top of page
Search

Intention နဲ့သွားနေရင် အကြောင်းတွေပေါင်းစုံလာတဲ့ တစ်ချိန်ချိန်မှာ တကယ့်လမ်းပေါ်ရောက်သွားလိမ့်မယ်..။

ကျွန်မ တစ်ခါ.. မန္တလေးမှာစာအုပ်မိတ်ဆက်ပွဲ သွားလုပ်တုန်းက သမီးအရွယ်လောက်ရှိတဲ့..စာဖတ်သူလေးတစ်ယောက်က..လာပြီးနှုတ်ဆက်တယ်..


သူပြောတဲ့စကားက..မှတ်မှတ်ရရပဲ.. အန်တီ..သမီး သမ္ဗုဒ္ဓေဂါထာ ..တစ်နေ့တစ်ထောင်ရွတ်တယ်တဲ့ ..ကျွန်မလည်းဝမ်းသာအားရနဲ့..အေး..သမီး...ဆက်ရွတ်လို့..ပြောခဲ့မိပါတယ်...

အဲဒီတုန်းကကျွန်မက ကိုယ်တိုင်လည်း..သမ္ဗုဒ္ဓေတစ်ထောင်ရွတ်နေတဲ့အချိန်ပါပဲ ..သံဗုဒ္ဓေဂါထာနေ့စဉ်

အခေါက်ရေ တစ်ထောင်ရွတ်ဖတ်တာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပါပဲ ..


ပြောရမယ်ဆိုရင်..ဆယ်ခုနှစ်တစ်ခုကိုကျော်နေခဲ့ပါပြီ.. ဘုရားကိုတကယ်ယုံကြည် ကိုးကွယ်တဲ့စိတ်နဲ့ရွတ်တာလည်းပါသလို... အကျင့်ပါနေလို့ ..မရွတ်ဘဲမနေနိုင်လို့.. ရွတ်နေကျဖြစ်နေလို့ .. ရွတ်ရတာကြိုက်လို့..အဲဒီလိုရွတ်မှကိုယ့်ရဲ့ ယုံကြည်မှုတွေတိုးတက်လာလို့..

အစရှိသဖြင့်..အကြောင်းတွေကလည်း အများကြီးပါပဲ..


သမ္ဗုဒ္ဓေဂါထာကို ရွတ်ရင်..ဆုတောင်းတွေ...လိုအင်ဆန္ဒတွေပြည့်တယ် စသဖြင့် မျှော်လင့်ချက်တွေလည်း..ပါခဲ့တာအမှန်ပါပဲ ..တကယ်လည်း ပြည့်ခဲ့ဖူးတာ အကြီးအကျယ်တွေ ရှိပါတယ်..


ပြောရမယ်ဆိုရင်..မနှစ်ကအထိ..ကျွန်မ သမ္ဗုဒ္ဓေဂါထာကိုတစ်နေ့တစ်ထောင် ရွတ်ပါတယ်.. သွားရင်းလာရင်း..လုပ်ရင်းကိုင်ရင်းကားမောင်ရင်းနဲ့.. တစ်နေ့တစ်နေ့လည်းအခေါက်ရေပြည့်ခဲ့တာပါပဲ..


ရွတ်တာ..ဖတ်တာ..အဓိဌာန်လုပ်တာဟာ..ငယ်ငယ်ကတည်းကကိုဝါသနာပါတဲ့အတွက်ကြောင့်..သုံး..လေး ..တန်းလောက်ကစပြီး ဘုရားကောင်းကောင်းရှိခိုးပြီး..ဆုကောင်းကောင်းတောင်းတတ်နေပါပြီ...အဓိဋ္ဌာန်တွေလုပ်တတ်ပြီး .. ဒါလုပ်တဲ့အတွက်..ဒါရပါစေလို့..ပြောတတ်နေပါပြီ..


မနှစ်ကတော့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကလည်း ..အမျိုးစုံ ထိခိုက်နာကျင်ရတာတွေများတော့ လက်ထဲမှာ..မြက်ကလေးတစ်ပင်ပဲရရ ဟိုတစ်ခု..ဒီတစ်ခု ဆိုသလို..

လိုက်ဆွဲနေသလိုမျိုးဖြစ်ခဲ့ပါတယ်..

ဆရာတွေလည်းတွေ့သလို..နည်းနာနိသယတွေလည်းစုံခဲ့ပါတယ်..


