ကြွက်ရဲ့လမ်းခွဲခြင်း: အချစ်နဲ့ အတိတ်ရဲ့ခရီး
- Feb 1
- 1 min read
Updated: Feb 19

ကျွန်မတို့အိမ်မှာ အခုလပိုင်းအတွင်း ကြွက်တွေသောင်းကျန်းနေပါတယ်။ အရင်က ခြံထဲမှာကလွဲလို့ အိမ်ထဲကို ကြွက်မလာပါဘူး။ အခု ကြွက်က မီးဖိုခန်းထဲ ဝင်ဝင်လာတာပါ။
ကြွက်ဆိုတာ အမှိုက်ရှိတဲ့နေရာ၊ ညစ်ပတ်တဲ့နေရာ လာတာပဲလေ။ ဒီတော့ ကျွန်မက အိမ်က ဟင်းချက်တဲ့သူတွေကို ပြဿနာရှာမိပါတော့တယ်။ အမေ့ကိုလည်း အမှိုက်တွေစုပြီး ကြွက်တွေကို ဖိတ်ခေါ်နေ၊ အိမ်ဆောက်ပေးနေတာလားလို့ အပြစ်တင်မိတာပဲ။
ကျွန်မအမေကတော့ အိမ်နီးနားချင်းတွေဆီကိုလည်း ကြွက်တွေလာနေကြတယ်။ရပ်ကွက်ထဲမှာ ခုမှ ကြွက်တွေ သောင်းကျန်းနေတာလို့ ပြန်ပြောပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကြွက်ကလာတာတော့ လာတာပါပဲ။
ကျွန်မကတော့ အိမ်မှာ ကြွက်ရောက်လာတယ်ဆိုကတည်းက သိပ်တော့ဘဝင်မကျပါဘူး။ ကြွက်ရောက်လာတယ်ဆိုတဲ့အဓိပ္ပါယ်က မသန့်ရှင်းမသပ်ရပ်လို့ဆိုတဲ့အဓိပါယ်ပါပဲ။ ဒါပေမယ့် ကြည့်တော့လည်း ညဘက် စားသောက်သိမ်းဆည်းသန့်ရှင်းပြီး မီးဖိုချောင်က စားကြွင်းစားကျန် အနံ့အသက်လည်း မရှိပါဘူး။
ဘာစားစရာရှိလို့ ဒီကြွက်ဆိုတဲ့အကောင်က လာလာနေရတာလဲပေါ့။ သေချာကြည့်တော့ မီးဖိုချောင်ထဲမှာ ထားထားတဲ့ ရနံ့မွှေးဖယောင်းတိုင်လေးကို လာလာပြီးစားနေတာပါ။
ဒီဖယောင်းတိုင်က သေးသေးသွားပြီး တစ်ရက်မှာတော့ ကြွက်သွားရာလေးတွေကိုပါ ဖယောင်းတိုင်နှုတ်ခမ်းပတ်လည်မှာ တွေ့လိုက်ရတာပါ။
မီးဖိုခန်းမှာ အဝတ်ခြောက်စက်လည်းထားတာမို့ အပူထုတ်တဲ့ပိုက်အတွက် နံရံကိုဖောက်ထားရပါတယ်။ အဲဒီကနေ သူကဝင်လာတာပါပဲ။ အဲဒီအပေါက်ကို လူခေါ်ပြီး ရသလောက်ပိတ်လည်း ဝင်လာတာပါပဲ။
ကြွက်မလာတဲ့ဆေးဖျန်းတယ်။ လာတာပါပဲ။ ပရုတ်ဆီသုတ်ထားဆိုလို့ သုတ်တယ်။ လာတာပဲ။
ကြွက်ထောင်ပြီး ပစ်မယ်ဆိုပြီး ကြွက်ထောင်ချောက်လေးဝယ်လာတယ်။ ကိုယ်ကပဲ အသုံးမကျတာလား။ သူကပဲတော်လွန်းတာလားတော့မသိဘူး။ ထောင်ချောက်ထဲကအစာကို ယူစားသွားတယ်။ သူကတော့မိမနေဘူး။
