top of page
Search

Interdependence...အပြန်အလှန်ဆက်စပ်ခြင်း



A Path to Happiness through the Noble Eightfold Path

မဂ္ဂင်ရှစ်ပါးနဲ့ ပျော်ရွှင်မှုလမ်းကိုရှာဖွေခြင်း


ဗုဒ္ဓရဲ့ စိတ်ပညာရှုထောင့်ကကြည့်မယ်ဆိုရင် အခြေအနေတွေ၊ အဖြစ်အပျက်တွေရဲ့အမှန်တရား Reality ကို အမှန်သိမြင်နိုင်ခြင်းဟာ စိတ်ပျော်ရွှင်ခြင်းရဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။


Interdependence ဆိုတာဟာ အပြန်အလှန်ဆက်သွယ်မှီခိုနေထိုင်မှုဖြစ်ပါတယ်။ လူတွေဟာ တစ်ကိုယ်တည်း တစ်ယောက်တည်းနေထိုင်လို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေကျရင် အထီးကျန်တယ်လို့ ခံစားရနေတတ်ပါတယ်။ တချို့နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေမှာ လူတွေဟာ Highly Individualistic ဖြစ်ကြပါတယ်။ တစ်ကိုယ်တည်းရှင်သန်နိုင်တယ်၊ တစ်ယောက်တည်း ရှင်သန်နိုင်တယ်ဆိုတဲ့စိတ်ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အထီးကျန်ခြင်းကို ဦးတည်လာတတ်ပါတယ်။


တကယ်တမ်းမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဆက်စပ်မှုရှိပါတယ်။ အဲဒီလိုအပြန်အလှန်ဆက်စပ်မှုတွေ၊ တုံ့ပြန်မှုတွေဟာ ဦးနှောက်ရဲ့ဓာတုဗေဒဖြစ်စဥ် Brain Chemistry ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကပါ ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှုတွေကို ပြုလုပ်လာတတ်တာဖြစ်ပါတယ်။


ကိုယ့်ဆီမှာ ခက်ခဲတဲ့ဒုက္ခလိုအခြေအနေတစ်ခုပေါ်ပေါက်လာတယ်ဆိုရင် အဲဒီဒုက္ခဟာ ကိုယ့်တစ်ယောက်တည်းခံစားရတဲ့ဒုက္ခမဟုတ်ဘဲ ဒီလိုဒုက္ခကိုခံစားနေရတဲ့ ကိုယ်လိုလူတွေလည်း အများအပြားရှိနေသေးတယ်ဆိုတဲ့အတွေးဟာ လူတွေအချင်းချင်းချိတ်ဆက်နေမှုကိုပြပါတယ်။ ရင်ဆိုင်ကြရတယ်၊ ကျော်ဖြတ်ကြရတယ်။ လူတိုင်းဒီလိုပါပဲ။


အဲဒါကိုတွေးမိတယ်ဆိုရင် ကိုယ့်တစ်ယောက်တည်းဖြစ်နေပါလားဆိုတဲ့ဒုက္ခက ခံစားရတာသက်သာသွားပါတယ်။ အချင်းချင်းအပြန်အလှန်မှီခိုမှု Interdependence ကိုနားလည်ဖို့ ဗုဒ္ဓရဲ့မဂ္ဂင်ရှစ်ပါးလမ်းစဉ်နဲ့ ချဉ်းကပ်ကြည့်နိုင်ပါတယ်။


ဗုဒ္ဓဘာသာမှာ မဂ္ဂင်ရှစ်ပါးဆိုတာ ဗဟိုချက်မဖြစ်တဲ့လမ်းစဉ်တစ်ခုဖြစ်ပြီး Interconnectedness အပြန်အလှန်ဆက်နွှယ်မှုကိုအမှန်တရားနဲ့ ကြည့်မြင်တယ်။ ဟန်ချက်ညီတဲ့ ဘဝကို နေထိုင်ရင်း ပျော်ရွှင်မှုရစေဖို့ ပြည့်စုံတဲ့လမ်းညွှန်ချက်တစ်ခုပဲဖြစ်ပါတယ်။