ကျွန်မ..တစ်နေ့တစ်နေ့ရွတ်ဖတ်တဲ့ ပရိတ်တွေ..ပဌာန်းတွေ..ဂါထာတွေကလည်း အခေါက်ရေ..ရာထောင်ချီပြီး..တကယ့်ကိုမနိုင်မနင်းကြီးကိုဖြစ်လာပါတယ်.. အဲဒီမှာ..ဘာကိုသွားတွေ့မိသလဲဆိုရင် ကျွန်မစိတ်က..လုံးဝအေးချမ်းမှုမရှိတော့ပါဘူး.. ပျော်လည်းမပျော်တော့ဘူး..


ဒီနေ့..ဒါတွေကိုပြီးအောင်..ရွတ်ရမယ်ဆိုတဲ့စိတ်နဲ့ ပူပင်တဲ့စိတ်တွေဖြစ်တယ်.. မပြီးဘူးဆိုရင်စိတ်ရှုပ်တယ် ..တစ်ခါတလေကျတော့..

ကိုယ့်လောဘနဲ့ကိုယ် ပူလောင်ရင်း

ဒေါသတောင်ထွက်လာပါတယ်...လောဘနောက်က ဒေါသလိုက်လာတာနော်..


ညကိုးနာရီထိုးနေပြီ.. သဗ္ဗုဒ္ဓေက

အခေါက် ၃၀၀ လောက်ပဲပြီးသေးတဲ့အခါ နောက်ထပ် ၇၀၀ ပြည့်အောင်ဘယ်လိုရွတ်ရပါတော့မလဲ..ဆိုပြီးကျွန်မက ဂဏာမငြိမ်တွေဖြစ်လာပါတော့တယ်.. မပြီးမှာစိုးတဲ့အတွက်..တစ်ခါတလေကျွန်မက အမျိုးသားနဲ့ထိုင်ပြီးရုပ်ရှင်ကြည့်နေတဲ့အချိန်မှာတောင်မှ ပုတီးကိုလက်ဖဝါးထဲမှာဝှက်ပြီး စိတ်ထဲက..ဂါထာရွတ်နေမိပါတယ် ..

ဘာမှလည်းအဓိပ်ပါယ်မရှိပါဘူး ..ပြီးချင်တဲ့စိတ်ကလွဲပြီး ယုံကြည်စိတ်လည်းမရှိတော့ပါဘူး...ကြည်ညိုစိတ်လည်းမရှိတော့ပါဘူး..ပြီးချင်တဲ့ လောဘစိတ်နဲ့..မပြီးရကောင်းလားလို့..ကိုယ့်ကိုယ်ကိုယ်ဒေါသတွေထွက်လာတာသာ..အဖတ်တင်ပါတယ်..အကုသိုလ်တွေ ဖြစ်နေရပါတယ်..


ဒါနဲ့ နှစ်ကုန်ပိုင်းလောက်မှာ ကျွန်မက အဲဒီလိုအဓိဋ္ဌာန်တွေအများကြီးလုပ်တာကို လျှော့ချလိုက်ပါတယ် ..အရင်တုန်းကအရေအတွက် Quantity

ကိုပဲဦးစားပေးတယ်...အရည်အသွေး Quality

မပါဘူး..


အခုတော့..အရည်အသွေးကိုပဲဦးစားပေးလိုက်ပါတယ် ..သမ္ဗုဒ္ဓေဆိုရင်ကိုးခေါက်ပဲရွတ်လိုက်ပါတယ်..ဒါပေမယ့်..အဲဒီကိုးခေါက်ရွတ်နေတဲ့အချိန်မှာ...ဒီဂုဏ်တော်ရဲ့အနှစ်သာရကိုစိတ်ထဲမှာပွားပြီး အေးမြတဲ့စိတ်...ကြည်လင်တဲ့စိတ်နဲ့ပဲ..အာရုံပြုရွတ်လိုက်ပါတယ် ..

ပဋ္ဌာန်းဆိုရင်..ကျွန်မက အရင်က. .တစ်နေ့ကိုလေးခေါက်ရွတ်တယ်...ဒီကနေသုံးခေါက်..နှစ်ခေါက်.. အခုတစ်ခေါက်ပဲရွတ်ပါတယ် ..


မနက်တစ်ခေါက်ရွတ်တယ်..ညနေဘက်ကျတော့..ပဌာန်းနဲ့ပတ်သက်ပြီး Study လုပ်လိုက်ပါတယ် .. အရင်ကလည်း..ပဌာန်းကိုလေ့လာသင်ယူဖူးပေမယ့်.. ပဌာန်းကျမ်းကြီးကိုနားလည်ဖို့ဆိုတာ.. အင်မတန်ဉာဏ်ကြီးတဲ့ လူတွေမှသာ..နားလည်မှာ လို့်..ဆရာမကြီးပြောတဲ့အတိုင်း ကိုယ့်ရဲ့ဉာဏ်က လိုက်မမီတဲ့အခါ

တစ်ခါ မှတ်ပြီးလည်း ကျွန်မမေ့သွားပြန်တာပါပဲ ..


