top of page
Search

ပျော်ရွှင်မှုကို ပွေ့ပိုက်ထားခြင်း၊ ရိုးရှင်းတဲ့အခိုက်အတန့်လေးတွေရဲ့ ပြီးပြည့်စုံမှုကို ရှာဖွေခြင်းဟာ ကျွန်မတို့ရဲ့ဘဝကို အမှန်တကယ်ပြည့်စုံကြွယ်ဝစေမှာ ဖြစ်ပါတယ်


ငယ်ငယ်တုန်းက ကျောင်းမှာ မုန့်စားကျောင်းဆင်းတဲ့အချိန် သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားပြောပြီး ကျောင်းတက်ခေါင်းလောင်းထိုးလို့ အတန်းထဲပြန်ဝင်ရတော့မယ်ဆိုတာနဲ့ သူငယ်ချင်းတွေအကုန်လုံး မျက်နှာကိုခပ်တည်တည်ထားလိုက်ပြီး လက်ဖဝါးလေးတွေကိုဖြန့်၊ အသက်အောင့်ပြီး တစ်ယောက်တစ်လှည့် ၇ ချက်စီ ရိုက်ပေးကြပါတယ်။ ပြီးမှ အတန်းထဲကိုဝင်ကြတယ်။ ဘယ်သူကစလိုက်တဲ့ အလေ့အထလဲတော့မသိပါဘူး။ ဘာဖြစ်လို့လုပ်တာမှန်းလည်းမသိပါဘူး။


ကျွန်မတို့တော်တော်အတန်းကြီးတဲ့အထိရယ်မောပျော်ရွှင်ပြီးပြီဆိုရင် အသက်အောင့်ပြီး လက်ကို ၇ ချက်ရိုက်ကြပါတယ်။ အဓိပ္ပာယ်ကတော့ ရယ်လွန်းရင် ငိုရတတ်တယ်ဆိုတဲ့ ယုံကြည်မှုအစွဲကြောင့် ရယ်ပြီးတဲ့သကာလမှာ မငိုရအောင် ယတြာချေတဲ့သဘော တစ်ယောက်ကိုတစ်ယောက် ရိုက်ပေးလိုက်ကြတာပါပဲ။


အတန်းထဲရောက်လို့ ဆရာမအရိုက်ခံချင်လည်းခံရမှာဆိုတော့ ဆရာမအရင် ကိုယ့်အချင်းချင်း လက်ဝါးဖြန့်ရိုက်ပေးလိုက်ကြတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ဆီမှာ ရယ်လွန်းရင်ငိုရတတ်တယ်ဆိုတဲ့ အစွဲလမ်းတစ်ခုရှိနေတာကိုတော့ ငြင်းလို့မရပါဘူး။ သိပ်ရယ်လွန်းရင် လူကြီးတွေက အမလေး ..ဘယ်တော့ငိုရမလဲမသိဘူး။ ဒါမျိုးပြောကြတယ်။


ကလေးတွေ အပျော်လွန် ဆော့ကစားပြီး ထိမိခိုက်မိဖြစ်မှာကို အစိုးရိမ်လွန်တဲ့အတွက် အရှိန်သတ်သွားအောင် ပြောကြတာပဲဖြစ်ပါတယ်။


ဒါပေမဲ့ ကျွန်မတို့ကတော့ လူကြီးတွေဖြစ်လာတဲ့အချိန် သိပ်ကိုပျော်နေမိတဲ့အခါ ငါတို့ငိုရတော့မလားမသိဘူးဆိုပြီး ပျော်နေရင်းတန်းလန်းနဲ့ အရှိန်သတ်ပစ်လိုက်တာ၊ မျက်နှာတည်ကြီးတွေဖြစ်သွားတာ၊ ပျော်နေတဲ့ mood ကြီးပျောက်ပြီး အီလည်လည်ဖြစ်သွားတာမျိုးတွေလည်း ကြုံဖူးကြမယ်နဲ့တူပါတယ်။


ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတချို့မှာ အလွန်အကျွံရယ်မောခြင်း ဒါမှမဟုတ် ပျော်ရွှင်ခြင်းတွေဟာ ဝမ်းနည်းခြင်း၊ ကံဆိုးခြင်းတွေရဲ့အစဖြစ်တယ်လို့ ယုံကြည်မှုအစွဲအလမ်းရှိပါတယ်။ဒါက Lack Mentality လည်း ဖြစ်ပါတယ်။


