top of page
Search

သက်မဲ့နေပေမဲ့ အကြီးဆုံးစွမ်းအင်..Energy ကို..အထင်အရှားပြနိုင်တာက ငွေပဲ ဖြစ်ပါတယ်..

Updated: Jan 10, 2023





သက်ရှိသက်မဲ့တွေတိုင်းမှာ စွမ်းအင် Energy တွေရှိကြတယ်လို့ဆိုတယ်..သက်မဲ့နေပေမဲ့ အကြီးဆုံးစွမ်းအင်..Energy ကို..အထင်အရှားပြနိုင်တာက ငွေပဲ ဖြစ်ပါတယ်.. ဘာဖြစ်လို့လဲ..ဆိုရင် ကျွန်မတို့ဟာ သူ့ကိုနေ့စဥ် အသုံးပြုနေရတာဖြစ်ပြီး..သူကလည်း ဘဝတွေကို..အဆင်ပြေအောင်.. ရပ်တည်နိုင်အောင်.. ထောက်ပံ့ပေးထားနိုင်လို့ပဲ ဖြစ်ပါတယ်..


ဘဝမှာ ငွေတွေရလာကြတယ်..ရသမျှကို စုတာ..သုံးတာ..ပေးတာ..စသည်ဖြင့် လုပ်ကြရပါတယ်..ဝင်လာတာနဲ့ ထွက်သွားတာနဲ့ နေ့စဥ်ဘဝမှာ..စီးဆင်းနေတဲ့ငွေကို Cash flow လို့ ခေါ်ပါတယ်..ငွေဟာ စွမ်းအင်ဖြစ်သလို..လူဟာလည်းစွမ်းအင်ဖြစ်တယ်..ဒီစွမ်းအင်နှစ်ခုဟာ..ကိုက်ညီလာပြီ.. ချိတ်ဆက်မှုရှိလာပြီဆိုရင် ..လက်ထဲမှာ.. ငွေမြဲတာ.. ငွေသုံးတဲ့အခါ စိတ်ချမ်းသာရတာတွေ ဖြစ်လာရပါတယ်..ငွေနဲ့ လူရဲ့ စွမ်းအင်တွေ ထိစပ်နေတာကို Energy Cycle နဲ့ ပြောထားတာ ဖတ်ဖူးပါတယ်..ငွေတွေ ဘယ်လိုရအောင် ရှာမလဲဆိုတာလည်း ..အရေးကြီးသလို ဘယ်လိုသုံးမလဲ

ဆိုတာကလည်း.. အရေးကြီးပါတယ်..


Cash Inflowဆိုတာကတော့..ကိုယ့်ဆီကို ရောက်လာတဲ့ငွေကို ဆိုလိုတယ်..တနည်းအားဖြင့်..Creating Your Money ဘယ်လိုပုံစံနဲ့ဝင်လာလဲ ပိုက်ဆံတွေရောက်အောင်ဘယ်လိုလုပ်လဲ..ဆိုတာပါပဲ..


Is your money creation based on good intention?

ကိုယ်ပိုက်ဆံရှာတဲ့ နည်းလမ်းဟာ ကောင်းသော ရည်ရွယ်ချက်တွေပါရဲ့လား..?


တချို့လူတွေဟာ..ပိုက်ဆံတွေတော့ရှာနိုင်ပါတယ်..ဒါပေမဲ့ ကောင်းတဲ့ ရည်ရွယ်ချက်မပါတာမျိုး ဖြစ်နေတတ်ပါတယ်..လာဘ်ထိုးတဲ့ငွေကို လက်ခံတာမျိုး..မရှိမှန်းသိနေလျက်နဲ့..ခက်ခဲသူဆီက ငွေတောင်းတာ ငွေညှစ်တာမျိုးပါပဲ. တချို့ကျတော့..ငါပိုက်ဆံရအောင် ကလေးတွေကို စာသင်ပေးမယ်..နေမကောင်းတဲ့လူတွေကိုပြုစုမယ်..ခရီးသွားတွေကို ကားမောင်းပို့မယ်..အိမ်တွေကို သန့်ရှင်းရေးလုပ်ပေးမယ်..စျေးမှန်မှန်လေးရောင်းပေးမယ်..ကောင်းကောင်းလေး ချက်ပေးမယ်..ဆိုတာမျိုးက Good Intention ဖြစ်သွားပါတယ်..


What energy do you give to bring in money ?

ပိုက်ဆံတွေရဖို့အတွက်ဘယ်လို Energy မျိုးကိုသုံးလိုက်သလဲ..?


