top of page
Search

မေတ္တာမျိုးစေ့

Updated: Jan 13, 2023


ကျွန်မတို့မိသားစုလည်းအိမ်မှာ တစ်ခါတစ်ရံ အော်ကြဟစ်ကြနဲ့..ရန်တွေဘာတွေဖြစ်တတ်ကြပါတယ် ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင်ဖြစ်ပြီး.. မျက်နှာချင်းမဆိုင်နိုင်လောက်အောင် ဖြစ်ကြတာမျိုးတော့ တစ်ခါမှမကြုံခဲ့ဖူးပါဘူး..


မိသားစုတွေအဖြစ်ဒီဘဝမှာလာပြီးကြုံဆုံရတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ဘူးလို့ ယုံကြည်ပါတယ်..

ရေစက်ရှိလို့အခုဘဝမှာလည်းချင်းချင်းလာဆုံတွေ့ကြတာပဲ.. အရင်ဘဝက.. ဘယ်လိုဘယ်ပုံ တော်စပ်ခဲ့

ကြမှန်း မသိနိုင်ပေမယ့် ကြီးမားတဲ့အမုန်းတွေအညှိုးတွေကို အခြေမခံခဲ့ကြတာတော့ သေချာ တယ်ထင်ပါတယ်..


တချို့တွေကျတော့. မိသားစုတွေသာ..လာဖြစ်ကြရတယ် အရင်အတိတ်ဘဝတွေက ရန်သူတွေဖြစ်

နေခဲ့ကြတာမျိုး.. အညိုးတွေ..ကျိန်စာတွေ..မှားခဲ့တဲ့ဆုတောင်းတွေ ကြောင့် အခုဘဝမှာ တစ်အိမ်တည်း..

နေပြီးဘယ်လိုမှအဆင်မပြေတာ..အချင်းချင်း ကန့်လန့်တိုက်နေတာတွေလည်း သားသမီးတွေ မောင်နှမတွေကြားမှာ ရှိကြတာကိုမြင်ဖူးပါတယ်.. အချင်းချင်းဘယ်လိုမှ.. မတည့်ကြဘူး.. မျက်နှာချင်းဆိုင် လို့ကို မရဘူး


ကျွန်မကမိသားစုအပေါ်မှာသံယောဇဉ်ကြီးတဲ့သူဖြစ်ပါတယ်


မေတ္တာကြီးတယ်လို့ ပြောရမှာပါပဲ ခွေးကလေးတွေကစလို့.. အိမ်မှာအလုပ်..လုပ်ကိုင်..ဝင်ထွက် သွားလာသူတွေပါမကျန်..မိသားစုအရာမှာထားပြီး အမြဲတမ်းဆက်ဆံပါတယ်..


ဒါကြောင့်မောင်နှမတွေ..မိသားစုတွေ..သားအမိတွေသိပ်ချစ်တဲ့..မိတ်ဆွေသူငယ်ချင်းတွေကြားမှာ..မေတ္တာဓာတ်တွေခမ်းခြောက်ပြီးအချင်းချင်း..အော်ကြဟစ်ကြ..ဆဲကြဆိုကြနဲ့ ပြီးရင်မခေါ်နိုင်မပြောနိုင်တွေ

ဖြစ်ကြတာ .မျိုးတွေကိုကြုံရတဲ့အခါစိတ်မကောင်းဖြစ်မိပါတယ်..


မိခင်ဗိုက်ထဲက အတူထွက်လာခဲ့ကြပြီး အိမ်တစ်အိမ်ထဲမှာအတူကြီးပြင်း..လူလားမြောက်လာတဲ့သူတွေ ဖြစ်ကြပေမယ့်..တစ်ယောက်နဲ့တစ်ယောက်မေတ္တာမထားနိုင်..နားလည်မှုမပေးနိုင်ဘဲ ဘာမဟုတ်တဲ့ အကြောင်းအရာ တွေနဲ့ စိတ်ဝမ်းကွဲကြတာ.. မေတ္တာဓါတ်တွေခမ်းခြောက်နေလို့ပါပဲ..


Oxford ဆရာတော်ကပြောတယ်..လူတွေမှာ...မေတ္တာတရားဆိုတဲ့ ..မျိုးစေ့ကပါလာခဲ့ပြီးသားလို့ ယေဘူယျ ပြောရမယ်တဲ့..


မေတ္တာရဲ့ သဘောတရားဟာ..ကောင်းတဲ့ဘက်ကနေ မြင်ကြည့်တွေးပေးနိုင်တယ်.. ကိုယ့်ကိုယ်ကိုယ်..

မနာကျင်စေချင်တာ...ကောင်းတာတွေပဲ ဖြစ်စေချင်တယ်ဆိုတာဟာ မေတ္တာရှိလို့ပါပဲ..ကိုယ့်ကိုယ်ကိုယ် မနာစေချင်.. ဒုက္ခ မရောက်စေချင်တာ..ကိုယ့်ကိုယ်ကိုယ် မေတ္တာ ရှိလို့ပါပဲ..


