top of page
Search

သိပ်လည်းတွေးပူမနေပါနဲ့

Updated: Jan 13, 2023


လူတွေမှာလည်း အပူတွေကများတယ် ကလေးရှိတော့လည်း ကလေးအတွက်ပူရသလို ကလေးမရှိတဲ့သူကလည်း မရှိတဲ့အတွက်ပူရပြန်တာပဲ..စာဖတ်သူတစ်ယောက်က သူ့ရဲ့အပူကို မျှဝေလာတယ်..သူ့ခံစားချက်ကို နားလည်တဲ့အပြင် ကိုယ်လည်း သူ့လို တွေးခဲ့မိဖူးတာကြောင့်..ဒီစာလေး ရေးချင်စိတ်ပေါ်လာတယ်..


သားသမီး မရှိတဲ့ လူတွေဟာ..အသက်ကြီးလာရင် ငါဘယ်သူနဲ့နေရမလဲလို့ တွေးမိတတ်ကြတယ်..

ဒါ..သဘာ၀ကျပါတယ်..ဘိုးဘွားရိပ်သာမှာ..ဘယ်သူမှ သွားမနေချင်ကြဘူးလေ..ကျွန်မကြားဖူး..ကြုံဖူးတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး နှစ်ခုတော့ ပြောပြချင်တယ်..


ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မှာ တာ၀န်ကျတဲ့ အင်္ဂလိပ်ဗိုလ်ကြီးနဲ့ သူ့ရဲ့မိသားစုဟာ..သူတို့အိမ်က ကလေးထိန်း မြန်မာ တိုင်းရင်းသား..အမျိုးသမီးလေးတစ်ယောက်ကို..သူတို့ နိုင်ငံထိပါအောင် ခေါ်သွားခဲ့ ကြတယ်..သူ့ကိုအမိုး..အမိုးလို့ပဲ..ကလေးတွေကလည်း ခေါ်ကြတယ်..အမိုးလည်း အဲဒီနိုင်ငံမှာပဲ ဒီ..ကလေးလေးတွေ ကို ထိန်းကျောင်းရင်းနဲ့ အခြေတကျဖြစ်လာတယ်..


နောက်တော့..ဘိုကြီးနဲ့..ဘိုမကြီးတို့လည်း..အသက်ကြီးတော့ကွယ်လွန်သွားတာပေါ့..အမိုးဟာ..ကလေးတွေရဲ့ အမိုးပဲဆက်ဖြစ်နေတော့တာပဲတဲ့..သူ့ကို အမေရင်းတစ်ယောက်လို တစ်အိမ်တည်းအတူနေပြီး ပြုစုစောင့်ရှောက်တဲ့ သားဟာ..တက္ကသိုလ်က ပါမောက္ခကြီးတွေ ဘာတွေတောင်ဖြစ်နေပြီ..


အမိုးဟာ..သူတို့မိသားစုပေါ် ကျေးဇူးရှိတယ်တဲ့..ဘိုကြီးနဲ့ ဘိုမကြီးကလည်း အမိုးကို တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့.သားသမီးတွေကို သေချာမှာခဲ့တယ်တဲ့..အမိုး သွားချင်တာတွေလိုက်ပို့ပေးတယ်..

အမိုးက ဘုရားကျောင်းလည်း တက်လေ့ရှိတယ်..တဲ့..မြန်မာတွေစုံတဲ့ပွဲတွေ ဘာတွေလည်း သွားတယ်တဲ့..

သူ့ဘ၀က အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်လေးကို နေခဲ့ရတယ်..


ကုသိုလ်ကံဆိုတာ..ဘာမှပြောမရဘူး..အမိုးဘ၀မှာ..ယောကျာ်းလည်းမယူခဲ့ဖူးဘူး..တစ်ပြည်ရပ်ခြားကို ကလေးထိန်းအနေနဲ့ပါလာခဲ့တယ်..ဒါပေမဲ့..ကောင်းကောင်းမွန်မွန်.ကြည့်ရှုစောင့်ရှောက်တဲ့ သားသမီးလို လူတစ်ယောက် သူ့မှာရှိခဲ့တယ်..သေတဲ့အထိကို..ပြုစုစောင့်ရှောက်ပြီး..ကောင်းကောင်းမွန်မွန်ကို သဂြိုလ်ပေးခဲ့တယ်..


