အတွေးတွေစိတ်ခံစားမှုတွေကိုကျွန်မတို့ကထိန်းချုပ်နိုင်ပါသလား..
ဒါမှမဟုတ် အတွေးတွေ စိတ်ခံစားမူတွေက ကျွန်မတို့ကိုထိန်းချုပ်ထားပါသလား..
Are you managing your thoughts and emotions or are they managing you?
အတွေးတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကျွန်မတို့ဟာ အချိန်အတော်များများ စိတ်ဆင်းရဲနေဖို့သာများနေပါလိမ့်မယ်။
ဘာဖြစ်လို့လဲ။
စိတ်တွေက နေရာတကာ
လျှောက်ပြေးနေတတ်ကြတယ်..ဟုတ်တာရော မဟုတ်တာရော အကျယ်ချဲ့ပြီးတွေးနေတတ်ကြတယ်..မဖြစ်သေးတာတွေ ဖြစ်ပြီးသားတွေ အကုန်လျှောက်တွေးတယ်။ ပြီးရင် အဲဒီအတွေးတွေထဲ နစ်မြုပ်ပြီး ရုန်းထွက်မရဖြစ်နေတတ်ပါတယ်။
အတွေးတွေ စိတ်ခံစားမှုတွေဆိုတာ ရာခိုင်နှုန်း အတော်များများ တကယ့် Reality ကို ထပ်တူညီမျှကိုယ်စားပြုနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်မတို့အပေါ်အများကြီး လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ဘယ်လောက်ထိ လွှမ်းမိုးနိုင်သလဲ ဆိုရင်တစ်ခါတစ်လေကျတော့ အဲဒီ အတွေးတွေ..စိတ်ခံစားမှုတွေထဲမှာကျွန်မတို့က နစ်ဝင်ပြီးပြန်ထွက်လို့မရတော့တဲ့အထိအောင်ပါပဲ။ စိတ်ထောင်ချောက်တွေ ပိတ်မိသွားသလိုပါပဲ။
ဥပမာ
လူတစ်ယောက်ဟာ TV ရှေ့ထိုင်ပြီး ရုပ်ရှင်တစ်ကားကြည့်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာ အခန်းထဲမှာ ဖွင့်ထားတဲ့ Air Con ကလည်း လေထုတ်နေမယ် ။ငါးကန်ထဲက ငါးကလေးကလည်း ကူးခတ်နေမယ်။ နာရီကလည်း တချက်ချက်နဲ့ သွားနေမယ်။ အပြင်မှာ သစ်ပင်တွေလေတိုက်ပြီး ယိမ်းနွဲ့နေမယ်။
ဒါပေမဲ့ ကိုယ်အာရုံစိုက်နေမိတဲ့ ရုပ်ရှင်ကသာ ကိုယ့်စိတ်အတွေးတွေကို အများဆုံး လွှမ်းမိုးထားတာဖြစ်ပါတယ်..ဘေးမှာ ဘာတွေဖြစ်နေနေ..ကိုယ်အာရုံစိုက်ထားမိတဲ့
ရုပ်ရှင်ကိုသာကြည့်ပြီး ငိုလိုက် ရယ်လိုက်ဖြစ်နေတတ်ပါတယ်..
ပတ်ဝန်းကျင်မှာ တောက်လျောက် ဖြစ်ပျက်နေတဲ့ အရာတွေ.. အခြေအနေတွေ အများကြီးထဲမှာမှ..ကိုယ့်စိတ်က
တစ်ကွက်စာ ခံစားလိုက်ရတဲ့..အာရုံလေးကိုပဲ စူးစိုက်မိပြီး..ကြိုက်တာ မကြိုက်တာ..ငိုခြင်း ရယ်ခြင်းတွေ အဖြစ် သုံးသပ်ဖြစ်ပေါ်လာတတ်ကြပါတယ်.. အတွေးတွေမှာ နစ်မျောနေတတ်ကြတယ်။ ဒါဟာ ကျွန်မတို့အတွက် ပုံမှန်ပဲ ဖြစ်ပါတယ်။
အတွေးစတစ်ခုပေါ်လာတယ်ဆိုရင်ကျွန်မတို့ကအာရုံစိုက်လိုက်တာနဲ့ အဲဒီအတွေးဟာ..ကြီးထွားလာပါတယ်။ ပြီးရင်..အင်အားကြီးမားလာတာနဲ့အမျှ ကျွန်မတို့ကို..
