top of page
Search

ရင့်ကျက်မှုအတွက် အချိန်ကိုစောင့်နေဖို့ မလိုပါဘူး

  • Mar 21
  • 1 min read

Burmese text on a beige background with decorative curved lines. The name "Mon Halsey" appears at the bottom.
တဖြည်းဖြည်းပြောင်းလဲသွားတဲ့အခြေအနေကို လက်ခံရင်း အကောင်းဘက်ကို ပြောင်းလဲတိုးတက်သွားဖို့ကိုသာ ကျွန်မတို့ကြိုးစားကြရမှာပါ။

ကျွန်မရဲ့ မိတ်ဆွေအစ်မတစ်ယောက်က ပြောဖူးပါတယ်။ သူသာဆိုရင် အသက် ၄၀ မကျော်မချင်း စာမရေးဘူးတဲ့။


အသက် ၄၀ မကျော်ခင် လစ်သွားရင်တော့ ဘာစာမှ မရေးလိုက်ရဘူး ဖြစ်တော့မှာပါပဲလို့ ကျွန်မက နောက်ပြီး ပြောခဲ့ပါသေးတယ်။


တကယ်တော့ သူပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။

သူဆိုလိုတာက အသက်အပိုင်းအခြားအရ လေးဆယ်ကျော်ဆိုတာ ရင့်ကျက်တဲ့အရွယ်ကိုရောက်ပါပြီ။ ဒါကြောင့်မို့လို့ အသက်လေးဆယ်အရွယ်မတိုင်ခင် ရေးလိုက်တဲ့စာတွေမှာ ငယ်စိတ်နဲ့ရေးလိုက်မိတဲ့အတွက် အားနည်းချက်တွေ အမှားတွေပါသွားနိုင်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။


ကျွန်မက ဒီအချက်ကို နားလည်လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင် အရင်တုန်းကရေးခဲ့တဲ့စာတွေကိုပြန်ဖတ်မိတဲ့အခါမှာ ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်က ရေးထားခဲ့သလိုမျိုးတောင် ခံစားရမိလို့ပါပဲ။


တချို့စာတွေကိုဆိုရင် ကျွန်မက ခပ်ရှက်ရှက်နဲ့ပဲ ပြန်ဖျက်ပစ်လိုက်မိတာမျိုးတောင်ရှိပါတယ်။


စိတ်ပျော်အောင်နေတတ်ဖို့ဆိုတဲ့စာအုပ်ကို ကျွန်မက မကြိုက်တော့ဘူးလို့ပြောရတဲ့အကြောင်းဟာ ငယ်စိတ်နဲ့ရေးထားတဲ့အတွက် တချို့စာတွေက အောက်ခြေလွတ်နေသလိုလို ကိုယ်ကိုယ်တိုင်ကပဲအကုန်သိ အကုန်တတ် ဆရာမကြီးလိုလို လေသံတွေကို ခံစားရမိလို့ပဲဖြစ်ပါတယ်။


ငယ်မူငယ်သွေးနဲ့ရေးခဲ့တဲ့စာတွေကို စာဖတ်သူတွေ ချစ်ခင်နှစ်သက်စွာနဲ့နားလည်စွာ အားပေးနေခဲ့ကြတာဝမ်းသာစရာပဲဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်နှစ်သက်အားရမှု သိပ်မရှိခဲ့ပေမဲ့လို့ ကျွန်မက လုပ်ခဲ့မိတဲ့အလုပ်ကလေးတစ်ခုအတွက်တော့ ရိုးသားစွာပဲပျော်ရွှင်နေခဲ့မိပါတယ်။ ဒါဟာ အဓိကလိုရင်းပဲလို့ထင်ပါတယ်။


Oxford ဆရာတော်ပြောသလို ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် မုဒိတာပွားလိုက်တဲ့အခါ သေးသေးလေးတွေကတောင် ဘဝကိုပြည့်လျှမ်းသွားစေတဲ့အထိ အကြီးကြီးတွေ ဖြစ်လာတတ်ပါတယ်။ မြောက်နေတာမဟုတ်ဘဲ ကျေနပ်နှစ်သိမ့်နိုင်ခြင်းပဲ ဖြစ်ပါတယ်။


အဲဒီတုန်းကရေးခဲ့တဲ့စာတွေနဲ့ အခုရေးနေတဲ့စာတွေကိုဖတ်ကြည့်ရင် ကျွန်မရဲ့ရင့်ကျက်မှု ပြောင်းလဲမှုတွေကို စာဖတ်သူတွေ ကိုယ်တိုင်ခံစားမိမှာပါပဲ။


လိုအပ်ချက်ကလေးတွေရှိနေခဲ့တဲ့ စာတွေရေးခဲ့မိတဲ့အတွက် ဘာပြန်လုပ်လို့ရသလဲဆိုရင် ဘာမှလုပ်လို့မရတော့ပါဘူး။ ဖတ်တဲ့သူတွေလည်းဖတ်ပြီးကြပြီပဲ။ ဒါပေမယ့် လုပ်လို့ရတာတစ်ခုကတော့ ပိုပြီးအသိဉာဏ်ရှိတဲ့ ရင့်ကျက်တဲ့ စာတွေရေးဖို့ ဝမ်းစာဖြည့်ဖို့ကို ကြိုးစားရမယ်ဆိုတဲ့အသိဝင်လာတာပါပဲ။ ဒါကတော့ ကျွန်မဟာ ပြောင်းလဲမှုကိုလက်ခံလိုက်တဲ့အတွက်ဖြစ်ပါတယ်။ တကယ်တော့ပြောင်းလဲမှုဆိုတာ သဘာဝရဲ့ နိယာမတွေပဲဖြစ်ပါတယ်။ အရာရာဟာ ပြောင်းလဲနေကြတာပါပဲ။