နောက်ဆုံးတော့ ကျွန်မက အဲဒီဖယောင်းတိုင်ကို သူဝင်လာတတ်တဲ့အပေါက်ကလေးမှာ ချထားပေးလိုက်ရပါတယ်။ သဘောကတော့ စားစရာရှိတာစားပြီးပြန်သွား၊ မီးဖိုထဲလျှောက်မွှေမနေစေချင်တဲ့အတွက်ပဲဖြစ်ပါတယ်။
ညရှစ်နာရီ ကိုးနာရီလောက်ဆိုရင် သူဝင်လာတတ်တယ်။ မီးဖိုခန်းထဲကို လူဝင်သွားလိုက်တာနဲ့ သူ့အပေါက်ကနေပြန်ထွက်ဖို့ အပြေးအလွှားလေး သွားတာကိုတွေ့ရတယ်။ ကြွက်စုတ်လိုနှုတ်သီးချွန်လည်း မဟုတ်ဘူး။ မြေကြွက်လိုညစ်ညစ်ပတ်ပတ်ဝဝကြီးလည်းမဟုတ်ဘူး။ သူကခပ်ညိုညိုချစ်စရာလေးပဲ။
သူ့ကိုအမြဲချောင်းနေတာကတော့ ကျွန်မရဲ့ခွေးကလေး Blaze ပါပဲ။ မီးဖိုဖွင့်လိုက်တာနဲ့ သူက အဝတ်ခြောက်စက်နားမှာသွားပြီး ငုတ်တုတ်ထိုင်နေတတ်တယ်။
ကြွက်ရှိနေပြီဆိုရင် သူသိတယ်။ တံခါးကိုဖွင့်ခိုင်းတတ်တယ်။ သူသွားဖမ်းချင်တယ်ပေါ့။ ကျွန်မကလည်းဖွင့်ပေးပါတယ်။ အေး Blaze ဖမ်းရင်လည်းဖမ်းပါစေပေါ့ဆိုတဲ့စေတနာမေတ္တာကြီးနဲ့ပါပဲ။
အိမ်မှာအမြဲလုပ်ကိုင်ပေးနေသူတွေကို တိုင်ပင်တော့ "အစ်မ..ဆေးချလိုက်"လို့ ပြောပါတယ်။ အဲလိုကျတော့လည်း မလုပ်ရက်ပါဘူး။
"ဟာ သူများအသက်ဖျက်ဆီးတဲ့အလုပ်တွေမလုပ်ချင်ဘူး။ ငါကသီလယူထားတာ" လို့ပြောလိုက်ပါသေးတယ်။ ကြွက်ကလေးတစ်ကောင်ကိုတောင်သ-တ်ဖို့ မဝံ့တာလည်း အမှန်ပါပဲ။
ကြွက်ဖမ်းတဲ့အကြောင်းပြောရရင် လွန်ခဲ့လေးငါးခြောက်နှစ်က တစ်ခါ အိမ်ထဲအထိကြွက်ရောက်လာဖူးတယ်။ အခုလာနေကျအကောင်မျိုးလေးပဲ။ သူကတော့မျက်စိလည် လမ်းမှားပြီး အိမ်ထဲရောက်လာတာ၊ အိမ်ထဲမှာ ဟိုနားတွေ့ ဒီနားတွေ့နဲ့လျှောက်သွားနေရော။
ကျွန်မယောက်ျားကလည်း ကြွက်တို့ ပိုးဟပ်တို့ အင်မတန်ကြောက်တဲ့အမျိုးဆိုတော့ ဒီအကောင်ကိုတွေ့တာနဲ့ကမ္ဘာပျက်သလိုပဲ။ ကျွန်မတို့လင်မယားနှစ်ယောက် ကြွက်ကပ်ခွာဝယ်လာပြီး ကြွက်ဖမ်းပွဲကြီးစကြပါတော့တယ်။
ဘာပြောကောင်းမလဲ မနက်မိုးလင်းတော့ ကြွက်က ယက်ကန်ယက်ကန်ဖြစ်လို့ ကျွန်မသူ့မျက်နှာကိုကြည့်ပြီး သနားလိုက်တာ။ အဲဒီအတိုင်းသွားပစ်ရင် သူ့ကိုကျီးကန်းကလည်း အရှင်လတ်လတ်ထိုးဆိတ်စားတော့မှာပါပဲ။
ဒါနဲ့ကြွက်ထောင်တုန်းကထောင်ပြီး အကြင်နာတရားရှိကြတဲ့လင်မယားဟာ ထမင်းစားတူတွေ တုတ်လေးတွေနဲ့ ကြွက်ကိုကပ်ခွာကနေ ခွာတော်မူကြပါတော့တယ်။ ရွှေဉာဏ်တော်တွေအရမ်းစူးရောက်တော့ ကြွက်က လက်တွေခြေတွေ ကျိုးကျေကုန်ပါပြီ။ ကပ်ခွာပေါ်မှာ ပီကေကပ်နေသလို ဘတ်လပိုင်လိုက်နေပြီ။