ဒီအကြောင်းလေးနားထောင်ရကတည်းက တစ်နေ့တော့..စာလေးတစ်ပုဒ်ရေးဦးမယ်လို့ တွေးထားခဲ့တယ်..


နောက်တစ်ယောက်ကတော့..အမိုးနဲ့ ကွဲပြားခြားနားတဲ့ဘ၀အခြေအနေကလာတယ်..သူကိုယ်တိုင်က ..ပညာတတ် ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းကပေါက်ဖွားလာတယ်..ရတဲ့သူက သိပ်တော်တဲ့ဆရာ၀န်လေး.. သတို့သမီးရဲ့ချမ်းသာတဲ့မိဘတွေက ဒီဆရာ၀န်လေးနဲ့ ကြည်ဖြူလွန်းလို့..ဒီသမီးရဲ့မင်္ဂလာဆောင်ကို ကမ်းနားဟိုတယ်လို့ခေါ်တဲ့ Strand Hotel မှာ လုပ်ပေးတယ်..မင်္ဂလာ အခါတော်ပေး သီချင်းမှာ သတို့သမီး ..သတို့သားရဲ့နာမည်တွေ ထည့်ပြီးစပ်ဆိုကြတယ်


သတို့သမီး၀တ်မဲ့ ဘရိုကိတ်လုံချည်ကို အင်္ဂလန်ကနေတောင် လှမ်းမှာခဲ့ပါသတဲ့..သူတို့ကလေးလေး တစ်ယောက်ရတယ် ပျော်ရွှင်တဲ့မိသားစုဘ၀ကို ပိုင်ဆိုင်ရတယ်..ဒါပေမဲ့ ကံမကောင်းတာက..အသက်ကြီး..

အိုမင်းလာတော့.. ယောကျာ်းရော...သမီးရောပါ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်..


သားမက်တွေ မြေးတွေနဲ့ ကျန်ခဲ့ပေမဲ့..သူတို့က ဒီအဖွားအိုကြီးကို မစောင့်ရှောက်ချင်ကြဘူး..အိမ်မှာ ခေါ်မထားချင်ကြတော့ဘူး..အဲတော့ ဘိုးဘွားရိပ်သာရောက်သွားတော့တာပဲ..ကွယ်လွန်တော့လည်း အဲဒီမှာပဲ ကွယ်လွန်ခဲ့ပါတယ် တစ်ယောက်တည်းပေါ့လေ..


ကံကြမ္မာဆိုတာဘာမှ မပြောနိုင်ဘူး..သူလည်း အေးမြ လုံခြုံတဲ့ ဘဝလေးတစ်ခုကို တစ်သက်လုံး ပိုင်ဆိုင်ရမှာပဲလို့ စိတ်ကူးထားခဲ့ဖူးလိမ့်မယ်..မဖြစ်လာခဲ့တာကတော့ သူ့ရဲ့ ကံပဲပေါ့..ကလေးမွေးလိုက်လို့ ငါ့ကိုပြုစုစောင့်ရှောက်ပေးမဲ့ သူတွေရပြီလို့ မတွေးလိုက်နဲ့.. သားသမီးလည်း..ကိုယ့်ထက်အရင် သေသွားနိုင်သေးတာပဲ..


ထီးလိုမိုးပေးတဲ့သူရှိသလို မီးလိုအပူပေးတဲ့ သားဆိုးသမီးဆိုးတွေလည်း ရှိသေးတာပဲ..


ကိုယ့်ကို အမျိုးစုံ ဒုက္ခပေးပြီး..ဘိုးဘွားရိပ်သာ ကန်ချလိုက်တဲ့ သားသမီး ရှိတယ်။ သားသမီးတိုင်းသာ မိခင် ဖခင်ကို ပြုစုလုပ်ကျွေးနေမယ်ဆိုရင် ဘိုးဘွားရိပ်သာဆိုတာ ကမ္ဘာပေါ်မှာ.. ဘယ်နိုင်ငံမှာမှရှိမှာမဟုတ်ဘူး..