ဘဝရဲ့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေနဲ့ စိန်ခေါ်မှုတွေဟာ ရှောင်လွှဲလို့မရပေမယ့် အဲဒီအရာတွေအားလုံးဟာ ဘဝဖြစ်တည်မှုရဲ့အနှစ်သာရတော့ မဟုတ်ပါဘူး။


ငါသိပ်ပျော်နေပါလား။ သိပ်ပျော်နေလို့တော့မဖြစ်ဘူး။ ဝမ်းနည်းစရာတွေရောက်လာဦးမယ်။ သိပ်ပျော်နေတယ်ဆိုရင်၊ အဆင်ပြေနေတယ်ဆိုရင် သူများက မနာလိုဖြစ်ဦးမယ်။ ကိုယ်အောင်မြင်နေတယ်ဆိုရင် လာပြီးတိုက်ခိုက်မယ့်သူတွေကအများကြီး။ ကိုယ်ကအဆင်ပြေနေပြီး သူတို့ကိုမပေးရင်ဘယ်ကောင်းပါ့မလဲ။ ကိုယ်အဆင်ပြေတာသိနေတယ်ဆိုရင် လာပြီးတောင်းနေကြဦးမယ်။ အသာလေးနေလိုက်တာပဲကောင်းတယ်.. အစရှိသဖြင့် တွေးတတ်ကြပါတယ်။


ဒါကြောင့်အဆင်ပြေနေတာတောင်မှငါတို့က သိပ်အဆင်မပြေပါဘူး။ ကိုယ့်အတွက်ကိုယ်ပျော်ရွှင်မှုတွေဖန်တီးနိုင်တယ်ဆိုရင်တောင်မှ ဒီလိုပါပဲ..ဘယ်သူမှပျော်နေကြတာမဟုတ်ဘူး အစရှိသဖြင့် ဒါမျိုးတွေပြောတတ်ကြတယ်။ ဒီလိုနဲ့ပဲ တကယ်အဆင်မပြေတဲ့စိတ်၊ မပျော်ရွှင်တတ်တဲ့စိတ်က ကြီးစိုးလာပါတော့တယ်။

ကိုယ့်ကိုယ်ကိုယ်ငါကအဆင်မပြေပါဘူးလို့တကယ်အထင်ရောက်လာတယ်။


ဒီလိုနဲ့ လူတွေဟာ ကိုယ့်ဘဝရဲ့ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ အဆင်ပြေမှုတွေကို ကိုယ်ကိုယ်တိုင်တောင်မှ ပြည့်ပြည့်ဝဝမခံစားနိုင်ဘဲ အတင်းချိုးနှိမ်ထားတာမျိုး ဖြစ်လာတတ်ကြတယ်။ Victim ခံရသူနေရာကို ရောက်မှန်းမသိ ရောက်လာတတ်ကြတယ်။


ကိုယ့်ရဲ့အဆင်ပြေမှုအပေါ်မှာ မောက်မာပြီး သူများကိုဖိနှိပ်ဆက်ဆံနေတာ၊အတ္တတွေကြီးနေတာ၊ အကြီးအကျယ်တွေ ကြွယ်ပြနေတာ

မျိုးဆိုရင် ကိုယ်ဟာမကောင်းဘူး.. မာန်တက်နေတယ်..လို့ ပြောနိုင်တယ်။


ဒါပေမဲ့ ကိုယ့်အဆင်ပြေမှုနဲ့ကိုယ် ရှိနေတယ်။ ကိုယ်တိုင်လည်း စိတ်ချမ်းသာ အောင်နေတတ်တယ်။ ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း တတ်နိုင်သလောက် ပေးကမ်းစောင့်ရှောက်မှုတွေလုပ်နိုင်တယ်ဆိုရင်တော့ အဆင်ပြေနေတယ်ဆိုတဲ့အကြောင်း၊ ပျော်ရွှင်နေတယ်ဆိုတဲ့အကြောင်းကို သူများသိမှာကြောက်ရွံ့နေစရာမလိုပါဘူး။


ဒီလိုပြောတဲ့အတွက်ကိုယ်အဆင်ပြေနေကြောင်းကို တမင်တကာ သက်သက်ကြီးထုတ်ဖော်ပြတာ၊ ကြွားဝါနေဖို့လည်း မဆိုလိုပါဘူး။ အလွန်အကျွံတွေ မဖြစ်ဖို့ကအဓိကပါပဲ။