Right Understanding

မှန်ကန်သောနားလည်မှု


မှန်ကန်သောနားလည်မှုဆိုတဲ့နေရာမှာ အရာခပ်သိမ်းရဲ့မမြဲတဲ့သဘောကို အမှန်အတိုင်း နားလည်ခြင်းပါဝင်ပါတယ်။


လူသားတွေရဲ့ အပြန်အလှန်မှီခိုနေသော သဘောသဘာဝကို အသိအမှတ်ပြုခြင်းလည်းပါဝင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းဟာ သူနဲ့ပတ်သက်နေတဲ့တခြားသူတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ပျော်ရွှင်မှုနဲ့ ဆက်ဆံနေတာကိုနားလည်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပျော်အောင်နေတတ်လာမှာဖြစ်တယ်။ ကိုယ်တစ်ယောက်တည်း ခံစားနေတယ်လို့ထင်တဲ့ ဆင်းရဲဒုက္ခတွေကလည်း လျော့ပါးသက်သာလာပါတယ်။


Right Intention

မှန်ကန်သော ရည်ရွယ်ချက်


မှန်ကန်သောရည်ရွယ်ချက်ဆိုတာဟာ ကြင်နာမှု၊ မေတ္တာ၊ ကရုဏာနဲ့ စေတနာရဲ့တန်ဖိုးတွေပဲဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီနဲ့ သူတို့ရှိနေတဲ့ Community တစ်ခုလုံးရဲ့ ပျော်ရွှင်အေးငြိမ်းမှုကိုရဖို့ မှန်ကန်တဲ့ရည်ရွယ်ချက်တွေ သတ်မှတ်ထားရှိဖို့လိုပါတယ်။ ကိုယ်နေ့စဉ်ပြောတဲ့စကားတွေထဲမှာ၊ ကိုယ်နေ့စဉ်လုပ်တဲ့အလုပ်တွေထဲမှာ၊ ကိုယ်အချိန်တိုင်းတွေးနေတဲ့အတွေးအကြံတွေထဲမှာ အဲဒီမှန်ကန်တဲ့ရည်ရွယ်ချက်ကို ရာခိုင်နှုန်းတော်တော်များများထည့်ထားနိုင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မှီခိုမှုရဲ့ ညီညွတ်မျှတခြင်းတွေမှာပျော်ရွှင်မှုကိုခံစားရမှာဖြစ်ပါတယ်။



Right Speech

မှန်ကန်သောစကား


မှန်ကန်သောစကား ပြောဆိုခြင်းကို လူတိုင်းကအလိုရှိပေမယ့် အချိန်တိုင်းမှာတော့ မနှစ်သက်တတ်ကြပါဘူး။ မှန်ကန်တဲ့စကားတွေဟာ ကောင်းမွန်တဲ့စကားတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ သူများရဲ့အကျိုးကိုရှေးရှုတဲ့စကားတွေလည်း ဖြစ်ဖို့လိုအပ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့အကျိုးကို ရှေးရှုလိုက်တယ်ဆိုရင် ဒီစကားဟာ ကြင်နာတဲ့စကား၊ စေတနာပါတဲ့စကားလို့ ပြောရမှာဖြစ်ပါတယ်။ အချင်းချင်းဆက်သွယ်မှီခိုနေခြင်းမှာ တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါတိုင်း မှန်ကန်တဲ့စကားနည်းလမ်းတွေနဲ့ ပြောဆိုနိုင်ဖို့ အားပေးတာဖြစ်ပါတယ်။ ဒီလိုစကားတွေကြောင့်မို့လို့ လူတွေရဲ့ဆက်ဆံရေးနဲ့ သူတို့နဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်မှာ လေးနက်တဲ့အကျိုးသက်ရောက်မှုတွေကို ရရှိနိုင်တာဖြစ်ပါတယ်။


