top of page
Search

Iceberg Behavior Theory

Updated: Jan 13, 2023




ကျွန်မက စိတ်တွေကို အင်မတန်စိတ်ဝင်စားတဲ့သူဖြစ်ပါတယ်..


စိတ်တွေအလုပ်လုပ်ပုံ..သိစိတ် မသိစိတ်တွေရဲ့ ဆက်သွယ်ပုံတွေကို Observe လုပ်ရတာ.. လေ့လာရတာ.. စိတ်အကြောင်းတွေ ဖတ်ရတာ..စိတ်ကိုအလေ့အကျင့်လုပ်ရတာမျိုးတွေ..သိပ်ကြိုက်ပါတယ်..


လူတစ်ယောက်ရဲ့ အပြုအမူတွေ..သဘောထားတွေကို သိလိုက်ရတဲ့အခါ.. ကြုံလိုက်တဲ့အခါ.. အရင်တုန်း ကတော့ ကိုယ့်စိတ်နဲ့ တိုက်ဆိုင်ရင်တိုက်ဆိုင်သလို..မတိုက်ဆိုင်ရင်လည်း မတိုက်ဆိုင်သလို..ကြိုက်တယ်.. မကြိုက်ဘူး..လွယ်လွယ်ကူကူ မှတ်ချက်ပေးလိုက်တာပါပဲ..


အခုနောက်ပိုင်းတော့..သူဘာလို့ ဒီလိုတွေးရတာလဲ..ဘာလို့ ဒီလို ခံစားရတာလဲ..ဘာလို့ ဒီလိုပြောရတာလဲ.. လုပ်ရတာလဲ..ဆိုတာကို လိုက်တွေးရင်း အဖြေရှာကြည့်မိတယ်..ကိုယ်ကိုယ်တိုင်လည်း ဒီလို Self-Questioning လုပ်ပြီး မေးခွန်းတွေ မေးတတ်လာပါတယ်..အဖြေတွေ့သွားတဲ့အခါ ရင်ထဲရှင်းပြီး ပျက်နေတဲ့ ပစ္စည်း တစ်ခုကိုပြင်လိုက်ရသလို..နေလို့ကောင်းသွားတယ်


လူတွေမှာ မသိစိတ်က Subconscious Mind က 95% အလုပ်လုပ်နေတယ်သိစိတ်Conscious Mind ကတော့ 5%ပဲရှိတယ် ..(တချို့ကလည်း 90%-10% လို့ပြောကြတယ်.. ဘယ်လိုပဲဖြစ်ဖြစ်.. မသိစိတ်ရဲ့ အလုပ်လုပ်နေပုံက..ပိုပြီး ရာခိုင်နှုန်းများတယ်ဆိုတာကိုနားလည်ရပါမယ်)


ပင်လယ်ထဲမှာမျောနေတဲ့ ရေခဲတုံးကြီးတစ်တုံး Ice bergကြီး ကိုကြည့်ရင်ထိပ်ပိုင်းတွေကိုပဲ ကျွန်မတို့ မြင်ရတတ်တယ်..ကိုယ်က..ထိပ်ပိုင်းလေးပဲတွေ့ရပေမဲ့...ရေခဲတုံးကြီးရဲ့..ရေထဲမြုပ်နေတဲ့..မမြင်ရတဲ့..

အောက်ခြေမှာဘယ်လောက်တောင်မှ..ထုထည်ကြီးမားတဲ့ အစိုင်အခဲကြီး ရှိနေတယ်ဆိုတာကို... ဘယ်သူမှမသိရဘူး ..မမြင်ကြရဘူး..

ကျွန်မတို့ရဲ့သိစိတ်ဆိုတာက..ရေပေါ်မှာတွေ့ရတဲ့ ရေခဲတုံးထိပ်ဖျားကလေးပဲ..မသိစိတ်ကတော့..ဟိုး..

အောက်ခြေထိ ထုထည်ကြီးမားစွာ ရှိနေတတ်ကြတယ်


ဒါကိုကျွန်မတို့ဟာ Iceberg Behavior Theory လို့ခေါ်ပါတယ်..


လူတစ်ယောက်ရဲ့ဘဝမှာ..သူ့ရဲ့..အတွေးအခေါ်တွေ..ဆုံးဖြတ်ချက်တွေ..ပြုမူပြောဆိုပုံတွေ..ရွေးချယ်မှုတွေဟာ..ငယ်ငယ်ကတည်းက..မိဘတွေဆီက..သူငယ်ချင်းတွေဆီက...ဘေးပတ်ဝန်းကျင်ဆီက...သိလာခဲ့ရတဲ့ သင်ယူလာခဲ့ရတဲ့....တွေ့မြင်လာခဲ့ရတဲ့..ကြားလာခဲ့ရတဲ့..သတင်း အချက်အလက်...အတွေ့အကြုံတွေ တွေပေါ်မှာ မူတည်ပါတယ်..