နောက်ဆုံးတော့ ကြွက်ခွာမှုကြီးအောင်မြင်သွားပါတယ်။ ကြွက်က တုန်တုန်တုန်တုန်လေးတော့ထွက်သွားတယ်။ ဒါပေမယ့် သူ့လက်တွေ ခြေထောက်လေးတွေကတော့ ကွေ့ကောက်ကျိုးကျေကုန်ပါပြီ။ နောက် နှစ်ရက်လောက်ကြာတော့ ခြံထဲမှာ အဲဒီကြွက်ကလေး-ေ--သနေတာတွေ့တယ်။
ဒါကိုကြည့်ပြီး "သြော်..အကုသိုလ်များလိုက်တာ..ဒါတွေကတော့..ရည်ရွယ်ချက်နဲ့ကို လုပ်မိတာမို့..တစ်ချိန်ခံရဦးမှာပဲ"လို့ တွေးလိုက်မိပါတယ်။
အခုတစ်ခေါက် ကြွက်တွေ့တော့ ကြွက်ကပ်ခွာလည်း မလုပ်ဘူး။ ရေမွှေးဖယောင်းတိုင်ကြီးကလည်း တဖြည်းဖြည်း လုံးပါးပါးလာပြီး နေ့စဉ်နဲ့အမျှ ဆြာကြွက်ကို မေတ္တာပို့နေရတာကလည်း အလုပ်တစ်ခု၊ သူ့ကို ယောက်ျားတွေ့သွားမှာလည်းစိုးရိမ်၊ ငရဲကြီးမှာလည်းစိုး၊ သ-'တ်ကလည်းမသ--'တ်ရက်၊ အိမ်ထဲရောက်လာရင်လည်းမလွယ်၊ မီးဖိုထဲက ပန်းကန်ခွက်ယောက်တွေကနေ ရောဂါသယ်ယူပို့ဆောင်ရေးတွေဖြစ်လာရင်လည်း ဒုက္ခ။
မနေ့ကတော့ ညကိုးနာရီလောက်မှာ မီးဖိုတံခါးကိုဖွင့်လိုက်တယ်။ Blaze ဖျတ်ခနဲဝင်သွားတယ်။ ကွိကနဲပဲ ကြွက်ကလေးကိုဖမ်းပြီးယူလာတယ်။ ကျွန်မရှေ့မှာချလိုက်တယ်။ အသက်မရှိတော့ဘူး။
"ဟယ် Blaze ကြွက်လေးကိုဖမ်းလိုက်တာလား။ သနားပါတယ် Blaze ရယ်"
ပြောရင်းစိတ်ထဲကတော့ "အမလေး..အလုံးကြီးကိုကျ"လို့ အမှန်တိုင်းပြောရရင် စိတ်တွေ ချမ်းသာလိုက်တာလေ။
Blaze က Hunting Skill ရှိတယ်..လို့ မှတ်ချက်ချသလိုနဲ့ ချီးကျူးလိုက်သေးတာ။
ဒီနေ့ဘုရားရှိခိုးတော့ သီလဆိုရင်း ကြွက်ကို သတိရသွားတယ်။ သီလကို လက်တစ်လုံးခြားလေး ရှောင်တတ်တဲ့သဘောကိုပါ အံ့သြရင်း ရယ်ချင်မိတယ်။ လူဆိုတဲ့ သတ္တဝါကတော့ တော်သား။
ကိုယ့်သီလကိုယ်စစ်ကြည့်တော့ နှစ်ပါးလောက်ကျန်တော့တာပဲလို့။ ဒီလို လက်တစ်လုံးခြားလေးတွေနဲ့ သီလတွေ ဘယ်နှစ်ခါချိုးဖောက်ခဲ့မိသလဲ စဥ်းစားမိတော့ ကျောချမ်းမိတာလေးပါ။
ငါသည် တော်သည်။ တကယ် ကောင်းဖို့တော့ကြိုးစားရဦးမယ်ပေါ့။
ဘယ်လိုဖြစ်ဖြစ် ဒီနေ့တော့ ကြွက်မလာတော့ဘူးလေ။
မွန်ဟော်စီ
၂၀၂၃