ကိုယ့်သားသမီး အရင်းမဟုတ်ပေမဲ့..ကိုယ့်ကို အမေလို သဘောထားပြီး စောင့်ရှောက်တတ်တဲ့ တစိမ်းတွေလည်း လောကကြီးမှာ ရှိနေနိုင်သေးတယ်


အဲတော့..ဘာကိုပူနေမှာလဲ..ပူပန်နေလို့လည်း..လူ့အလို နတ်တောင်မလိုက်နိုင်တဲ့ ကိစ္စတွေအတွက် ဘာအဖြေမှ ရလာမယ်မထင်ဘူး ကိုယ်သာ..ပင်ပန်းသွားဖို့ရှိတာပဲ.. ကံကြမ္မာဆိုတာ.. ကိုယ်မြင်ရတာမှ မဟုတ်ပဲ..ကောင်းတာလည်း ဖြစ်နိုင်သလို..ဆိုးတာလည်း ဖြစ်နိုင်တယ်..အခုအချိန်မှာ..ကျန်းမာနေသေးတယ် နေရေးစားရေး အဆင်ပြေနေတယ်ဆို ၀မ်းသာလိုက်ပါ..


ကျွန်မကတော့ ကလေးလည်း ရှိတဲ့သူမဟုတ်ဘူး..အသက်ကြီး စွတ်ရှည်နေပြီး..ကိုယ့်အရိုးတောင် ကိုယ်မသယ်နိုင်တော့တဲ့အချိန်.. ကိုယ်တစ်ယောက်တည်း နေလို့မဖြစ်နိုင်တဲ့အခါ..ဘိုးဘွားရိပ်သာ သွားနေရင်လည်း နေရမှာပဲပေါ့..အတူနေမောင်လေးက စောင့်ရှောက်ရင်လည်း စောင့်ရှောက်မှာပေါ့


ကိုယ် မိသားစုကို စောင့်ရှောက်နေတဲ့အချိန်မှာတော့ အကောင်းဆုံး လုပ်ပေးခဲ့တယ်လေ.အတိတ်ကံ အကျိုးပေး..ဘယ်လိုလာမလဲဆိုတာတော့မသိဘူးပေါ့..ခုလောလောဆယ်တော့..အဆင်ပြေနေပါတယ်..နေကောင်းနေသေးတယ်..ကိုယ့်ကိုယ်ကို ထူမနိုင်သေးတယ်..


အဲတော့..ကျန်းမာရေးလေး ပိုဂရုစိုက်ပြီးနေရမယ်..ကျန်းမာရေး မကောင်းရင် ပြုစုရမဲ့သူအတွက်က ၀န်ပိုတတ်တယ်..ဂျီမကျမိဖို့လည်း လိုသေးတယ်..ကိုယ်ကြိုက်သလို..ကိုယ်တိုင် ဘာမှမလုပ်နိုင်တော့တဲ့

အချိန်မှာ..သူများ လုပ်ပေးတာကို ကြိုက်လိုက်ရုံပဲရှိတာပဲ..မကြိုက်ဘူးဆိုရင်တောင် မငြိုငြင်မိဖို့ အရေးကြီးသေးတယ်..အရမ်း ဂျီကျနေရင် ကိုယ့်နား ဘယ်သူမှ ကပ်ချင်မှာမဟုတ်ဘူး....


လောကဓံ ကို ခံနိုင်ရည်ရှိဖို့ အခုထဲက လေ့ကျင့် ပြင်ဆင်ထားရမှာပဲ..လောကမှာ..ပျော်စရာတွေချည်းလည်း ဆက်တိုက်မလာဘူး..တက်တဲ့အချိန်ရှိသလို ကျတဲ့အချိန်လည်းရှိဦးမှာပဲ..ဘိုးဘွားရိပ်သာကို တစ်ယောက်တည်းရောက်သွားပြီး..အလှုရှင်တွေကျွေးတဲ့ထမင်း..လက်အုပ်ကလေးချီ..ဆုတောင်းမေတ္တာပို့..စားရတဲ့ဘ၀မျိုးလည်း ရောက်နိုင်သေးတာပဲ..လောကမှာ..မဖြစ်နိုင်တာ..ဆိုတာဘာမှမရှိဘူးလေ..