ဒါပေမဲ့ အဲဒီ မေတ္တာ မျိုးစေ့ကို Cultivate ဖြစ်အောင် လုပ်ပေးဖို့တော့လိုတယ်.. ကြီးထွားသန်မာလာအောင်..

ရေလောင်းပေးရမယ်..ပေါင်းသင်ပေးရပါမယ်..မိသားစုတွေထဲမှာ အချင်းချင်းချစ်တဲ့ အကြောင်းပြောပေးဖို့ လိုပါတယ်.. အဲဒီအတွက်..အချိန်ပေးသင့်ပါတယ်..မေတ္တာဓာတ်ခမ်းခြောက်ရင် နှလုံးသားတွေလည်း ဝေးကွာသွားတတ်ကြလို့ပါပဲ..


ဆရာတော်ကြီးပြောတဲ့ထဲမှာ နားထောင်တာဟာလည်း မေတ္တာပါပဲတဲ့..


တကယ်တမ်း..တစ်ယောက်ခံစားချက်ကိုတစ်ယောက်..သေချာနားလည်ဖို့..ဆိုရင်ကျွန်မတို့ကမိသားစုထဲမှာ အလုပ်ထဲမှာပတ်ဝန်းကျင်မှာ..များများနားထောင်တတ်ကြဖို့လည်း လိုပါတယ် ..


အမေနဲ့သမီးနဲ့..စကားပြောရင်း..အမေကသမီးပြောတာကိုသေချာနားမထောင်ဘူး..ဟေ့..ငါလည်း နားထောင် နေတာပဲဆိုပြီးရန်ထဖြစ်ကြတာဟာ..တကယ်တော့သေချာကိုနားမထောင်မိသေးလို့ပဲဖြစ်ပါတယ်..ကျွန်မတို့သားအမိက အဲဒီပြသနာ မကြာခဏရှိတတ်ပါတယ်..


နားထောင်တဲ့အခါမှာ..မျက်စိနဲ့ရော... နားနဲ့ရော..နှလုံးသားနဲ့ရော.. ဦးနှောက်နဲ့ပါ. နားထောင်ပေးပါလို့ ဆိုပါတယ်..


နားထောင်ဖို့ဆိုတာပြောတာသာလွယ်တာ..တကယ်တော့ လုပ်ရမှာခက်ခဲပါတယ်.. ဥပမာ..အမေက တစ်ခုခုကိုမကျေနပ်ဘဲ ပြစ်တင်ပြောဆိုနေတယ် Complaint တက်နေတယ်ပဲဆိုပါစို့


သူပြောနေတုန်း ကိုယ့်ရဲ့အထင်အမြင်တွေဝင်ပြောတာ..ဖြတ်ပြောတာမျိုးမလုပ်ဘဲနဲ့ သေသေချာချာ အာရုံစိုက်ပြီး နားထောင်ပေးလိုက်တယ်..ပြီးတော့မှ အမေပြောတာဟုတ်တယ်မှန်တယ်စသဖြင့် ပြောပေးတယ်ဆိုရင် ပြသနာတဝက်လောက် ငြိမ်းအေးသွားတာမျိုးကိုကိုယ်တိုင်ကြုံဖူးပါတယ်..ပြီးတော့မှ ကိုယ်ပြောချင်တာကို ဆက်ပြောရတာ..ပိုပြီး ကောင်းပါတယ်..


စီးပွါးချမ်းသာတွေဘယ်လောက်ပဲ တိုးတက်ဖြစ်ထွန်းနေပါစေ..အိမ်က မိသားစုတွေထဲမှာ အချင်းချင်း မပြေမလည် ဖြစ်ကြတဲ့အခါမှာ စိတ်ချမ်းသာမှုရနိုင်မှာမဟုတ်ပါဘူး


ဒါနဆိုတာမိသားစုထဲမှာလည်းလုပ်ရပါတယ် မိဘကိုပေးကမ်းတာ..သားသမီးကိုပေးကမ်းတာ..မောင်နှမ

အချင်းချင်းပေးကမ်းတာ လည်းဒါနပါပဲ..ခရီး တစ်နေရာသွားလို့..အမှတ်တရလက်ဆောင် ပစ္စည်းလေးဝယ်လာတာ.. အပြင်ကပြန်လာရင်..အိမ်ကလူတွေ..ကြိုက်တတ်တဲ့မုန့်လေးတွေ

ဝယ်လာပေးတာ..မွေးနေ့လက်ဆောင်လေးတွေပေးတာ ..အထိမ်းအမှတ်တစ်ခုခုမှာ အပြင်ထွက်ပြီး..စားကြသောက်ကြတာမျိုးတွေဟာ မိသားစုထဲမှာ အချိန်ပေးပြီးလုပ်သင့်တဲ့ အရာမျိုးတွေပဲဖြစ်ပါတယ်..


