ရင်ထဲမှာ မကောင်းဘူးဆိုတဲ့ ခံစားမှုလေးက မီးစသေးသေးလေး ထိုးနေသလိုမျိုးပဲ။ နိုးနေကျအချိန်ထက် စောနေတာကြောင့် အိပ်ရာထဲပြန်ဝင်နေရင်း အဲဒီအပူစလေးကို ပျောက်အောင် ကြိုးစားနေမိတယ်။ ဒါပေမဲ့ စိတ်က ဟိုတွေးဒီတွေး ဟိုရောက်ဒီရောက်ဖြစ်လာတဲ့အခါမှာ အဲဒီအပူစလေးဟာ ကွမ်းသီးလုံးလောက်အရွယ်လေး ဖြစ်လာတာကို ခံစားမိတယ်။ အတွေ့အကြုံနဲ့ အလေ့အကျင့်တွေအရ အဲဒီအပူစလေးဟာ ဘောလုံးကလေးလို လုံးလုံးလေးဖြစ်နေ။တယ် ဒါဟာ Negative Energy Ball လေးဆိုတာကို သိနေတယ်။ ဒီအပူလုံးလေးထဲမှာ သောကပါတယ်။
စိုးရိမ်မှုပါတယ်။ ကြောက်ရွံ့ခြင်းတွေပါတယ်။ အတိတ်ကအရိပ်တွေ ရှေ့ကို ကြိုတွေးပုံဖော်တွေးတောနေတာတွေ ဝမ်းနည်းတာတွေလည်းပါတယ်။ ကျွန်မ အိပ်ရာထဲမှာ ဆက်နေနေရင်းနဲ့ ဒီအလုံးလေးကို စိုက်ကြည့်နေမိပါတယ်။ ဆယ်မိနစ်လောက်ကြာတော့ အိပ်ရာထဲကထွက်လိုက်တော့မှပဲ ရတော့မယ်လို့ သေချာသွားတယ်။ မအိပ်ခင်ညဦးပိုင်းက ကျွန်မတို့လင်မယား အခြေအနေတစ်ခုနဲ့ပတ်သက်ပြီး ဆွေးနွေးမိကြတာရှိတယ်။ ကျွန်မအတွက်က အဖြေရှိနေပေမယ့် သူ့အတွက် အဖြေမရှိသေးတော့ ကျွန်မစိတ်မကောင်းဖြစ်မိတာလည်းပါတယ်။ သူ့ရဲ့ခံစားချက်ကို သူမှပဲသိနိုင်မှာပဲ။
သေချာတာကတော့ ကျွန်မရဲ့ ဘေးမှာတစ်ညလုံးရှိနေတဲ့ သူ့ဆီက Energy တွေ ကျွန်မဆီကို စိမ့်ဝင်ကူးစက်နေခဲ့တာလည်း သေချာတယ်။ နောက်ဆုံးတော့ ဒီနေရာကထ အခန်းထဲကထွက်မှရတော့မယ်လို့ သိလိုက်ရပါတယ်။ လုပ်စရာရှိတာ နည်းနည်းပါးပါးလုပ်တယ်။ ခြံထဲမှာ တရားသံခပ်တိုးတိုးဖွင့်တယ်။ အမွှေးတိုင်တွေ ထွန်းတယ်။ ကျွန်မထိုင်ဖို့အတွက်ကတော့ ဧည့်ခန်းထဲမှာပဲ ပြတင်းပေါက်တွေဖွင့်လိုက်တယ်။ အရုဏ်ဦးရဲ့ အအေးဓာတ်ကို ကိုယ်ခန္ဓာကစပြီး ခံစားရမိတယ်။ ရနံ့မွှေးဖယောင်းတိုင်လေးတွေထွန်းလိုက်တယ်။ ကျွန်မအတွက်တော့ လိမ္မော်သီးရနံ့၊ စပါးလင်အနံ့တွေဟာ စိတ်ကို ပြေလျော့စေပါတယ်။ ဒါဟာ ရနံ့ကုထုံးလည်းဖြစ်တယ်။ အသံကုထုံးအနေနဲ့ကတော့ ရေစီးသံနဲ့ Piano အသံ ပေါင်းထားတဲ့ဂီတသံ Relaxing Music လေးကိုဖွင့်ရင်း တင်းနေတဲ့အကြောတွေလျော့တယ်။ မျက်နှာတွေ နှုတ်ခမ်းတွေ လက်ချောင်းလေးတွေကအစ တင်းတောင့်နေခဲ့တာကို သတိထားမိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စကားနည်းနည်းပြောတယ်။ အဓိကကတော့ အရာရာသည်အမြဲမရှိ။ ခဏပဲ။ မဖြစ်ချင်တာတွေဖြစ်နေသလို ဖြစ်ချင်တာတွေလည်း မဖြစ်တတ်တာ တရားအကြီးအကျယ်ပြနေတာပဲ။ အခုကြုံနေရတဲ့ သောကအပူနဲ့ပတ်သက်ပြီး ဘာတွေပဲဖြစ်ဖြစ် သေချာတာကတော့ ဖြစ်လာတဲ့အရာတစ်ခုဟာ အကောင်းဆုံးတစ်ခုဖြစ်ပါလိမ့်မယ်။ ကိုယ့်ကုသိုလ်တွေကို ယုံကြည်တယ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း Affirmation ပေးလိုက်ပါတယ်။ စိတ်ကလေး အင်အားရှိသွားမှ အသက်ရှုတာကိုစလုပ်တယ်။ အဲဒီလို ရှုသွင်းရှုထုတ်လုပ်ရင်း