ဒီလိုနဲ့ စိတ်မှတ်မဲ့အခေါက်ပေါင်းများစွာရွတ်နေမိပြန်ရော.. အခုတော့..တစ်နေ့ကို ပစ္စည်းတစ်ခုပဲ..မကျေသရွေ့..အဓိပ်ပါယ်ပြန်ဖတ်..ပြန်စဉ်းစားလုပ်မိပါတယ်.. ပဌာန်းကို အဓိပ်ပါယ်နားမလည်ဘဲ..ရွတ်နေတာထက်..နေ့စဥ်ဘဝမှာပါ..အသုံးချ..မြင်ကြည့်နိုင်အောင်

နားလည်အောင်.. ဆင်ခြင်နေတာကပိုပြီးအဓိပ်ပါယ်ရှိတယ်လို့ယုံကြည်ယူဆလာပါတယ်


အခုဆိုရင်နှစ်တနှစ်ရဲ့ လေးပုံတစ်ပုံ ကျိုးတော့မှာဖြစ်ပါတယ်..အချိန်တွေကုန်တာအရမ်းမြန်ပါတယ်.. ဒီနှစ်မှာတိုးတက်လာတာတွေက ကျွန်မသည် ဘာသာရေးနဲ့ပတ်သက်ပြီး စိတ်ရဲ့လွတ်မြောက်မှုတွေကို စတင်ပြီးခံစားလာရပါတယ်..စိတ်အေးချမ်းလာပါတယ်


ဘာသာရေးလုပ်တယ်ဆိုတာ ကျွန်မတို့ကစိတ်အေးချမ်းမှုကိုရှာဖွေတာပါပဲ ..စိတ်ရဲ့အေးချမ်းမှုကိုရှာဖွေတဲ့နေရာမှာဒေါသတွေဖြစ်နေတာ..ကြောင့်ကြဖြစ်နေတာ..မကျေမနပ်ဖြစ်နေတာတွေ..ရှိနေတယ်ဆိုရင် အထက်လမ်းကို..ဘယ်လိုတက်နိုင်မှာလဲလို့..တွေးလိုက်မိတဲ့အခါ တချို့သောအရာတွေကိုလွှတ်ချနိုင်ခဲ့ပါတယ် ..


ဒါတွေ ရွတ်တာ မကောင်းဘူး..

ဒီလောက်..မရွတ်သင့်ဘူး..

ဒါတွေ မလိုအပ်ဘူး..လို့ ဆိုလိုခြင်းမဟုတ်ဘဲ ကျွန်မရဲ့ စိတ်ကဖြစ်လာတဲ့ လွတ်မြောက်မှုလေးကို မျှဝေခြင်းသာဖြစ်ပါတယ်..


ခုတော့... အန်တီက သမ္ဗုဒ္ဓေတစ်ထောင်ရွတ်လို့ပြောလို့..သမီးလည်းရွတ်နေတယ်ဆိုတဲ့...သမီးကိုတွေ့ရင်ဘယ်လိုပြောပြရမယ်ဆိုတာ..တွေးမိနေသေးတယ်..


အချိန်ရှိနေတယ်.. တခြားအရာတွေလည်း..လုပ်စရာသိပ်မရှိသေးဘူးဆိုရင်ရွတ်ပါ..စိတ်အနှောက်အယှက်မဖြစ်ဘဲ စိတ်အေးကြည်သာစွာနဲ့ ရွတ်ဆို ပူဇော်နိုင်တယ်ဆိုရင်ပြဿနာမရှိပါဘူး .. အဓိပ်ပါယ်မသိဘူးဆိုရင်တောင် စိတ်အကြည်ဓာတ်ရနေတဲ့အတွက်..ကုသိုလ်စိတ်ဖြစ်နေပါတယ်..