အချင်းချင်းအပြန်အလှန်ဆက်သွယ်နေတဲ့သဘောသဘာဝမှာ နားလည်မှုတွေရှိနေတယ်ဆိုရင် ပျော်ရွှင်ခြင်းကလည်း လိုက်ပါလာမှာပဲဖြစ်ပါတယ်။ အချင်းချင်း အဆင်မပြေခဲ့ဘူးဆိုရင် ပျော်ရွှင်မှုတွေကိုခံစားရမှာမဟုတ်ပါဘူး။



Right Action

မှန်ကန်သော လုပ်ဆောင်ချက်


မှန်ကန်သောလုပ်ဆောင်ချက်ဆိုတာက ကျင့်ဝတ်နဲ့ သမာဓိရှိစွာ ပြုမူ ဆောင်ရွက်ခြင်းတွေ ပါဝင်ပါတယ်။


အချင်းချင်းဆက်စပ်နေကြတဲ့ သဘောသဘာဝအတိုင်း တစ်ဦးချင်းစီရဲ့လုပ်ဆောင်ချက်တွေဟာ တခြားသူတွေနဲ့ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတာဖြစ်ပါတယ်။ Mindful ဖြစ်နေတယ်ဆိုရင် လုပ်ရမယ့်အလုပ်တွေကို ဂရုတစိုက်လုပ်ဆောင်နိုင်ပါတယ်။ ကိုယ့်အလုပ်တွေကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးလုပ်ဆောင်တာဟာ ကမ္ဘာလောကကြီးကို အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အားလုံးရဲ့ပျော်ရွှင်မှုကိုရရှိနိုင်တာဖြစ်ပါတယ်။



Right Livelihood

မှန်ကန်သော အသက်မွေးဝမ်းကြောင်း


မှန်ကန်သော အသက်မွေးဝမ်းကြောင်းဆိုတာက သူတစ်ပါးကို မထိခိုက်စေဘဲ အားလုံးရဲ့ကောင်းကျိုးချမ်းသာကို အကျိုးပြုတဲ့နည်းလမ်းနဲ့ အသက်မွေးဝမ်းကြောင်းပြုခြင်းဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ဆိုင်တဲ့ အခြေခံမူတွေနဲ့ ကိုက်ညီတယ်၊ Ethic ဖြစ်တယ်ဆိုတဲ့အလုပ်တွေကို ရွေးချယ်ခြင်းနဲ့ ပျော်ရွှင်မှုကိုလည်း တည်ဆောက်နိုင်တာဖြစ်ပါတယ် ။ အချင်းချင်းချိတ်ဆက်မှုရဲ့Web of Life မှာ ကိုယ်ပါဝင်တဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုနိုင်တာဖြစ်ပါတယ်။


ချမ်းသာသုခနဲ့ပျော်ရွှင်ခြင်းဆိုတာကို ငွေကြေးပစ္စည်းဥစ္စာတိုင်းတာခြင်းနဲ့ သတ်မှတ်ကြပေမယ့် တကယ်တမ်းချမ်းသာခြင်းဆိုတာဟာ သူများကို မျက်ရည်ပေါက်ကြီးငယ်ကျအောင်မပြုဘဲ ကောင်းမွန်စွာအသက်မွေးမှုပြုနိုင်ခြင်းဟာလည်း ချမ်းသာပျော်ရွှင်ခြင်းအစစ်အမှန်ဖြစ်ပါတယ်။



Right Effort

မှန်ကန်သော အားထုတ်မှု


မှန်ကန်သောအားထုတ်မှုဟာ အပြုသဘောဆောင်တဲ့စိတ်ကို မွေးမြူခြင်းနဲ့ အဆိုးမြင်ခြင်းတွေကိုစွန့်လွှတ်ခြင်းလည်းဖြစ်ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းခြင်းနဲ့ မိမိကိုယ်နဲ့ တခြားသူများရဲ့ ချိတ်ဆက်မှုကို အားကောင်းစေပြီး ငြိမ်းချမ်းပျော်ရွှင်ခြင်းကိုရရှိနိုင်ပါတယ်။