ဝါးမျိုလိုက်ပါတယ် ။
ဒါကြောင့် ကျွန်မတို့တွေဟာ..ဘာတွေကိုတွေးနေသလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်။ ဘယ်နေရာမှာ ကိုယ့်ရဲ့အာရုံတွေကိုစူးစိုက်ထားမိသလဲဆိုတာကိုသိဖို့ လိုအပ်ပါတယ်။
ကောင်းတာတွေးမိရင် အဲဒီစိတ်ကပဲ နေ့စဥ်ဘဝတွေကို လွှမ်းခြုံထားလိုက်နိုင်ပါတယ်။
စိတ်ဟာ မကောင်းတာတစ်ခုခုတွေးလိုက်မိပြီဆိုရင်လည်း အဲဒီထဲမှာ
ပိတ်မိနေသွားတော့တာပါပဲ။
တိတ်ဆိတ်နေတဲ့
အခန်းထဲမှာ ငြိမ်သက်စွာ
ထိုင်နေတယ်။
ဒါပေမဲ့ စိတ်ကကမ္ဘာပတ်
နေတယ်။ ဒါဟာလည်း ဖြစ်နေကျ အတွေးပုံစံ Thinking Pattern တစ်ခုပါပဲ။
အတွေးတွေဟာ..ဒီလိုပဲ လျှောက်ပြေးနေတတ်ကြ ပြန်ပါတယ်.. စိတ်တခြား..လူတခြားဆိုတဲ့စကားကိုကြားဖူးကြမှာပါ။ စိတ်နဲ့ကိုယ်နဲ့မကပ်ဘူးပေါ့။
စိတ်နဲ့ကိုယ်ကပ်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့တခုတည်းသောအရာဟာ သတိလေးကပ်ပြီး အသက်ရှုနေဖို့ပဲ ဖြစ်ပါတယ်။ အသက်ရှူလိုက်တဲ့အတွက် စိတ်နဲ့ကိုယ်ဟာ ချိတ်ဆက်မိသွားပါတယ်။ဆက်သွယ်မိပြီးသား ဖြစ်သွားပါတယ် ။
အရင်တုန်းက အကြောင်းတွေကိုတွေးတယ်။ မဖြစ်သေးတာတွေကိုတွေးတယ်။ ပစ္စုပ္ပန်တည့်တည့်မှာနေနိုင်တယ်ဆိုတာတကယ်တော့ စိတ်အေးချမ်း..တည်ငြိမ်ခြင်းရဲ့ လမ်းစပဲဖြစ်ပါတယ်။
ကျွန်မဆိုရင် စိတ်တွေ ယောက်ယက်ခတ်လာတဲ့အခါ ငြိမ်ကျသွားအောင်
Mindfulness အလေ့အကျင့်လေးတစ်ခု လုပ်ပါတယ်။
အခု ဘာမြင်လဲ။
အခုဘာကြားလဲ။
အခုဘာအနံ့ကိုရနေလဲ။
အခုဘာနဲ့ ထိတွေ့နေလဲ။
အခုဘာကို စဥ်းစားနေလဲ။
အခု နံရံအဖြူကိုမြင်နေတယ်။
အခု နာရီသံလေးကြားနေတယ်။
အခု လိမော်သီးအနံ့ရတယ်။
အခု ထိုင်ခုံနဲ့ တင်ပါးနဲ့ ထိတွေ့နေတယ်..မာကျောမှုကို သတိပြုမိတယ်။ အခု ဆိုးတာတစ်ခုကိုတွေးမိနေတယ်။စိုးရိမ်စိတ်ဖြစ်နေတယ်။
ဒီလို အာရုံသိစိတ်ကို အပြန်အလှန်လုပ်လိုက်တဲ့အခါ စိတ်က ငြိမ်သက်ပြီး ပစ္စုပ္ပန်တည့်တည့်ကို ပြန်ရောက်လာပါတယ်။ တွေးနေတာတွေဟာ အတွေးမျှသာပဲ Thoughts are JUST thoughts ဆိုတာ သိလာပါလိမ့်မယ်။
မဖြစ်သေးတာတွေတွေးပြီး စိုးရိမ်နေတာကလည်း အတွေးမျှသာပဲ..တကယ်ဖြစ်နေတာမဟုတ်ဘူး လို့ သိလာသလို ဖြစ်ပြီးခဲ့တဲ့အတိတ်ကိုတွေးမိတဲ့အခါမှာလည်း ..ငါတော့ ကျော်ဖြတ်နိုင်ခဲ့ပြီးပဲ..အခုချိန်မှာ ငါပြောင်းလဲသွားခဲ့ပြီပဲ..လို့ သတိကပ်လာရပါတယ်။
ပတ်ဝန်းကျင်ကိုပါ သတိပြုမိစေတယ်။ မိမိကိုယ်နဲ့ စိတ်က ချိတ်ဆက်ပြီး Awareness ရလာစေပါတယ်။
ပြေးနေတဲ့ အတွေးတွေကို ဆွဲခေါ်လိုက်တာလည်း ဖြစ်တယ်။ မကောင်းတာတွေတွေးနေမိတယ်ဆိုရင် အဲဒီထဲကနေ ကိုယ့်ကိုယ်ကိုယ်
ပြန်ဆွဲထုတ် ယူလိုက်တာ
လည်း ဖြစ်တယ်။
လုပ်ကြည့်စေချင်ပါတယ်နော်။
စိတ်က ခဏလေးသတိကပ်ပေးနေနိုင်တယ်ဆိုရင် တည်ငြိမ်လာတာကိုတွေ့ရပါလိမ့်မယ်။ စိတ်တည်ငြိမ်လာတာနဲ့အမျှ စိတ်အေးချမ်းမှုကို
ရရှိလာပါလိမ့်မယ်။
စက္ကန့်တိုင်း .. မိနစ်တိုင်းမှာ..သတိလေးနဲ့ နေထိုင်နိုင်ပါတယ်။
အတွေးတွေကို..ကျွန်မတို့အပေါ်စိုးမိုးခြယ်လှယ်ဖို့ခွင့်မပြုလိုက်ပါနဲ့။
မွန်ဟော်စီ
၂၀၂၃ June
#မနက်စာအာဟာရ
Photo
Pixabay
Comments