top of page
Search

Growing old နဲ့ Growing up အဓိပ်ပါယ်မှာ မတူညီပါ

Updated: Jan 12, 2023





Growing old ဆိုသည်မှာ ရုပ်သက်ကြီးလာခြင်းဖြစ်၍ Growing up ဆိုတာက စိတ်ဓာတ် အားဖြင့် ရင့်ကျက်လာခြင်း ၊ ပြည့်၀ လာခြင်းကိုဆိုလိုပါသည်။ လူတစ်ယောက် အသက်ကြီးလာခြင်းနှင့် စိတ်ဓာတ်အားဖြင့် ရင့်ကျက်လာခြင်းဟုဆိုနိုင်ပါသည်


  • မိမိ၏ စိတ်ချမ်းသာပျော်ရွှင်မှူများအားလုံး မိမိပိုင်ဆိုင်သော အရာဝတ္ထုများပေါ်မှီတည်နေသည် လို့ သင်ယုံကြည်ထားမိပါက သင်သည် ရင့်ကျက်သူတစ်ယောက်မဟုတ်သေးပါ။ ပိုင်ဆိုင်မှူတွေများလေ စိတ်ပူပန်မှူတွေပိုရလေဖြစ်ကြောင်းသဘောပေါက်ပါ။ လိုအပ်တာထက် ပိုရှိနေလျှင် မလိုအပ်သော သောကမျိုးရတတ်ပါသည်။ အရိုးရှင်းဆုံးဘဝက စိတ်အချမ်းသာရဆုံး အခြေအနေကိုပေးပါသည်။


  • လိုအပ်တာနှင့် လိုချင်တာကို မခွဲခြားနိုင်လျှင် သင်သည် ရင့်ကျက်သောသူမဟုတ်သေးပါ။ လိုအပ်တာသည် Needs လိုချင်တာက Wants ဖြစ်ပါသည်။ ကျွန်မတို့မှာ နေ့စဉ် ဘာလေးမဆို လိုအပ်လို့ လုပ်နေတာထက် လိုချင်လို့လုပ်နေတာတွေကများပါသည်။ ဗိုက်တကယ်ဆာလို့ အာဟာရအလို့ငှာ စားသည်မဟုတ်ဘဲ လျှာက အရသာခံချင်သောကြောင့် အစားအစာ ကိုမဆာဘဲစားသည်နှင့်တူနေပါသည်။ အဝတ်အစားကို ဝတ်သင့်လို့ ဝယ်သည်ထက် ဝတ်ချင်လို့ ကြိုက်လို့ ဝယ်ကြတာကများပါသည်


  • အလုပ်တစ်ခုခုလုပ်မည်ကြံတိုင်း ကိုယ့် ဆုံးဖြတ်ချက် ကိုယ့်အတွေးအခေါ်ဖြင့် မလုပ်နိုင်ဘဲ ပတ်ဝန်းကျင်က လူအများကြိုက်မှ သဘောကျမှ လုပ်ရဲသည်ဆိုလျှင် သင်ရင့်ကျက်သူ တစ်ယောက် မဖြစ်သေးပါ။ ကိုယ်မှန်နေသမျှ ပတ်ဝန်းကျင်ကို ကြောက်စရာမရှိ သင်လုပ်သောအလုပ်ကို ကြိုက်သူတွေက ကောင်းတယ် ပြောမည်ဖြစ်ပြီး မကြိုက်သူများက ဆိုးတယ်လို့ ဝေဖန်ကြမှာ သဘာဝပါ..သို့သော်လည်း သင့်ကို သူတို့က ၇ရက်ထက်ပို၍ စိတ်ဝင်စားခြင်းမရှိကြောင်းသတိပြုပါ