မသိစိတ်ရဲ့ သဘာဝက သူ့ကို များများပြောလေ ထပ်ခါထပ်ခါပြောလေ ပြလေ..ယုံလာလေပဲ.. ကောင်းတာတွေ များများအမိန့်ပေးနေရင်ကောင်းတဲ့ဘက်ကိုပါလာတယ်..မကောင်းတာတွေများများပြောရင် မကောင်းတဲ့ဘက်ကို လိုက်သွားတတ်တယ်..အဲဒီအရာတွေက....ရင်ထဲမှာ..စိမ့်ဝင်စွဲမြဲပြီး Belief ယုံကြည်မှုတွေ ဖြစ်လာကြတယ် ...


အဲဒီယုံကြည်မှုတွေကြောင့်..တန်ဖိုးထားမှုတွေ ..စံနှုန်းတွေ..ကွဲပြားသွားကြတယ်... Valueလို့ခေါ်ပါတယ်.

Value တွေ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး..ငွေကို တန်ဖိုးထားတဲ့သူရှိတယ်..ခင်မင်မှုကို တန်ဖိုးထားတဲ့သူရှိတယ်..


တချို့ကပညာကို..တန်ဖိုးထားတယ်. ..အချိန် ..စိတ်အေးချမ်းမှု..အသိအမှတ်ပြုမှု..စသည်ဖြင့် တန်ဖိုးထားမှုတွေ ကွဲပြားကြတယ်..ဒီ Value တွေကြောင့် အတွေး Thoughts တွေ ဖြစ်လာတယ်..အတွေးတွေကနေ.. စိတ်ခံစားမှု Emotions တွေ ဖြစ်လာတယ်.. အဲဒီ Emotions တွေကနေ.. စရိုက်လက်ခဏာ..ပြုမူပြောဆိုပုံတွေ.. Behavior တွေလည်း ပြောင်းလဲ သွားကြတယ်..


Belief

Value

Thoughts

Emotions


ဆိုတာတွေဟာ..ဘယ်သူမှ မမြင်ရဘူး..ရေခဲတုံးအောက်က အရာတွေပါပဲ..တစ်ခါတလေ ကိုယ်ကိုယ်တိုင်တောင်မှ သေချာမသိ..သတိမထားမိဘဲ မသိစိတ်ထဲမှာ စူးနစ်ဝင်နေကြတာမျိုး ရှိတတ်တယ်..ဘယ်လောက်ကြီးကျယ်နေမှန်း မပြောနိုင်ကြဘူး..


ကျွန်မတို့ကလူတစ်ယောက်ကိုတွေ့တယ်ဆိုရင်သူ့ရဲ့အပြင်ပန်းက ပြောဆိုပြုမူ တဲ့ စရိုက်လက္ခဏာ Behavior တွေကိုပဲတွေ့ကြရတာ ဖြစ်ပါတယ် ..ဥပမာအားဖြင့် လူတစ်ယောက်က..ချမ်းသာပါလျက်နဲ့.. စေးနည်းတယ်ဆိုရင်ဘာဖြစ်လို့ဒီလိုဖြစ်ရသလဲဆိုတဲ့အကြောင်းက သူ့မသိစိတ်ထဲမှာ ရှိနေပါတယ်.. ရေခဲတုံးရဲ့.. အောက်ခြေမှာ ရှိနေပါတယ် ..


ငယ်တုန်းကအဖွားကပြောတယ်...ပိုက်ဆံတွေသိပ်မသုံးနဲ့..ဆင်းရဲလိမ့်မယ်..မိဘတွေဘယ်လောက်ပင်ပန်းတကြီးရှာဖွေရတယ်...တွေ့တယ်မလား ..ပိုက်ဆံဆိုတာ...အလကားရတာမဟုတ်ဘူး စသည်ဖြင့် တွေ့မြင်ခဲ့ရတယ်.. ကြားနာခဲ့ရတယ်...ဆုံးမသွန်သင်ခံ...ပြောဆိုခံခဲ့ရတယ်...


ဒါကြောင့် သူ့မှာဘယ်လောက်ကြီးပဲချမ်းသာကြွယ်ဝနေပါစေ ..ပိုက်ဆံကို မသုံးရဲ..မသုံးရက်ဘူး မသုံးချင်ဘူး... သူ့ရဲ့တန်ဖိုးထားမှု Value ကလည်းငွေကြေးဖြစ်လာတယ်... ပိုက်ဆံသုံးလိုက်ရပြီဆို မပျော်ဘူး.ဒါကြောင့်ပိုက်ဆံပေးလိုက်..သုံးရမယ်ဆိုရင်နှမြောတတ်တဲ့သူ..သူဖြစ်လာတယ်..တစ်ဖက်မှာကျတော့ ပိုက်ဆံလည်းရှာနိုင်တယ်..ပိုက်ဆံလည်းရှိတယ်...ဒါပေမယ့် မသုံးရက်..မစွဲရက်ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ်လည်းမကျေနပ်ဘူးဖြစ်နေတယ်..


