top of page
Search

IQ,EQ & AQ

Updated: Mar 8, 2023


အိုင်ကျူ IQ လို့ပြောလိုက်ပြီဆိုရင် လူတော်တော်များများက ဥာဏ်ရည်နဲ့ပတ်သက်ပြီး ပြောတယ်ဆိုတာတော့သဘောပေါက်ကြပြီးဖြစ်ပါတယ်..


ယေဘူယျအားဖြင့် IQ အိုင်ကျူမြင့်တဲ့သူကို ဥာဏ်ရည် မြင့်တဲ့ လူတော်အဖြစ်သတ်မှတ် နားလည်ကြပြီး အိုင်ကျူ နိမ့်တယ်ဆိုရင် ဥာဏ်ရည်နိမ့်တဲ့ လူညံ့အဖြစ်သတ်မှတ်ကြပါတယ်..


သာမာန်လူတစ်ယောက်ရဲ့ အိုင်ကျူ ဥာဏ်ရည် အနိမ့်အမြင့်ကို တိုင်းတာတဲ့အခါ ပျှမ်းမျှအားဖြင့် ၈၀မှ ၁၂၀ကြားရှိတတ်ကြပြီး ၁၂၀ထက်ကျော်ရင် ဥာဏ်ကောင်းတယ် ဥာဏ်ရည်မြင့်တယ်လို့ ဆိုကြပါတယ်


ဒီနေရာမှာ စဉ်းစားမိတာက

ငယ်ငယ်တုန်းက အတန်းထဲမှာ အရမ်းစာတော်တဲ့ သူတချို့ ကြီးလာတော့ တကယ့်လက်တွေ့ဘဝမှာ ဒိတ်ဒိတ်ကြဲ မအောင်မြင်ကြတာမျိုးတွေရှိသလို..

ငယ်ငယ်ကစာတော်တယ်ဆိုတဲ့အထဲမပါဝင်ပေမဲ့ ကြီးလာတော့ လက်တွေ့ဘဝမှာ အောင်မြင်နေတဲ့သူတွေရှိနေတာပါပဲ..


စာဖတ်သူတွေလည်းကြုံဖူးကြမှာပါ


အောင်မြင်တယ် ဆိုရာမှာ..

သူဌေးကြီးဖြစ်သွားလို့.. နာမည်ကြီးသွားလို့..

ဂုဏ်တွေ ရာထူးတွေကြီးသွားလို့

ဆိုတာတွေထက်

သာမာန် အိမ်ထောင်ရှင်မ တစ်ဦးဖြစ်နေပေမဲ့ မိသားစု ထဲမှာ ပျော်ရွှင်အေးချမ်းစွာနေထိုင်နိုင်တာ...


သာမာန်ဝန်ထမ်းတစ်ဦးဖြစ်ပေမဲ့လည်း အလုပ်ခွင်ထဲမှာ အဆင်ပြေ စွာ ပြောဆို ဆက်ဆံလုပ်ကိုင်တတ်ခြင်းများကိုလည်း..အောင်မြင်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်..


ဥာဏ်ရည်ထက်မြက်တာနဲ့ ဘဝအောင်မြင်တိုးတက်မှုဟာ တိုက်ရိုက်အချိုးမကျဘူးလို့ ပြောရမလိုဖြစ်နေပါတယ်..


အဲတော့ ဘဝမှာ အောင်မြင်တိုးတက်ဖို့ ဥာဏ်ရည်ထက်မြက်မှုတစ်ခုတည်းနဲ့မလုံလောက်ဘူးလားလို့ မေးစရာဖြစ်လာပါတယ်..


အိုင်ကျူကိုစိတ်ဝင်စားလို့လိုက်ဖတ်တော့ Emotional Quotient လို့ခေါ်တဲ့ EQ အီးကျူဆိုတာကိုသွားတွေ့ပါတယ်


အီးကျူကတော့ စိတ်ခံစားမှုတွေကို ဥာဏ်ရည်သုံးပြီး စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်..


သဘောကတော့ အိုင်ကျူနဲ့ အီးကျူဆိုတာ လူတစ်ယောက်ဘဝ အဆင်ပြေချောမွေ့ဖို့အတွက်.. ယှဉ်တွဲ အသုံးချ စဉ်းစားရမဲ့ အရာ ၂ခုပဲဖြစ်ပါတယ်


ကျွန်မတို့ လူတွေမှာက အမျိုးစုံသော စိတ်ခံစားမှုတွေ စက္ကန့်နဲ့အမျှ ဖြစ်ပေါ်နေတတ်ကြပါတယ်


ဝမ်းနည်းတာ

ဝမ်းသာတာ

ပျော်တာ

လွမ်းတာ

စိတ်ဆိုးတာ

ဒေါသထွက်တာ

ဒီထဲမှာ အဆိုးဆုံးနဲ့ လူကို ဒုက္ခအပေးဆုံးကတော့ ဒေါသစိတ်ပဲဖြစ်ပါတယ်...ဒေါသဆိုတာက ကိုယ်တိုင်ကိုလည်း လောင်မြိုက်စေတတ်ပြီး

ဘေးပတ်ဝန်းကျင်ကိုလည်းအပူဟပ်တတ်တဲ့သဘောမှာရှိပါတယ်


ဆရာ တစ်ယောက်ကတော့ ဒေါသထွက်ဖို့ဆိုတာလွယ်တယ်

ခက်တာက အဲဒီဒေါသကို

ဘယ်သူ့အပေါ်ထွက်ရမယ်

ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ထွက်ရမယ်ဆိုတာကို မသိကြတာပါပဲတဲ့


ဘာလို့မသိကြတာလဲဆိုတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု သူတို့တွေမှာ အားနည်းနေလို့ပဲပေါ့..သတိဆိုတဲ့ Self Awareness မရှိရင် ကိုယ့်ခံစားချက်တွေကိုထိန်းချုပ်ဖို့ ခက်ခဲတတ်ပါတယ်..