ကျွန်မအနေနဲ့ အသက်လေးဆယ်မှာ ရေးခဲ့တဲ့စာတွေကို ပိုပြီးအားရကျေနပ်မှုရှိလာတယ်ဆိုတာ ဝန်ခံရမှာပါ။ ဒါပေမဲ့ အသက်ခြောက်ဆယ်အထိနေရလို့ အသက်လေးဆယ်က စာတွေကိုပြန်ဖတ်မိတဲ့အခါ ဟာကွက်တွေ အမှားတွေကို အနည်းနဲ့အများ တွေ့နေရဦးမယ်လို့ထင်ပါတယ်။


အရင်တုန်းကအခြေအနေက အတိတ်မှာ ကျန်ခဲ့တာပါ။ ကျွန်မတို့ဟာ အမြဲတမ်း ပြောင်းလဲနေကြတာပါပဲ။ဘဝရဲ့ရင့်ကျက်တဲ့အချိန်ကိုရောက်မှ စာရေးမယ်ဆိုရင် ဘယ်အချိန်မှာရင့်ကျက်မလဲဆိုတာကို ကျွန်မ မပြောနိုင်ပါဘူး။ ရင့်ကျက်မှုဆိုတာက ဉာဏ်ပညာရဲ့အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်။


တချို့ကိစ္စတွေမှာ ကျွန်မတို့ဟာ အချိန်ကိုစောင့်နေဖို့မလိုအပ်ဘူး။ ခေါင်းကိုက်ပျောက်သွားမှ စိတ်ပျော်ရွှင်မယ်ဆိုရင် သွားနာတဲ့ကိစ္စကလည်း ထပ်ပေါ်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပျော်ရတဲ့စခန်းကို ရောက်တော့မှာမဟုတ်ပါဘူး။ သေးငယ်တဲ့ အရာလေးတွေနဲ့လည်း စိတ်ပျော်နိုင်အောင် နေတတ်ဖို့လိုပါတယ်။

ဒီသဘောအတိုင်းပါပဲ။ အရာအားလုံး ပြည့်စုံသွားမှ အိမ်ထောင်ပြုမယ်ဆိုရင်လည်း ဘယ်သောအခါမှ အိမ်ထေါင်ပြုဖြစ်တော့မှာမဟုတ်ပါဘူး။


ဘယ်အချိန်မှာ ဘယ်လောက်ပြည့်စုံမလဲဆိုတာ ကိုယ့်ရဲ့ တိုင်းတာသတ်မှတ်ချက်တွေအပေါ်မှာပဲ မူတည်ပါတယ်။


အရာအားလုံး မပြည့်စုံသေးတဲ့အခြေအနေလေးတွေရှိနေသေးပေမယ့်လည်း တဖြည်းဖြည်းကြိုးစား ဖြည့်ဆည်းယူမယ်ဆိုတဲ့ စိတ်ကသာလျှင်အဓိကကျပါတယ်။ တဖြည်းဖြည်းပြောင်းလဲသွားတဲ့ အခြေအနေကို လက်ခံရင်း အကောင်းဘက်ကိုပြောင်းလဲတိုးတက်သွားဖို့ကိုသာ ကျွန်မတို့ကြိုးစားကြရမှာပါ။ ကိုယ်ကိုယ်တိုင်တောင် မကြိုက်တဲ့အမှားတွေ အရင်ကလုပ်ခဲ့ဖူးပါတယ်။


ဒါပေမဲ့ ဖြစ်ပြီးသမျှကိုလက်ခံလိုက်ပါတယ်။ အဓိကက ကိုယ်မကြိုက်တာတွေလုပ်ခဲ့မိတဲ့အတွက် ဒီကနေ ဘယ်လိုသင်ခန်းစာတွေရခဲ့သလဲဆိုတာပါပဲ။


ကျွန်မတို့ရင့်ကျက်လာဖို့အတွက် အချိန်ကိုစောင့်နေဖို့မလိုပါဘူး။ ကျွန်မတို့ပျော်ရွှင်ဖို့အတွက်လည်းအချိန်ကိုစောင့်နေဖို့မလိုပါဘူး။


ဘဝမှာ အရာအားလုံးအပြစ်ကင်းစင်တဲ့ အချိန်ကိုရောက်ဖို့အတွက်လည်း စောင့်နေစရာမလိုပါဘူး။

ဘာမှအမှားမရှိအောင် လုပ်ဆောင်ချင်တယ်ဆိုတဲ့စိတ်က ကောင်းမွန်တဲ့စိတ်အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်တော့ ပညာသား မပါသေးပါဘူး။


လွန်ခဲ့တဲ့ငါးနှစ်ကကျွန်မနဲ့ နောက်လာမယ့်ငါးနှစ်မှာတွေ့ရမဲ့ ကျွန်မဟာ ဘယ်လိုမှ တူနိုင်မှာ မဟုတ်ပါဘူး။


ရုပ်တွေမတူနိုင်သလို စိတ်တွေကလည်းပြောင်းလဲသွားနိုင်ပါတယ်။ အခြေအနေတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ရင့်ကျက်မှုတွေလည်းပြောင်းလဲသွားပါတယ်။


ကျွန်မတို့ဟာ ဘဝမှာ ကျေနပ်ပျော်ရွှင်ချင်တယ်ဆိုရင် ဒီအပြောင်းအလဲတွေအကုန်လုံးကို လက်ခံရမှာပဲဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၁


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page