ခုနတုန်းကရှိနေတဲ့ Negative Energy Ball လေးက သေးသေးပြီး နောက်ဆုံးမှာပျောက်သွားပါတော့တယ်။ ၄၅မိနစ်လောက်တော့ အားထုတ်လိုက်ရပါတယ်။ ဒီအလုံးလေးကို စစဖြစ်ခြင်းအချိန်မှာ သတိလည်းမထားမိဘူး။ ပျောက်သွားအောင်လည်းမလုပ်နိုင်ဘူးဆိုရင် တစ်နေ့လုံး စိတ်ဖိစီးမှုတွေနဲ့ လေးလံနေမှာ ဖြစ်ပါတယ်။ ညီမတစ်ယောက်ကတော့ သူက ရင်ထဲမှာမကောင်းဘဲ အိပ်ရာက နိုးလာတာမျိုးရှိပေမယ့် အဲဒီလို လုံးလုံးလေးဆိုတာကိုမခံစားတတ်ဘူးလို့ဆိုပါတယ်။ တကယ်တော့ လုံးတာပြားတာကအရေးမကြီးဘဲ အပူရှိနေပြီဆိုရင် အအေးဓာတ်သွင်းပြီး ကိုယ့်ကိုယ်ကိုယ် ကုစားတတ်ဖို့ လိုပါတယ်။ မှောင်နေပြီဆိုရင်အလင်းတွေဖြန့်ပေးရမယ်။ ပူနေတယ်ဆိုရင အအေးတွေဖြန့်ပေးရမယ်။ ညစ်ထေးနေတယ်ဆိုရင်လျှော်ဖွပ်ပစ်လိုက်တာဟာ ကျွန်မတို့ နေ့စဉ်လုပ်ရမယ့် စိတ်အလုပ်ပဲဖြစ်ပါတယ်။ တကယ်တော့ ကျွန်မတို့ဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့အပူတွေရှိနေသမျှ ဘယ်တော့မှအငြိမ်းဓာတ်ကိုရမှာမဟုတ်ပါဘူး။ ကျွန်မတို့ငြိမ်းအေးမှုကိုရှာဖွေတယ်ဆိုတာ အခုတောက်နေတဲ့မီးလေးတစ်စကို ခဏတာငြိမ်းအေးသွားအောင် ငြိမ်းသတ်လိုက်နိုင်တာပဲဖြစ်တယ်။ ဒါပေမဲ့ သာမန်ပုထုဇဉ်လူသားတွေအနေနဲ့ကတော့ ဒီလောက်လေးငြိမ်းနိုင်တယ်ဆိုတာကလည်း အတော်အရာရောက်တယ်လို့ ပြောရမှာပါပဲ။ သောကတွေငြိမ်းဖို့ဆိုတာ တရားနှလုံးသွင်းမှု အသင့်အတင့်ရှိနေဖို့လည်းလိုပါတယ်။ တရားနှလုံးသွင်းတယ်ဆိုတာ တရားကိုကျင့်သုံးတာပဲ။ အခြေအနေတွေကို မှန်မှန်ကန်ကန်ဆင်ခြင်စဉ်းစားတာ Contemplation ကလည်း သမာဓိရအောင်တရားထိုင်တာ Concentration ထက် ပိုအကျိုးရှိတယ်လို့ ပါချုပ်ဆရာတော်ကြီးတရားမှာ နာရပါတယ်။ Contemplation ဆိုတာ ဖြစ်ပျက်သဘာဝတရားတွေ အစိုးမရတာတွေကို ဉာဏ်နဲ့ကြည့်တတ်ပြီး ဆင်ခြင်စဉ်းစားတတ်ခြင်းလည်း ဖြစ်တယ်။ တရားနဲ့နေ တရားနဲ့ဖြေဆိုတာ တရားနှလုံးသွင်းဖို့ ဆိုလိုတာပါပဲ။ Right Understanding လို့လည်း ပြောနိုင်တယ်။ သမ္မာဒိဋ္ဌိ မှန်ကန်စွာ သိနားလည်ခြင်းလည်း ဖြစ်တယ်။ ဒါဟာလည်း အပူငြိမ်းစေတဲ့ ဖြေဆေးတစ်မျိုးပါပဲ။ တကယ်တော့ ကျွန်မတို့ဟာ တစ်နေ့တစ်နေ့ အပူတွေနဲ့ နေနေကြတာများပါတယ်။ တချို့အပူတွေက သိမ်မွေ့စွာနဲ့ တငွေ့ငွေ့ ဖြစ်တည်နေတယ်။ ဖြစ်လို့ ဖြစ်နေမှန်းတောင်မသိကြဘူး။ အာရုံတွေပြောင်းလိုက်ရင် ပျောက်သွားတယ်။ တချို့ အရမ်းကိုလောင်လာတော့မှသိတယ်။ သိတဲ့အခါကျ အကုန်တောက်လောင်ပြာကျကုန်ပြီး ဘေးကိုပါ ကူးစက်ကုန်ပြီ။ ပူနေရတာတွေများလွန်းတော့လည်း နေရတာမတန်ဘူး။ အေးငြိမ်းမှုကိုမရဘူး။ ကိုယ်တိုင်လည်း အပူငြိမ်းချင်သလို သူများကိုလည်း အပူတွေ ငြိမ်းစေချင်ပါတယ်။ ဘယ်သူမှ လာလုပ်ပေးလို့မရလို့ ကိုယ်တိုင် ကြိုးစားကြည့်စေချင်ပါတယ်။
မွန်ဟော်စီ အောက်တိုဘာ ၂၀၂၂
#မနက်စာအာဟာရ
Comentários