စိတ်ခံစားမှု တွေနဲ့ပတ်သက်တဲ့ EQဆိုတဲ့ဥာဏ်ရည်မှာ

နံပါတ် ၁ က ကိုယ့်ကိုကိုယ်သိနေဖို့ဖြစ်ပြီး..


နံပါတ် ၂ က ကိုယ်နဲ့ပတ်သက်ဆက်စပ်နေတဲ့ သူတွေရဲ့ စိတ်ခံစားမှုတွေ အတွေးအခေါ် အယူအဆတွေ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကိုယ့်ဘက်က နားလည်သိရှိ ထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်


နပါတ် ၁ Self Awareness

နံပါတ် ၂ Compassion

လို့ပဲပြောကြပါစို့


အရေးကြီးတာက ကျွန်မတို့အနေနဲ့ ပေါ်လာတဲ့ စိတ်ခံစားမှုတွေကို ဥာဏ်ရည်သုံးပြီး သတိရှိရှိ စီမံခန့်ခွဲနိုင်ဖို့ဖြစ်ပါတယ်


ဘဝမှာ ရင့်ကျက်တဲ့သူတွေ..

အေးချမ်းအောင်မြင်တဲ့သူတွေ

မြင့်မြတ်တဲ့သူတွေဟာ ကိုယ့်စိတ်ကို ကိုယ် နားလည်ထိန်းချုပ်နိုင်တဲ့သူတွေဖြစ်ကြပါတယ်..


Facebook မှာစာတွေဖတ်တော့ ရေးတဲ့သူ ဘယ်လိုစေတနာကောင်းတွေနဲ့ရေးရေး အကောင်းမမြင်ဘဲ

အဆဲအဆိုလေးတွေနဲ့ ဝင်မန့်သွားတာမျိုးတွေ..အများကြီးတွေ့ရတတ်ပါတယ်


Facebook က သတင်းနဲ့ နည်းပညာ..ဆွေးနွေးဖလှယ်ရမဲ့အစား ဒေါသရဲ့ ထွက်ပေါက်ဖြစ်နေပြီလား စဉ်းစားမိပါတယ်..


ကျွန်မတို့မှာ အမြင်မတူညီမှုတွေရှိနိုင်ပါတယ်..ကြိုက်တာ မကြိုက်တာ

သဘောတူတာ ကန့်ကွက်တာတွေရှိပါတယ်..


ဒါပေမဲ့ မကြိုက်တာ.. ကန့်ကွက်တာမျိုးကို ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေး ပြောတတ်ဖို့လိုပါတယ်..


ဘဝမှာ ကြီးမြတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဦးနှောက်ကြီးရုံနဲ့မလုံလောက်

နှလုံးသားကြီးဖို့လည်း..လိုအပ်ပါတယ်..


ကြီးကျယ် မြင့်မြတ်တဲ့ သူတစ်ယောက် ဖြစ်ချင်ရင်တော့ သူ့လိုပဲ တွေးခေါ် စဉ်းစားကြည့်ပါ

ထူးခြားပါလိမ့်မယ်..


လူတစ်ယောက် ရဲ့ ဘဝ..ရှင်သန်နေထိုင်ရာမှာ အရေးကြီးတဲ့..

ဥာဏ်ရည်ဥာဏ်သွေးဟာ ၄မျိုးရှိပါတယ်..တဲ့..


၁) Physical Intelligence

ကျန်းမာရေးနဲ့သက်ဆိုင်ပါတယ်

ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး

သန့်ရှင်းစင်ကြယ်ရေးအတွက် ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတာကို သိရှိတဲ့ ဥာဏ်ရည် ဥာဏ်သွေးဖြစ်ပါတယ်


၂) Intellingence Quotient

ကတော့ ဥာဏ်ရည်မြင့်မားမှုကိုပြောတာဖြစ်ပြီး


၃)Emotional Quotient

ကတော့ ကျွန်မ အခု ရေးနေတဲ့ အကြောင်းဖြစ်ပါတယ်


၄)Spiritual Quotient

ဆိုတာကတော့ ကိုးကွယ်ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ ဥာဏ်ရည် ဥာဏ်သွေးဖြစ်ပါတယ်..


တစ်ယောက်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအပေါ်မှာ..လေးစားအသိအမှတ်ပြုတတ်တဲ့ ဥာဏ်ရည်ပဲ ဖြစ်ပါတယ်..


အခုနောက်ပိုင်းမှာတော့..

နံပါတ်၅) Adversity Quotient

ကိုလည်း ဥာဏ်ရည်တစ်ခုအဖြစ် ထည့်သွင်းလာကြတာကို တွေ့ရပါတယ်..


သူကတော့ လဲပြိုကျချိန်တွေမှာ ပြန်ထနိုင်တဲ့..အခက်အခဲ တွေကို ကြံကြံခံကျော်လွှားနိုင်တဲ့ စွမ်းရည်ကို ဆိုလိုခြင်းဖြစ်ပါတယ်..Resilience ခံနိုင်ရည်လို့လည်း ပြောရမှာဖြစ်ပါတယ်..


မွန်ဟော်စီ

၂၀၁၆


#မနက်စာအာဟာရ


Photo

Free Humanity

1,102 views0 comments

Comments


bottom of page