လူသတ်လိုက်သလား..ခိုးလိုက်သလား..ကလိန်ကကျစ်လုပ်လိုက်သလား..သူများပိုက်ဆံယူပြီး မပေးဘဲထား လိုက်တာလား ..သူများဦးနှောက်ဖောက်စားတာလား..ဒါမှမဟုတ် တစ်ယောက် သိသွားပါစေ..တတ်သွားပါစေ..နေကောင်းကျန်းမာပါစေ..သွားလိုရာခရီးကိုချောချောမွေ့မွေ့ရောက်ပါစေ..

သန့်သန့်ရှင်းရှင်းလေး ရှိကြပါစေ..အဆင်ပြေကြပါစေ.. စားကောင်းကြပါစေ..ဆိုတဲ့..စေတနာမျိုးတွေနဲ့ အားထုတ်မှုတွေ..ရှိကြပါသလား? Willingness လို့ပြောရမှာပါ..ကောင်းတဲ့..စေတနာရှိနေတဲ့အခါ Energy ကလည်း အမြင့်ပိုင်းကို ရောက်နေတာမျိုးပါပဲ..


What value do you have to produce money?

ပိုက်ဆံရှာတဲ့နေရာမှာ..ဘယ်လို...တန်ဖိုးမျိုးသတ်မှတ်ထားသလဲ..?


လျှာပေါ်မှာ မြက်ပေါက်သွားပါစေ..ခိုးတော့မစားဘူး..မသန့်ရှင်းတဲ့လူတွေဆီက ငွေကို လက်မခံဘူး ..စသည်ဖြင့် ကန့်သတ်ချက်တွေထားတာပါ။ မဟုတ်မမှန်သော ..မတရားသော..နည်းလမ်းတွေနဲ့ ပိုက်ဆံကို ရှာဖွေခြင်း..လက်ခံခြင်းမပြုတာမျိုးလည်း ဖြစ်ပါတယ်..


What non financial costs and benefits come back to you?

ပိုက်ဆံမဟုတ်တဲ့ အခြားသော အကျိုးကျေးဇူးတွေ ဘာတွေရှိနေသေးလဲ..?


တချို့အလုပ်တွေက ငွေကြေးအားဖြင့်ရတာနည်းတယ် ဒါပေမဲ့..မိတ်ဆွေတွေတိုးပွားတယ် ပညာရတယ် ..စိတ်ပျော်ရွှင်ရတယ်။ ရတော့ရလိုက်တယ်..သူများမျက်ရည်ပေါက်ကြီးငယ်ကျမှ ဆိုရင်တော့ ..ဒါဟာ..အကျိုးကျေးဇူး Benefits မဟုတ်ဘဲ..ကုန်ကျစရိတ် Costs ပုံစံမျိုး ဖြစ်သွားပါပြီ..သတိမထားမိပေမဲ့..ကိုယ့်ဘက်က အများကြီး ပါသွားပါပြီ..တစ်ခါတလေကျတော့..သံသရာ အဆက်ဆက် ပြန်ဆပ်နေရတဲ့ costs တွေ ဖြစ်သွားတတ်ပါတယ်..


Cash Outflow ဆိုတာကတော့ ကိုယ့်ဆီကနေ ထွက်သွားတဲ့ ငွေပါ..Using your money ပိုက်ဆံတွေဘယ်လိုထွက်သွားလဲ..ဘယ်လိုပုံစံနဲ့ပိုက်ဆံတွေကိုသုံးလိုက်သလဲ လို့ စဥ်းစားရမှာ ဖြစ်ပါတယ်..


How much money do you pay for what you bring in?

ကိုယ်ရလာတာတွေ အတွက် ဘယ်လောက်တောင် ပေးလိုက်ရသလဲ..?


အများကြီးသုံးလိုက်ပေမယ့် မပျော်ရွှင်ရဘူး.. ကုသိုလ်လည်းမရလိုက်ဘူး..တချို့တွေ ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်လို့ အများကြီးလှုကြတာမျိုးရှိပါတယ်..ငါမို့လို့လှုနိုင်တာဆိုတဲ့ မာန မျိုး..ဖြစ်သွားရင်..ဘာမှ မရတော့ ပါဘူး..တချို့ကျတော့ သေးသေးလေးပဲကုန်ကျခံလိုက်ရတယ်.. စိတ်ထဲမှာ အများကြီး ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ ခံစားရတယ်..ဥပမာ..လမ်းခွေးလေးကို ပါမုန့်လေးတစ်ထုပ် ဝယ်ကျွေးလိုက်ပြီး..သူတော့ အဆာပြေသွားရှာပြီလို့.. မေတ္တာကရုဏာ ဖြစ်တာမျိုးပါပဲ..


Does your money connect you with a deeply satisfying life?

ပိုက်ဆံတွေ သုံးလိုက်ရတိုင်းမှာ ကျေနပ်နှစ်သိမ့်မှုတွေ ဖြစ်ပါသလား..


