ်ပေးလိုက်တာက နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းပါတယ်။သူဟာကိုယ့်အတွက်မှ မဟုတ်တော့တာ သေချာပါတယ်။


သူတောင် အချစ်သစ်ကို တွေ့နိုင်သေးတယ်ဆိုရင် ကိုယ်ကလည်း ကိုယ်နဲ့တကယ်ကိုက်ညီတဲ့ နောက်ထပ်နွေးထွေးတဲ့ နှလုံးသားတစ်စုံနဲ့ ဆုံစည်းနိုင်ပါသေးတယ်။


အချိန်တွေဟာ အင်မတန် အကုန်လွယ်နေတဲ့အခါမှာ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ဖြစ်နေတဲ့ စွဲလမ်းနေမှုမျိုးကလည်း ရပ်တန့်သင့်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဘဝဆိုတာက အလိုက်သင့် စီးမျောနေခြင်းလည်းဖြစ်ပါတယ်။ Go with the flow ပါပဲ။ သူမရှိတော့ဘူးဆိုရင်လည်း Move On လုပ်သွားရမှာပဲဖြစ်ပါတယ်။


မရနိုင်တော့တာ မဖြစ်နိုင်တော့တာကို တမ်းတမ်းစွဲ ဆက်ပြီးတမ်းတနေမဲ့အစား ရနိုင်တဲ့သူဆီက ချစ်ခြင်းမေတ္တာကို လက်ခံရပါမယ်။ တစ်ခါပြန်ပြီးချစ်တတ်ဖို့ သင်ယူရပါမယ်။


အချစ်ကြောင့် နာကျင်နေခဲ့ရတဲ့ နှလုံးသားလေးကို ပြန်ပြီးကုစားဖို့က ချစ်ခြင်းမေတ္တာပဲရှိတာဖြစ်ပါတယ်။ ကိုယ်ရခဲ့တဲ့နာကျင်မှုတွေကြောင့် ကိုယ့်ရဲ့နှလုံးသားကို အပြီးတိုင် တံခါးပိတ် သော့ခတ်ထားဖို့လည်း မလိုပါဘူး။


လမ်းခွဲလိုက်ရတယ်ဆိုကတည်းက ဆက်ပြီးသွားစရာအကြောင်းတွေ မရှိတော့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြဿနာသွားရှာနေရင်လည်း ကိုယ့်ဘက်ကို ပါလာမှာမဟုတ်တော့ပါဘူး။ ရှင်းစရာတွေရှိရင်..ရှင်းပြီး အသာတကြည်လက်လွှတ်ပေးလိုက်တာက အေးချမ်းတဲ့ခွဲခွာခြင်းမျိုး ဖြစ်ပါတယ်။


ချစ်သူမဖြစ်ရတော့ဘူးဆိုရင် မိတ်ဆွေလည်း ဆက်မဖြစ်ချင်တော့ဘူးလို့ တချို့ကဆိုကြတယ်။ All or nothing လို့ အင်္ဂလိပ်လို ပြောကြပါတယ်။ တစ်စုံတစ်ခုကို ပြည့်ပြည့်ဝဝရရင်ရ၊ မရရင် အစိတ်အပိုင်းသေးသေးလေး တစ်ခုမှတောင်မလိုချင်တဲ့သဘောမျိုးဖြစ်ပါတယ်။


တချို့လူတွေမှာတော့ ကွဲကွာသွားတဲ့ ချစ်သူတွေကနေ ခင်မင်ရတဲ့မိတ်ဆွေ၊ တိုင်ပင်ပြောဆိုလို့ရတဲ့ သူငယ်ချင်းတွေလို အခြေအနေမျိုးအထိ သွားနိုင်ကြတာလဲရှိပါတယ်။ Win Win Situation ပါပဲ။

သူအဆင်ပြေပါစေ ဆိုတဲ့စိတ်နဲ့ ကျေနပ်နိုင်သလို ကိုယ်တိုင်လည်း အဆင်ပြေအောင် နေတတ်ဖို့လိုပါတယ်။ သူပျော်ရွှင်ဖို့ လက်လွှတ်ပေးလိုက်တယ်ဆိုတာ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားတာလည်းဖြစ်ပါတယ်။


အဲဒီလို နားလည်ပေးနိုင်မှု.. သဘောထားကြီးနိုင်မှု.. ခွင့်လွှတ်ပေးနိုင်မှုတွေအတွက် ကိုယ့်ရဲ့နှလုံးသားလေးဟာ အမြဲတမ်း သန့်ရှင်းနေပါလိမ့်မယ်။သူ့ကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သလို ထွက်ခွာသွားတဲ့အချိန်မှာ နားလည် ခွင့်ပြုပေးလိုက်တာကကိုယ့်အတွက်လည်း လွတ်မြောက်မှုကို ဖြစ်စေပါတယ်။


ဒါပေမဲ့ ကိုယ့်နှလုံးသားလေးကိုလည်း နာကျင်မှုတွေနဲ့ လောင်မြိုက်နေဖို့မဟုတ်ဘဲ စိုမြလန်းဆန်းလာအောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ တစ်ခါထပ်ချစ်ဖို့ကိုလည်း မကြောက်ပါနဲ့။ဘဝမှာ နောက်ထပ်ချစ်နိုင်တဲ့သူဆိုတာလည်း အကြိမ်ကြိမ် အခါခါထပ်တွေ့နိုင်သေးတာပဲဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၄


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page