ဒါမျိုး စိတ်ပိုင်းဆိုင်ရာ ပြသနာတွေဟာ...လူတိုင်းမှာ အနည်းနဲ့အများရှိနေတတ်ကြတယ်..(ကျွန်မမှာ အဲဒါမျိုး Issue ရှိခဲ့ဖူးပါတယ်..Lack Mentality ပေါ့.. အခွင့်သင့်ရင် ဆက်ရေးပြပါဦးမယ်)


ဒီလို Issues တွေအတွက်က...ဟိုအောက်ခြေထိဆင်းကြည့် လိုက်တဲ့အခါ.... Process လုပ်ကြည့်လိုက် တဲ့အခါ အကြောင်းအရင်းအမြစ်ကို တွေ့ရမှာ ဖြစ်ပါတယ် ..တချို့ အမျိုးသားတွေ မိန်းမကို ရိုက်တတ်တယ်..

တချို့ အရိုက်ခံနေရတဲ့ အမျိုးသမီးတွေ..ဒီလိုပဲ ကျိတ်ခံနေတတ်ကြတယ်..တချို့ ဘယ်သူနဲ့မှ Relationship လုပ်လို့မရဘူး..တချို့ဘယ်သူနဲ့မှ..မိတ်ဆွေ အပေါင်းအသင်းလုပ်လို့မရဘူး....


တချို့ အလုပ်တစ်နေရာတည်း မှာ ခပ်ကြာကြာနေလို့မရဘူး..တချို့ကကိုယ့်ထက် အသက်အများကြီး..ကြီးတဲ့လူတွေကို သဘောကျတယ်.. တချို့လူတွေက သိပ်ပျော်တတ် ကြတယ်..တချို့လူတွေအမြဲ အလိုမကျ ညည်းညူနေတတ်ကြတယ်.. စသည်ဖြင့် မတူကွဲပြားတဲ့.. အမူအကျင့်တွေ ..စရိုက်လက္ခဏာတွေဟာ..အတိတ်က ပုံသွင်း Program လုပ်ထားခံခဲ့ရတဲ့..မသိစိတ်နဲ့ အများကြီး သက်ဆိုင်ပါတယ်..Subconscious Programming ကို နားလည်ဖို့လိုပါတယ်.. သိစိတ်နဲ့ မသိစိတ်ကို..ဆက်စပ်ပြီးအလုပ်လုပ်တတ်ဖို့...အလုပ်လုပ်ခိုင်းဖို့လိုပါတယ်..


ဒီလို Process လုပ်ဖို့..ကုစားနိုင်ဖို့က..နံပါတ်တစ်..Mindful ဖြစ်နေဖို့.. သတိရှိနေဖို့..လိုအပ်ပါတယ် သတိရှိနေတဲ့အခါ..မသိစိတ်ရဲ့ တွေးတောပုံတွေ..ခံယူပုံ (Perception)တွေကို..သိလာတယ်..ဒါတွေကို..

Recognition အသိအမှတ်ပြုရမယ်..ကိုယ့်ကိုကိုယ် ဆန်းစစ်ရမယ် မေးခွန်းတွေမေးရမယ်..


အသစ်ပြောင်းချင်တယ်ဆိုရင် မလိုအပ်တာတွေကို စွန့်ပစ်နိုင်ရမယ်..စွန့်ပစ်ရဲရပါမယ်..အဲတော့မှ..Reinstall, Refresh, Reprogram ပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်.မသိစိတ်ထဲက မလိုချင်.. မလိုအပ်တော့တဲ့.. အတွေးအခေါ် အဟောင်းတွေကို.. Delete လုပ်... ဖယ်ထုတ်ပစ်လိုက်ပြီး စိတ်ကို အတွေးအမြင်အသစ်တွေနဲ့ ပြောင်းလဲ..Reprogram ပြန်လုပ်..ပြန်တည်ဆောက်တဲ့သဘောပါပဲ..


ရေခဲတုံးအောက်ခြေမှာ ရှိတဲ့ အရာမှန်သမျှဟာ Negative မကောင်းတာတွေချည်းပဲလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး..တချို့ ဘဝမှာ အောင်မြင် ပျော်ရွှင်နေတဲ့ လူကြီးတွေ..ကလေးတွေရဲ့ စိတ်ကိုလည်း ဒီလို Iceberg Theory နဲ့ ချိန်ထိုး ကြည့်နိုင်တာပါပဲ..


ဒီစာစုမှာတော့..Trauma စိတ်ဒဏ်ရာတွေနဲ့ပတ်သက်တဲ့..အပိုင်းကို ဦးစားပေး ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်..သေးတဲ့ ဒဏ်ရာလေးတွေဆို ကိုယ့်ဘာသာကုပါ..အောက်ခြေအထိဆင်းကြည့်ပါ..

ကြီးတဲ့ဒဏ်ရာတွေအတွက်ကတော့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ..


ကျွန်မကိုယ်တိုင် ဒီလို ပညာရှင်တစ်ယောက်ဖြစ်လာမလားဆိုတာကတော့..တစ်ချိန်မှာ အဖြေပေါ်လာမယ် ထင်ပါတယ်..ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အဖြေရှာနေရတုန်းပါပဲ..


မွန်ဟော်စီ

၂၀၂၁ ဒီဇင်ဘာ


#မနက်စာအာဟာရ



15 views0 comments

Comments


bottom of page