top of page
Search

အကြွေး

Updated: Mar 15, 2023

တစ်ခါက အမျိုးသမီးတစ်ယောက်ဆီကပစ္စည်းတစ်ခုဝယ်ပါတယ်.. သူကလည်း..ကိုယ်ပို့ချင်တဲ့နေရာကို

ပို့ပေးနိုင်တယ်ဆိုတာနဲ့သူ့ဆီကမှာယူခဲ့တာပါပဲ

ဒါပေမဲ့..ပြသနာက..သူကပိုက်ဆံကို အလျင်စလိုလွှဲပေးဖို့ စိတ်ထဲမှာမထားနဲ့လို့ချည်းပြောနေတာပါ..

ဒီဟာကတစ်ပတ်..ဆယ်ရက်ကြာသွားပါတယ်.. တကယ်တော့..လွှဲပေးရမယ်အကောင့်ကလေးကိုဓါတ်ပုံရိုက်ပြီးပို့လာရင် ပြီးနေတာကို နေ့ရွှေ့ညရွှေ့တွေလုပ်နေတော့ပိုက်ဆံပေးရမယ့်..သူကပဲ..တောင်း တောင်းပန်ပန်နဲ့ ပိုက်ဆံပေးဖို့အရေးစိတ်များနေရတာမျိုးဖြစ်ပါတယ်..

သူနဲ့ချိတ်ဆက်ပေးတဲ့ကျွန်မသူငယ်ချင်းကတော့ပြောပါတယ်..သူကသူဌေးတဲ့.. ကျွန်မကလည်းပြန်ပြောလိုက်ပါတယ်. တို့ကသူဌေးတော့မဟုတ်ပေမဲ့..ပေးစရာရှိတဲ့ပိုက်ဆံကို မြန်မြန်ပဲ

ပေးလိုက်ချင်တယ်..ဘာဖြစ်လို့လဲဆိုတော့ခေါင်းကြိမ်းတယ်လေ ...မတော်တဆများ..သည်ပိုက်ဆံမပေးလိုက်ရဘဲ..သေသွားခဲ့လို့ရှိရင်..နေရင်းထိုင်ရင်းသူ့ဆီမှာ အကြွေးကျန်သွားအုံးမယ်လို့ပြောဖြစ်ခဲ့ရပါသေးတယ်..

ဒါမျိုးတွေက ဖြစ်တတ်တာမျိုးတွေပါ..


တချို့လည်းသိကြမယ်လို့ထင်ပါတယ်..ကျွန်မဟာလက်မှုပညာ လုပ်ရတာလည်းဝါသနာပါသူ.. ကျွမ်းကျင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်..တချိန်က လက်မှုပစ္စည်းလေးတွေလုပ်ခဲ့သလို..ပြပွဲတွေလည်းလုပ်ခဲ့ဖူးပါတယ်...


ကိုယ်ချစ်တဲ့..ခင်တဲ့သူတွေကို Customised လက်ဆောင်တွေ..ဘာတွေပေးချင်တဲ့သူတွေက လက်မှုပညာပစ္စည်းတွေကိုတန်ဖိုးထားပြီး order မှာယူကြပါတယ်


တစ်ခါတော့ ကျွန်မရဲ့မိတ်ဆွေတစ်ယောက်ရဲ့မိတ်ဆွေ အမျိုးသမီးတစ်ယောက်နဲ့ Facebook ပေါ်မှာပဲအသိမိတ်ဆွေတွေဖြစ်သွားပြီသူကကျွန်မရဲ့လက်မှုပစ္စည်းလေးတွေကို စိတ်ဝင်စားတဲ့အတွက်ကြောင့်...မှာယူခဲ့ပါတယ်..သို့သော်လည်း ဘယ်ဟာ..ဘယ်လောက်ကျသလဲဆိုတာကို ဈေးမေးမြန်းစုံစမ်းခြင်းမရှိခဲ့ပါဘူး..