ကျွန်မဆိုရင် ..အရင်က..ပိုက်ဆံသုံးလိုက်တိုင်းမှာ..နှမျောနေတတ်တယ်..Lack Mentality ရှိခဲ့ပါတယ်..ကုန်သွားမှာ.. မကျန်တော့မှာ စိုးတာမျိုးပါပဲ..ခုနောက်ပိုင်းကျတော့ Abundance Mentality ကို ပြောင်းလဲလာခဲ့တယ်..သုံးသမျှပြန်ရမယ်လို့ပဲ စိတ်မှာထားတယ်..အဲလို ပြန်ရဖို့လည်း သုံးလိုက်တိုင်းမှာ ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်ပဲ စိတ်ကို ထားလိုက်ပါတယ်..


စျေးသည်ဆီမှာ စျေးဝယ်ရင်တောင်..ပိုဝယ်လိုက်မိလည်း ကိစ မရှိဘူး.. သူပိုရသွားတယ် ..သူပျော်သွားမှာပဲ ..ငါ့ဆီက ဒီလောက်ကလေး လျော့သွားတာ ပြသနာ မဟုတ်ဘူးလို့ တွေးတတ်လာခဲ့တယ် ..သူပိုရသွားတာ .. ကိုယ့်မှာ ကုသိုလ်ဖြစ်တာပဲလို့ စဥ်းစားလိုက်တယ်..


Does your money bring value and energy back to you?

ပိုက်ဆံတွေ ထွက်သွားပေမဲ့ ကောင်းတဲ့ Energy တွေ တန်ဖိုးတွေ ပြန်ရပါသလား တဲ့


တချို့ကျတော့ ပေးလိုက်ရတယ်ဆိုပြီး မပျော်တာမျိုး ဖြစ်တတ်တယ်.. သူငယ်ချင်းတွေနဲ့ စားတဲ့နေရာမှာ.. ကိုယ်ကျွေးလိုက်ရတဲ့အလှည့်ဆို သိပ်မပျော်တော့ဘူး ဆိုတာမျိုး ဖြစ်တတ်တယ်..ဒါဆို ပိုက်ဆံသာ သုံးလိုက်ရပေမဲ့..ကောင်းတဲ့ Energy တွေပြန်ရမလာဘူး..


ကိုယ်ကျွေးလိုက်ရတဲ့အတွက် ဝမ်းသာတယ်..မိတ်ဆွေတွေနဲ့ ဒီလို စားသောက်စကားပြောလိုက်ရတာ.. ပိုတန်ဖိုးရှိတယ်.. ပျော်စရာကောင်းတယ်..လို့ တွေးတတ်ရင် ကောင်းတဲ့ Energy တွေ ဖြစ်သွားပါတယ်..


ပိုက်ဆံတွေ အများကြီးဝင်လာမှ Cash Flow တွေ အရမ်းကောင်းနေမှ ချမ်းသာတယ်လို့ မဆိုနိုင်သလို..

ပိုက်ဆံသိပ်မရှိပေမဲ့ စိတ်ချမ်းသာစွာ..နေနိုင်တဲ့သူတွေရှိတယ်..အဓိကကတော့ ရှာတတ်ဖို့နဲ့ သုံးတတ်ဖို့ပါပဲ.. သုံးလို့တောင်မကုန်ဘူးဆိုရင်လည်း ..သေသွားတဲ့တစ်နေ့..ကိုယ်ရှာသမျှဟာ..သူများအတွက်သာ ဖြစ်သွားမှာပါပဲ..


ငွေရှာတဲ့အခါမှာလည်း လောဘ ဒေါသ မပါဘဲ Energy အမြင့်ဆုံး အသန့်ရှင်းဆုံးငွေကို ရှာပါ..သုံးတဲ့အခါလည်း..လောဘ ဒေါသ..မာန်မာန ..မစရိယ မပါဘဲ..အသန့်ဆုံး Energy..အမြင့်ဆုံး Energy တွေရအောင် ပြန်သုံးပေးတတ်ဖို့လိုပါတယ်.. ပစ္စုပ္ပန်ကံရော..အနာဂတ်ဘဝကံအတွက်ပါ. အကောင်းဆုံးနည်းနဲ့ ငွေကိုလက်ခံပြီး..အကောင်းဆုံးနည်းနဲ့ သုံးရမှာပါ..


ကုန်သမျှဟာ..ပြန်ရနေရမယ်..ကုန်-ရ ဖြစ်ရမယ်..ကုန်ကျ မဖြစ်ရဘူးလို့ ယောဆရာတော်ကြီး ဟောတာလည်း နာခဲ့ရဖူးပါတယ်..


မွန်ဟော်စီ

ဒီဇင်ဘာ ၂၀၂၁


#မနက်စာအာဟာရ


32 views0 comments

Comments


bottom of page