  • နေ့စဉ်ပတ်သက်ဆက်ဆံနေရသော လူတွေထံမှာ ..ပတ်ဝန်းကျင်ထဲမှာ..ကောင်းသောအရာများကို မရှာဖွေနိုင်လျှင် သင်သည် ရင့်ကျက်သူတစ်ယောက်မဟုတ်သေးပါ။ နေ့စဉ် တစ်အိမ်လုံးအလုပ် သိမ်းကျုံး လုပ်ရသော အိမ်ရှင်မတစ်ဦးကို ကျေးဇူးမတင်ဘဲ သူချက်တဲ့ဟင်း...တစ်ခါလေး ဆားထည့်ဖို့မေ့လိုက်တာကို..ဟင်းချက်တာ ဆားမပါဘူး အသုံးမကျလိုက်တာလို့ အပြစ်တင် တတ်တာ မျိုးဖြစ်ပါသည်..နေပူရင်ပူပြန်ပြီ မိုးရွာရင်ရွာပြန်ပြီ.. တစ်ချိန်လုံး ဘာကိုမှ မကျေနပ်နိုင်တာမျိုး တွေလည်းပါဝင်ပါသည်။ တစ်ခါတစ်ရံမှာ ပန်းရနံ့ကလေး လေပြည်ထဲ မွှေးနေတာကိုပင် ကျေးဇူးတင်ကြည့်လိုက်ပါ..အကောင်းမြင်တတ်ပါစေ..


  • မိမိ ဘယ်လိုတော်ကြောင်း တတ်ကြောင်း ချမ်းသာကြောင်း အဆက်အသွယ် ကောင်းကြောင်း စသည်တို့ကို.ကြွားမဆုံးနိုင်ဖြစ်နေပါက သူတစ်ပါးကို အထင်ကြီးခြင်း အထင်သေးခြင်းတွေ ကြားမှာ..သင်သည် ရင့်ကျက်သောသူ တစ်ယောက်မဟုတ်သေးပါ လူတိုင်းမှာ ကိုယ့် အစွမ်းအစနှင့်ကိုယ်ရှိကြောင်းနားလည်လက်ခံပါ..ကိုယ်မတတ်သည့်ကိစ္စ သူလုပ်တတ်နေပါက အဲဒီကိစ္စတွင် သူဟာ ဆရာကြီးဖြစ်ကြောင်းနားလည်သဘောပေါက်ပါ လေးစားတတ်ပါစေ


  • ယောက္ခမ နှင့်ချွေးမယောကျာ်း နှင့်မိန်းမ မိဘနှင့် သားသမီး မိတ်ဆွေအချင်းချင်း..ဆက်ဆံရေးတွေမှာ သူကတော့ငါ့ကို ဘာပေးမှာပဲ သူ့ဆီကတော့ငါ ဒါမျိုးရသင့်တယ် မျှော်လင့်နေတတ်သေးလျှင် Expectation တွေထားနေလျှင် သင်သည် ရင့်ကျက်သူ.တစ်ယောက်မဟုတ်သေးပါ...ဘယ်သူက ဘယ်လိုလဲဆိုတာလက်ခံ လိုက်ဖို့ဖြစ်ပါသည်။ သူတို့ကိုပြောင်းလဲဖို့မကြိုးစားဘဲ ကိုယ့်စိတ်ကိုယ်ကို ပြောင်းလဲဖို့သာကြိုးစားပါကိုယ့်စိတ်ကို ကျေနပ်ပျော်ရွှင်စေခြင်းအတွက် ကိုယ်ကိုယ်တိုင်သာ တာဝန်ရှိသည်။ မည်သူ့မှာမှတာဝန်မရှိပါ..


  • ဘဝအတွက် မလိုအပ်ဘဲလေးပင်နေသောအရာများကို စိတ်ညစ်ညူးစွာ သင်ထမ်းပိုးထားနေပါလျှင် သင်သည် ရင့်ကျက်သူတစ်ယောက်မဟုတ်သေးပါ။ မိမိအတွက် ကောင်းကျိုးမရှိသောအရာများကို လွှတ်ချလိုက်နိုင်တာကလည်းသတ္ထိတစ်မျိုးပင်ဖြစ်ပါသည်။ အလုပ်တစ်ခု.. အိမ်ထောင်တစ်ခု.. အခြေအနေတစ်ခုတွင်.. ဘယ်လိုမှ နေပျော်ခြင်းမရှိတော့ပါလျှင် အမြန်ဆုံး ဖြတ်တောက်စွန့်ခွာဖို့ ကြိုးစားရမှာဖြစ်သည်။