ကျွန်မစိတ်ထဲမှာလည်း..မိတ်ဆွေရဲ့..မိတ်ဆွေဆိုတဲ့အသိကရှိတဲ့အပြင် ပိုက်ဆံစကားပြောဖို့လည်း နှုတ်မရဲတတ်တဲ့သူမို့ ..သူ့ကို..ဘာကဘယ်လောက်ကျတယ်ဆိုတာမျိုးမပြောဘဲနဲ့သူမှာသမျှကိုသာ ကျေနပ်စွာလုပ်ပေးခဲ့ပါတယ်


ဒီပစ္စည်းတွေကိုကျွန်မကိုယ်တိုင်..သူ့အိမ်ကိုသွားပို့ခဲ့ပြီး နောက်တစ်နေ့မှာကျွန်မကနိုင်ငံရပ်ခြားခရီးရှည်ထွက်ဖို့ရှိနေတယ်..ဘယ်လောက်ကျလဲ..

သူကလည်းမမေးခဲ့... ကိုယ်ကလည်း ပြောဖို့အားနာနဲ့.... စိတ်ထဲမှာလည်း..ကိုယ်ပြန်လာတဲ့အခါကျတော့မှ ရမှာပေါ့လို့ပဲ တွေးထားခဲ့ပါတယ်..ကျွန်မ..ဒီငွေရဖို့အတွက်လည်း အလျင်စလို ရှိမနေခဲ့ပါဘူး..


Facebook မှာအတူရှိနေခဲ့ပေမယ့်သူနဲ့ကျွန်မနဲ့ကလုံးဝအဆက်သွယ်မရှိတော့ပါဘူး.. ကျွန်မပြန်ရောက်လာပေမယ့် သူကလည်း ပစ္စည်းဖိုးတွေပေးဖို့..လုံးဝစကားစ..မလာခဲ့ပါဘူး ..မပေးနိုင်တဲ့သူလည်း မဟုတ်တဲ့အတွက်...

မေ့နေတာလည်းဖြစ်နိုင်ပါတယ် ပြောဖို့အလုပ်များနေတာလည်းဖြစ်နိုင်ပါတယ် ..ဒီလိုနဲ့နှစ်တွေတောင်ကြာသွားပါတယ်..


သူ့အိမ်ရှေ့ကဖြတ်တဲ့အခါတိုင်းကျွန်မက ဒီပိုက်ဆံကိစ္စကိုသတိရနေတတ်ပါတယ်.. ပိုက်ဆံကဘယ်လောက်မှများတဲ့ ပမာဏတော့မဟုတ်ပါဘူး.. အလွန်ဆုံးရှိလေး..ငါးသောင်းလောက်ပါပဲ.. လက်ဆောင်ပေးရမယ်ဆိုရင်လည်းကျွန်မကလက်ဆောင်ပေးနိုင်တဲ့ပမာဏပါပဲ..


ဒါပေမဲ့...ကျွန်မစိတ်ထဲမှာ..မပေးလည်းနေပါစေတော့လို့ စိတ်

မပြတ်သလို..တောင်းလည်း မတောင်းချင်တာကြောင့် ဒီတိုင်းပဲ နေလာခဲ့ပါတယ်..ခုနေ လာပေးရင်တော့ ယူမယ်လို့ ပြောမိမှာ ဖြစ်တဲ့အထိ စိတ်မပြတ်တာပါ..


ဒါပေမဲ့..ရောင်းပါတယ်လို့ပြောတဲ့ပစ္စည်းတစ်ခုကို ငွေပေးပါမယ်ဆိုတဲ့အနေနဲ့မှာယူပြီးတော့မှ ပိုက်ဆံတစ်ပြားမှ ရမလာတာ..ပိုက်ဆံ အကြောင်းလည်း

လုံးဝမပြောလာခဲ့တာကို ကျွန်မစိတ်ထဲမှာ အမြဲသတိရမနေပေမယ့်တိုက်ဆိုင်မှုရှိလာတဲ့ အခါစိတ်ထဲမှာမေးခွန်းတွေမေးနေမိတာတော့အမှန်ပါပဲ ..


ဒါပေမဲ့..အဲဒီအကြောင်းကို..အဝေးမှာနေတဲ့...ကြားခံမိတ်ဆွေကိုလည်း မပြောတော့ပါဘူး..ဒီအတိုင်းပဲထားခဲ့တယ်.. သူ့အိမ်ရှေ့ကဖြတ်မိတဲ့အခါ အဲဒီအကြောင်းကိုသတိရမိတယ်..ဒီလောက်ပါပဲ ..