မနိုင်မနင်းတွေဖြစ်လာပြီး..စိတ်တွေတို.. စိုးရိမ်စိတ်တွေဖြစ်..မကျေမနပ်တွေဖြစ်...စိတ်ရှုပ်ထွေးမှုတွေပေါ်လာတဲ့အခါဆိုရင်တော့ ဒါဟာ ကိုယ့်အတွက်အရမ်းများနေပြီလားဆိုတာကိုစဉ်းစားသင့်ပါတယ်


Facebook ကမိတ်ဆွေညီမငယ် Emerald Green @ မဝတ်ရည်နဲ့ တွေ့တဲ့အခါ..သူက.. ဒီလူ့ဘဝကိုရောက်လာတုန်း.. တစ်မဂ်တစ်ဖိုလ်အပါယ်တံခါးပိတ်အောင် ကျင့်ကြံသွားမယ်.. နိဗာန်ရောက်ဖို့လမ်းကိုသာ ရည်ရွယ်ထားလိုက်ပါဆိုတဲ့ Intention Setting လုပ်ဖို့ ပြောခဲ့တဲ့အတွက် အားတက်ပြီး ပျော်ရွှင်မိပါတယ်


အဲဒီ Intention နဲ့သွားနေရင် အကြောင်းတွေပေါင်းစုံလာတဲ့ တစ်ချိန်ချိန်မှာ တကယ့်လမ်းပေါ်ရောက်သွားလိမ့်မယ်..ဆိုတာအတွက် အားတက်မိပါတယ်.. ကိုယ့်ဘက်ကကြိုးစားနေဖို့သာလိုပါတယ်


အခုဆိုရင် အရည်အသွေး Quality ကိုဦးစားပေးတဲ့အလုပ်တွေအများကြီးတိုးလုပ်လာနိုင်တာကိုတွေ့ရပါတယ် ..အရင်က..အဓိဌာန်ပြီးဖို့တွေ အသည်းအသန်လုပ်နေရတဲ့အတွက်တရားထိုင်ရင်တောင်..စိတ်မဖြောင့်ပါဘူး ..အခုတော့ ပိုပြီး တရားထိုင်ဖြစ်လာတယ် သတိနဲ့နေတဲ့အချိန်ကို ပိုပြီး..မွေးမြူလာနိုင်ပါတယ်..


ဘုရားရှိခိုးတွေ အရှည်ကြီးရွတ်နေတာထက်..ကျွန်မကတော့..နမောတသ ရွတ်ပြီး ဘုရားကို ရင်ထဲမှာအေးနေတဲ့အချိန်..အာရုံယူပူဇော်ကန်တော့ခဲ့တာဟာ.. ဆရာကြီးရွှေဥဒေါင်းရဲ့ ဘုရားရှိခိုးပုံရှိခိုးနည်းကလေးကိုဖတ်မိတဲ့အချိန်က..စလို့ပါပဲ ..

နေစဥ်ဘုရားဆွမ်းတော်ကပ်တာ .. အပတ်တိုင်းဓာတ်ကြီးလေးပါးဆွမ်းတော်ကပ်တာ..လပြည့်နေ့တွေမှာ

ကံကြွေးချေကန်တော့တာ..

ပဌာန်းလမ်း..ရေလမ်း. အလင်းလမ်း.. စိတ်ကူးပေါက်ရင်ပေါက်သလိုပူဇော်တာ.. မြင်အပ်မမြင်အပ်အစောင့်ရှောက်ပုဂ္ဂိုလ်တွေအတွက်

နေ့စဥ် မဟာသမရသုတ် ခြံထဲမှာဖွင့်ထားပြီး အလှူဒါန လုပ်ပေးတာ..တွေ ကျွန်မ လုပ်နေတုန်းပါပဲ..

ဒါပေမဲ့.. လုပ်နိုင်တဲ့အတိုင်းအတာထဲမှာ..ဖြစ်နေတဲ့အတွက်စိတ်သက်သာမှု..စိတ်လွတ်မြောက်မှုရှိနေပါတယ်..


ဂါထာတွေကို..အခေါက်ရေများများ

မရွတ်ရတော့လို့ ..မပြီးစီးလို့..အတိုက်ခိုက်တွေကြုံရတော့မှာပဲ..စီးပွား ဥစ္စာတွေလျော့ကျသွားတော့မှာပဲဆိုတဲ့စိတ်မျိုးလည်း မရှိတော့ပါဘူး.. စိတ်ထဲမှာ..ကိုယ်ရွတ်နေတဲ့ စကားလုံးတွေရဲ့ အနှစ်သာရနဲ့

ကိုယ်ရဲ့ ယုံကြည်မြတ်နိုးမှုသဒ်ဓါတရားဟာတစ်သားတည်း.. အေးမြစွာထပ်တူရှိနိုင်ခဲ့ပါတယ်..


မွန်ဟော်စီ

မတ်လ ၂၀၂၂


#မနက်စာအာဟာရ

#လွတ်မြောက်ခြင်း


Photo

Internet

1,499 views0 comments

Comentários


bottom of page