  • ဘာလုပ်လုပ် ကိုယ်ပြောသမျှ ကိုယ်လုပ်သမျှသာ မှန်သည်ဟု သင်ယူဆပါက သင်သည် ရင့်ကျက်သူတစ်ယောက်မဟုတ်သေးပါ။ သားသမီးပင်ဖြစ်ပါစေ လက်အောက်ငယ်သားပင်ဖြစ်ပါစေ သူများရှူထောင့်ကလည်းမှန်နေနိုင်ကြောင်း ဖြည့်ပြီးစဉ်းစားတတ်ပါစေ။ နားထောင်တတ်ဖို့ကလည်း လိုသေးသည်။


  • ခွဲရ ခွာရ ဝမ်းနည်းရ နာကျင်ရသော လောကဓံ တရားများကို ကြောက်ရွံတုန်လှုပ်နေသ၍ သင်သည် ရင့်ကျက်သူတစ်ယောက်မဟုတ်သေးပါ။ ဘဝသည် အနိမ့်အမြင့်များစွာဖြင့် ဖြစ်တည်နေခြင်း ဖြစ်ပါသည်။ အရာရာသည်အမြဲမရှိပါ လူတိုင်း ဘဝမှာ အမြဲ ပျော်မနေသလို.. တချိန်လုံးငိုနေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။


  • ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာကို ကိုယ်မသိသ၍ သင်သည် ရင့်ကျက်သူ တစ်ယောက်မဟုတ်သေးပါ။ လူတိုင်းသည် ကိုယ့်အရှိန်နှင့်ကိုယ်သွားတတ်ကြပါသည် သူများပြေးနေတာတွေ့တိုင်း ကိုယ်လိုက်မပြေးနိုင်တာကို သဘောပေါက်ပါ။


  • ကိုယ့်ဘဝကို တစ်သီးတစ်ခြားစီဖြစ်သော သူများဘဝတွေနှင့် နှိုင်းယှဉ်ကြည့်နေမိပါက သင်သည် ရင့်ကျက်သူတစ်ယောက်မဟုတ်သေးပါ။ စိတ်ချမ်းသာပျော်ရွှင်မှုများသည် စိတ်အတွင်းကသာ လာပါသည်။ စိတ်ကို အသန့်ရှင်းဆုံးထားနိုင်သူသည် အပျော်ရွှင်ဆုံး အလွတ်လပ်ဆုံးနှင့် အရင့်ကျက်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ရင့်ကျက်မှု၌ ယောကျာ်းမို့လို့ ပို၍ရင့်ကျက်သည်မိန်းမမို့လို့ပို၍ ရင့်ကျက်သည် စသည်ဖြင့် ခွဲခြားမရသလို အသက်ငယ်တာ ကြီးတာနှင့်လည်း ရင့်ကျက်မှုကို တိုင်းတာမရနိုင်ပါ.. တစ်ချို့အသက်ငယ်ငယ်လေးနှင့် တွေးခေါ်စဉ်းစားပုံ ဘဝကိုရှူမြင်ပုံ စိတ်အနေတတ်ပုံတို့မှာ အလွန်ရင့်ကျက်နေတတ်ကြပါသည်


ရင့်ကျက်သည်ဆိုသည်မှာ အကြောင်းအကျိုးညီညွတ်လျော်ကန်စွာ ခွဲခြားသိမြင်နိုင်ခြင်း နှလုံးသွင်းနိုင်ခြင်းလည်း ဖြစ်ပါသည်


Growing old is mandatory.အသက်ကြီးလာတာက သင်က မလိုချင်သော်လည်း သူ့အလိုလို ကြီးလာသည် တား၍မရ..


Growing up is optional. စိတ်ဓါတ်တွေ အတွေးအခေါ်တွေ ရင့်ကျက်လာဖို့က သင့်ရွေးချယ်မှုတစ်ခုပင် ဖြစ်ပါသည်..


မွန်ဟော်စီ

၂၀၁၈


25 views0 comments

Comments


bottom of page