တစ်ခါကျတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ..သူ့အိမ်ရှေ့ကဖြတ်လာပြီး...သူ့ကိုသတိရနေမိတဲ့အချိန်မှာ သူဆုံးသွားပြီဆိုတဲ့အကြောင်းကိုကြားရတယ် ..အဲဒီမှာ..ကျွန်မကအတော်ဝမ်းနည်းသွားပါတယ်.. ဖြစ်ရလေလို့စိတ်ထဲမှာ တွေးမိပါတယ်..


သူ့ဆီက..ရစရာရှိတဲ့ပိုက်ဆံ ကျွန်မဘက်က စိတ်လုံးဝ မပြတ်ခဲ့တာ ကိုယ်တိုင်သိနေခဲ့လို့ပါပဲ..ကျွန်မစိတ်က စွန့်လွှတ်တဲ့စိတ်မရှိတဲ့အတွက်ကြောင့် သူ့ဘက်က ပေးစရာ တန်းလန်းကြီးနဲ့ ထွက်သွားရသလိုပါ..


ဘာလို့များ ဒီငွေလေးလောက်ကို စိတ်မပြတ်နိုင်ဖြစ်ခဲ့ရတာလဲ..ကိုယ့်ကိုယ်ကိုယ်လည်း မကျေမနပ်ဖြစ်မိတယ်..ကိုယ်သေသွားရင်လည်း ကိုယ့်အတွက် မကောင်းဘူးလေ..

သူ ဆုံးမယ်ဆိုတာသာ သိခဲ့ရင်.. ဒါကို သူ့ကိုပေးလိုက်ပါပြီလို့ စိတ်ကိုဖြတ်မိမှာ ဖြစ်သလို..အစ်မရေ ပေးစရာလေး ရှင်းပေးပါဦးလို့ သွားတောင်းလိုက်တာမျိုးလည်း လုပ်ကောင်း လုပ်မိနိုင်ပါတယ်..ပြတ်ပြတ်သားသား အခြေအနေလေးတစ်ခု ဖန်တီးမိခဲ့မှာ အသေအချာပါပဲ..


အကြွေးဆိုတာ..သိပ်ကြောက်ဖို့ကောင်းပါတယ် ဘဝမှာ ဘာ အကြွေးမှ အတင်မခံတာ..အကောင်းဆုံးပါပဲ

ပေးပါမယ်လို့ပြောပြီး..မပေးမိတာလည်းရှိတယ် ..တချို့အကြွေးတွေကျတော့ကျွန်မတို့ လုံးဝရည်ရွယ်မထားဘဲနဲ့ သူများအပေါ်မှာ တင်လိုက်မိတာမျိုးရှိတယ် အခုလို..အဖြစ်မျိုးပေါ့..


ပေးစရာရှိတာနဲ့ပတ်သက်ရင် ကျွန်မက ဒီလိုအဖြစ်မျိုးကြုံခဲ့ဖူးတာကြောင့် အင်မတန် ဆန်းဆန်းတင့်/ Sensitive ဖြစ်တတ်တာပါပဲ..


ဒါနဲ့ပဲကျွန်မလည်း ကျွန်မစိတ်ထဲမှာသူ့ဆီက မျှော်လင့်နေတဲ့ အကြွေးဆိုတာကို အပြီးဖျက်ပစ်လိုက်ပါတယ်..စိတ်ကလည်း..အခုမှပဲ ပြတ်သွားပါတော့တယ်.. သူလိုချင်တာလေးတွေကျွန်မဆီကရသွားတယ်...ကျွန်မသူ့ကိုလက်ဆောင်ပေးခွင့်ရလိုက်တယ်လို့ပဲ သဘော ထားလိုက်ပါတယ်..အစ်မလည်း အေးချမ်းနေပါစေ...


ဒါကြောင့်အကြွေးဖြစ်မှာကိုအင်မတန်ကြောက်ပါတယ်.. ကိုယ်မသိလိုက်ဘဲ..တင်ခဲ့မိတဲ့အကြွေးတစ်ခုဟာသံသရာအထိပါသွားမှာ အင်မတန်မှ စိုးကြောက်မိပါတယ်..


မွန်ဟော်စီ

၂၀၂၂ မတ်လ


#မနက်စာအာဟာရ

#အကြွေး


Photo

Internet

1,225 views0 comments

Comments


bottom of page