မေတ္တာဟာ အခြေခံအကျဆုံးဖြစ်ပြီး မေတ္တာမထားနိုင်ဘူးဆိုရင် သနားကရုဏာထားနိုင်ပါတယ်။ အဲဒါထက် ဘာမှပိုမလုပ်နိုင်ဘူးဆိုရင်တော့ ဥပက္ခာထားတတ်ဖို့လိုပါတယ်။



Right Mindfulness

မှန်ကန်သော သတိပဋ္ဌာန်


မှန်ကန်သောသတိပဋ္ဌာန်ဟာ အတွေး၊ စိတ်ခံစားမှု၊ အပြောအဆိုနဲ့ လုပ်ဆောင်ချက်များပါဝင်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကို အပြည့်အဝ သတိထားနေခြင်းပဲဖြစ်ပါတယ်။ သတိပဋ္ဌာန်တရားကြောင့်ပဲ လူတွေရဲ့အတွေ့အကြုံတွေ၊ အချင်းချင်းအပြန်အလှန်ဆက်စပ်မှုတွေ၊ ကိုယ့်ရဲ့အတွေးအကြံအလုပ်တွေက ပတ်ဝန်းကျင်အပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာတွေကို နက်နက်နဲနဲမြင်နိုင်ဖို့ ကူညီပေးတာဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကို ဉာဏ်ပညာနဲ့ အပေါ်ကနေ ရှုမြင် တုံ့ပြန်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကို ရရှိနိုင်တာဖြစ်ပါတယ်။



Right Concentration

မှန်ကန်သော အာရုံစူးစိုက်မှု


မှန်ကန်သော အာရုံစူးစိုက်မှုဆိုတာက နေ့စဉ်ဘဝရဲ့ အလုပ်တွေအပေါ် မှာ အာရုံစူးစိုက်ပြီး ငြိမ်သက်တဲ့စိတ်ကို ဖွံ့ဖြိုးစေဖို့ရည်ရွယ်ပါတယ်။ လမ်းပေါ်မှာ ကားမောင်းတယ်ဆိုရင် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး မောင်းနေတာက သီလ Discipline ၊ဂရုတစိုက်မောင်းနေတာက သမာဓိလို့ခေါ်တဲ့ Concentration နဲ့ ကားကိုကျော်တက်ဖို့ စဉ်းစားဆုံးဖြတ်လိုက်တာကတော့ပညာ Wisdom အစရှိသဖြင့် သီလ၊ သမာဓိ၊ ပညာကို ကိုယ့်ရဲ့အလုပ်တိုင်းမှာအသုံးချနိုင်တယ်ဆိုတဲ့အကြောင်းလေး ဆရာကြီးဒေါက်တာဦးစိုးလွင်ဆီက နာယူမှတ်သားခဲ့ဖူးပါတယ်။


လူသားတွေအချင်းချင်းအပြန်အလှန်မှီခိုမှု Interdependence နဲ့အချင်းချင်းချိတ်ဆက်မှု Interconnectedness ကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ မွန်မြတ်တဲ့လမ်းရှစ်သွယ်နဲ့ ပိုပြီးရှင်းလင်းစွာမြင်ရနိုင်မှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းအားဖြင့် ပျော်ရွှင်မှုကိုလည်း မြှင့်တင်ပေးနိုင်တယ်။ တစ်ဦးချင်းစီဟာ သီးခြားသတ္တဝါတွေအဖြစ် နေထိုင်ကြတာမဟုတ်ဘဲ အချင်းချင်းချိတ်ဆက်နေတဲ့ ကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အသိအမှတ်ပြုခြင်းနဲ့ စာနာစိတ်ကိုလည်း တိုးမြင့်လာနိုင်တယ်။ လက်တွေ့ဘဝနဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်မှုဟာ ဆင်းရဲဒုက္ခတွေကို လျော့နည်းစေပြီးတော့ မှန်ကန်တဲ့ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။


96 views0 comments

Comments


bottom of page