တစ်အိမ်ထဲမှာအတူမနေဖူးဆိုရင်တောင်မှ..ကိုယ့်အိမ်ကချက်တဲ့ဟင်းကလေး..လုပ်စားဖြစ်တဲ့မုန့်ကလေးတွေပို့ပေးတာ မျိုးတွေဟာ မေတ္တာမျိုးစေ့ကို သန်စွမ်းခိုင်မာလာစေပါတယ် ပေးလိုက်တာနဲ့ ပြီးသွားလားဆိုတော့လည်း မပြီးသေးပါဘူး ..ကျွန်မမောင်ဆိုရင် သူ့အမေကို ပေးတာတွေလည်း ပေးတတ်ပေမယ့် စကားပြောတဲ့အခါမှာအကြင်နာတရားမရှိဘဲ ကြမ်းကြမ်းတမ်းတမ်း ပြောတတ်လို့..

စိတ်မရှည်ဘဲ ထအော်တတ်လို့..မကြာခဏဆုံးမရတယ်

မိသားစုထဲမှာအချင်းချင်း မေတ္တာတရားကိုပွားစေချင်တယ်ဆိုရင်စကားအပြောအဆိုဆင်ခြင်ဖို့လည်း လိုပါတယ်။ နောက်တစ်ချက်က..အချင်းချင်းဝိုင်းဝန်းလုပ်ကိုင်ပေးဖို့လည်းလိုအပ်ပါတယ်တဲ့..


အိမ်မှာ တစ်ယောက်က အလုပ်တွေမနိုင်မနင်းဖြစ်နေတာမျိုးဆိုရင် သူ့ကို ကိုယ့်ကြောင့် ဝန်မပိုစေရအောင် ကိုယ် လုပ်နိုင်တာလေးတွေ ကူညီလုပ်ကိုင်ပေးတာမျိုးပါပဲ.. အိမ်မှာတစ်ယောက်က ဒိုင်ခံသိမ်းနေသမျှ..

ကိုယ်ဖွချင်တိုင်းဖွမယ်ဆိုပြီး လုပ်နေတာမျိုးဟာ အဆင်မပြေပါဘူး သူကတော့အမြဲပန်းကန်တွေ ဆေးနေရတယ်..ဒါကြောင့်ဒီတခါတော့ကိုယ်ကလည်း ဆေးပေးလိုက်မယ်ဆိုတာမျိုး.. တွေးတာ

မေတ္တာတရား တိုးပွားစေတဲ့အကြောင်းပါပဲ


နောက်တစ်ချက်ကတော့ မိသားစုတွေမှာအကုန်လုံးကို..တန်းတူဆက်ဆံနိုင်ရမယ် ချစ်နိုင်ရမယ်တဲ့.. ကျွန်မ အမေဆိုရင်..သူ့ကိုတော့မချစ်ဘူး ..ကျွန်မကမောင်လေးကိုပိုချစ်တယ် ..ယောကျာ်းကိုပိုချစ်တယ်လို့ ပြောလေ့ရှိတယ်


ကျွန်မ..ယောက်ျားကလည်းသူ့ကိုတော့မချစ်ဘူး.. ခွေးလေးတွေကိုပိုချစ်တယ်..အစရှိသဖြင့် ပြောတတ် ကြတာ ကို တွေ့ရတယ်.. ပြီးတော့..သူတို့ကစိတ်ကောက်နေကြရော.. ဒါကြောင့်မိသားစုတွေမှာ အချင်းချင်း တန်းတူညီမျှတဲ့ မေတ္တာကိုဖော်ပြဖို့လည်းလိုပါတယ်


ဒီအချက်လေးချက်ကိုပါချုပ်ဆရာတော်ကြီးရဲ့ မိသားစု အသိုက်အမြုံပြိုကွဲမသွားစေတဲ့ သင်္ဂဟတရားလေးပါးလို့ ဟောခဲ့တဲ့တရားထဲမှာ ကျွန်မကိုယ်တိုင်နာကြားခဲ့ရတာကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်..


မေတ္တာရှိပါတယ်..မေတ္တာပို့ပါတယ်..စသည်ဖြင့် မေတ္တာဆိုတဲ့စကားကို လွယ်လွယ်အသုံးပြုတတ် ကြပါတယ်..ဒါပေမဲ့ မေတ္တာဆိုတာ သိမ်မွေ့နက်နဲတဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်..


သူ့ကိုတော့မေတ္တာမရှိဘူး.. မေတ္တာထားလို့မရဘူးဆိုပေမယ့် တကယ်တမ်း ကျွန်မတို့မှာ မေတ္တာမျိုးစေ့

ပါလာခဲ့ပြီးသားပါပဲ။ ကိုယ့်မှာပါလာခဲ့မေတ္တာမျိုးစေ့ကို ပိုပြီးသန်စွမ်းလာအောင်.. အရွက်အညွန့်တွေ ထွက်လာအောင် ရေလောင်းပေါင်းသင်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ ဖြစ်ပါတယ်..


မွန်ဟော်စီ

ဒီဇင်ဘာ ၂၀၂၁


#မနက်စာအာဟာရ



65 views0 comments

Comments


bottom of page