ပျော်စရာတွေရှိတဲ့အချိန်မှာ မရယ်ဘဲ ငိုပြနေဖို့မလိုပါဘူး။ အရှိကိုအရှိအတိုင်းနေဖို့ပါပဲ။


ဘဝဆိုတာ တိုတိုလေးပါ။ အမြဲတမ်းပျော်မနေနိုင်သလို အမြဲတမ်းလည်း စိတ်ညစ်စရာတွေရှိနေတာမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာက အကန့်ကလေးတွေခွဲထားမှ ဘဝဟာ နေပျော်စရာကောင်းပါလိမ့်မယ်။ လူတိုင်းရဲ့ဘဝဟာ တချို့နေရာတွေမှာအဆင်ပြေစရာလေးတွေနဲ့ ပျော်စရာလေးတွေရှိနေသလို တချို့နေရာတွေမှာ လုံးဝပျော်စရာမကောင်းတဲ့ စိတ်ညစ်စရာအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်မမှာလည်း အဲ့လိုအခြေအနေမျိုးတွေရှိပါတယ်။


လူတွေမပျော်ကြတာဟာ စိတ်ညစ်စရာ ၁၀ ရခိုင်နှုန်းကို ၈၀ရာခိုင်နှုန်းလောက်

ပုံကြီးချဲ့ပြီး တွေးတတ်ကြတာနဲ့ အချက်အလက်မခိုင်မာတဲ့ ယုံကြည်မှုအစွဲလမ်းတွေကြောင့်လည်း ဖြစ်တတ်ကြပါတယ်။


မိမိကိုယ်မိမိ သားကောင်နေရာမှာနေတဲ့အခါမှာ မပျော်ရွှင်နိုင်ကြဘူး။ Lack Mentality ဝင်လာတဲ့အချိန်မှာ မပျော်ရွှင်ကြဘူး။ ငါဆိုတဲ့ Ego Self ကို Focus လုပ်ထားတာများတဲ့အခါမှာ မပျော်ရွှင်ကြဘူး။


ဒါကြောင့် ပျော်ရွှင်မှုတွေကိုခံစားဖို့ဆိုတာ ဘဝကိုအကန့်ကလေးတွေခွဲထားတတ်ဖို့လိုပါတယ်။ အဆင်မပြေတာတွေကြားမှာလည်း အဆင်ပြေအောင်နေတတ်ရမှာဖြစ်သလို အဆင်ပြေတယ်ဆိုရင်လည်း အဆင်ပြေတာကို လက်ခံပျော်ရွှင်တတ်ဖို့လိုပါတယ်။ ဒီလိုပျော်ရွှင်နေတာဟာ အဆင်မပြေတဲ့သူတချို့အပေါ် ကိုယ်ချင်းစာတရားမရှိတာလည်းမဟုတ်ပါဘူး။ ကိုယ့်ဘဝကို ပြည့်စုံစွာ ရှင်သန်ခြင်းပဲဖြစ်ပါတယ်။


ပျော်ရွှင်မှုနဲ့ ရယ်မောခြင်းကို Human Experience ရဲ့ မရှိမဖြစ်အရာတွေအဖြစ်တန်ဖိုးထားကြရမှာဖြစ်ပါတယ်။ ဒါမှလည်း လူတွေရဲ့စိတ်ဖိစီးမှု ပြေပျောက်စေမှာပါ။ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို မြှင့်တင်ပေးမှာပါ။


လက်ရှိအခိုက်အတန့်မှာ ပျော်ရွှင်မှုကို ဆုပ်ကိုင်ထားတတ်ဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်အဆင်ပြေမှလည်း သူများရဲ့ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးနိုင်တဲ့သူဖြစ်မှာပါ။


ဘဝဆိုတာ သာယာလှပတဲ့ခရီးတစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ် ရုန်းကန်နေရတာမျိုးမဟုတ်ဘဲ ပျော်ရွှင်ဖို့အတွက်လည်း ရည်ညွှန်းပါတယ်။


Life is to enjoy, not to struggle ပါ။


ပျော်ရွှင်မှုကို ပွေ့ပိုက်ထားခြင်း၊ ရိုးရှင်းတဲ့အခိုက်အတန့်လေးတွေရဲ့ ပြီးပြည့်စုံမှုကို ရှာဖွေခြင်းဟာ ကျွန်မတို့ရဲ့ဘဝကို အမှန်တကယ်ပြည့်စုံကြွယ်ဝစေမှာ ဖြစ်ပါတယ်။


monhalsey

8.6.2024


391 views0 comments

Comments


bottom of page