အသက်ကြီးလာတဲ့အခါ မေ့လာခဲ့ရင် ဘုရားစာတောင် မရွတ်တတ်တော့တဲ့ ဖိုးဘွားတွေ တွေ့ဖူးတယ်..

သတိမမေ့အောင် သတိကပ်နေတဲ့အကျင့်ကိုလုပ်ရမယ် တရားများများထိုင်ရမယ်..ပိုက်ဆံဆိုတာ အိုစာ နာစာ ရှိတော့ရှိရမယ်..ဒါပေမဲ့.. တချို့..ကုပ်ကပ်ပြီးစုကြတာ.. အသက်ကြီးလာတော့..ကိုယ့်မှာ.. ဘယ်လောက်ရှိလဲ ဆိုတာတောင်မေ့သွားပြီ..အချိန်တန်တော့ ထိုက်တဲ့သူပဲရသွားတာပဲ..သူရဖို့အတွက် မလှုရက် မတန်းရက် မစားရက် မသောက်ရက်..ခြစ်ကုတ်ပြီး စုပေးခဲ့ရသလိုပဲ..မတန်ပါဘူး..


သတိတွေကောင်းတုန်းမှာ.အလှုအတန်းတွေ များများလုပ်ခဲ့ရမယ်..ကိုယ့် နောက်ကို ပါမဲ့ ကိစ္စမျိုးတွေပေါ့..

ကိုယ်သေသွားရင်တောင် ကိုယ်လှူဒါန်းခဲ့တဲ့ ကိုယ့်ငွေက မသေဘူး..အမြဲတမ်း စီး၀င်နေသမျှ ကိုယ်လည်း ကုသိုလ်တွေရနေမယ်လေ..


တကယ်တမ်း ဖြစ်လာပြီဆိုရင်..ဘယ်လိုနေရာမျိုးမှာ နေရနေရ ကျောတစ်ခင်းစာလေးရှိရင်ကို လုံလောက်နေပြီ..လူတွေရော..နေရာ အကျယ်အ၀န်းတွေရော..ရာထူးဂုဏ်သိန်တွေ.. စည်းစိမ်ဥစ္စာ ချမ်းသာတွေဆိုတာ..အများကြီး..မလိုတော့ပြီ..ရှိနေရင်တောင်..မေ့တဲ့ဟာတွေမေ့ကုန်ပြီ..ခြေတစ်လှမ်းလှမ်းဖို့တောင် သိပ်ခက်ခဲတဲ့အချိန်ကို ရောက်နေပြီဆိုရင်..ကိုယ်ထားခဲ့ရမှာတွေအတွက် ပူပင်တဲ့စိတ်ဆိုတာ ရှိနိုင်ပါဦးတော့မလား.


နောက်ဆုံးတော့..သားသမီးရှိတဲ့သူဖြစ်ဖြစ်..မရှိတဲ့သူဖြစ်ဖြစ်..တစ်နေ့တော့ သေသွားကြမှာပဲ..

တစ်ယောက်တည်းထွက်သွားရမှာပါပဲ..ကိုယ့်နောက်ဆုံးအချိန်ကိုဘယ်လိုကျော်ဖြတ်သွားမလဲ..ဘယ်လိုပြင်ဆင်ထားရမလဲ ဆိုတာလောက်ပဲ စိတ်၀င်စားတော့တယ်


ဒီလောက်ပါပဲ သိပ်လည်းတွေးပူမနေပါနဲ့လေ..


မွန်ဟော်စီ

၂၀၁၉


#မနက်စာအာဟာရ

54 views0 comments

Comentarios


bottom of page