top of page
Search

Pandora's Box ရဲ့သတိထားစရာပုံပြင်က စူးစမ်းရှာဖွေချင်စိတ်နဲ့ သတိတို့ရဲ့ကြားမှာ ချိန်ခွင်လျှာရှိဖို့ဖြစ်ပါတယ်။


ဂရိဒဏ္ဍာရီပုံပြင်တွေကို ဖတ်ဖူး၊ နားထောင်ဖူးကြတဲ့သူတွေဆိုရင် Pandora's Box လို့ခေါ်တဲ့ ပန်ဒိုရာရဲ့သေတ္တာလေးအကြောင်းကို ကြားဖူးကြမှာပဲဖြစ်ပါတယ်။


ပန်ဒိုရာဆိုတာ ဂရိနတ်ဘုရား၊ နတ်ဘုရားမတွေ ဖန်ဆင်းထားတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး သူ့မှာ ဘယ်တော့မှမဖွင့်ဖို့ မှာထားတဲ့ သေတ္တာလေးတစ်လုံးရှိပါတယ်။


ဒါပေမဲ့ မဖွင့်ဖို့မှာထားလေ.. ဖွင့်ချင်လေ၊ မသိချင်နဲ့လို့ပြောလေ ..သိချင်လေဆိုတဲ့ လူ့သဘာဝ စူးစမ်းချင်စိတ်ကြောင့် ပန်ဒိုရာဟာ အဲဒီသေတ္တာကလေးကို နောက်ဆုံးမှာ ဖွင့်လိုက်မိတော့တာပဲဖြစ်ပါတယ်။


ဒီကမ္ဘာလောကကြီးအတွက် သိမ်းထားပေးတဲ့ ၊မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ၊ ဒေါသတွေ၊ လောဘတွေ၊ မနာလိုမှု၊ နိုင်လိုမင်းထက်ပြုမှုတွေ အစရှိတဲ့ သေတ္တာထဲမှာပိတ်လှောင်ထားခဲ့တဲ့ မကောင်းတဲ့ Energy တွေဟာ လောကကြီးထဲကို လွတ်မြောက်လာပါတော့တယ်။ပန်ဒိုရာဟာ ဒီသေတ္တာကို ပြန်ပိတ်ဖို့လုပ်ပေမဲ့ အတော်နောက်ကျသွားပြီဖြစ်ပါတယ်။ နောက်ဆုံးမှာ ကျန်ခဲ့တာကတော့ Hope ဆိုတဲ့ မျှော်လင့်ခြင်းအလင်းရောင်လေးတစ်ခုသာဖြစ်ပါတယ်တဲ့။


ဒါကြောင့် ဒီကမ္ဘာလောကကြီးမှာ အဆိုးတွေဖြစ်တိုင်း အကောင်းနဲ့ ဖြည့်ပြီးကြည့်တတ်ဖို့ ဒီပုံပြင်ကလေးက သင်ပေးခဲ့တာပဲဖြစ်ပါတယ်။


ကျွန်မတို့နေ့စဉ်ဘဝရဲလူမှုဆက်ဆံရေးတွေမှာ"ပန်ဒိုရာရဲ့သေတ္တာကို သွားမဖွင့်နဲ့" Don't open Pandora's Box လို့ ပြောတတ်ကြပါတယ်။


သေးငယ်တယ်၊ ဘာမှမဟုတ်ဘူး၊ အရေးမကြီးဘူး၊ အန္တရာယ်မရှိဘူးလို့ ထင်ရပေမဲ့ သွားဖွင့်ကြည့်လိုက်တော့မှ လုံးဝမှန်းဆလို့မရနိုင်တဲ့ ပြဿနာတွေဆီကို ဦးတည်သွားနိုင်တဲ့ အဖြစ်အပျက်တွေ ရှိနေတယ်ဆိုတာကို ရည်ညွှန်းတဲ့အဓိပ္ပါယ်ပါပဲ။


လူတွေဟာ ကိုယ်မသိရသေး

တဲ့အရာတွေကို သိချင်တဲ့သဘောရှိတတ်ကြပါတယ်။ အထူးသဖြင့် လျှို့ဝှက်ထားတဲ့အကြောင်းတွေဆိုရင် ပိုပြီးသိချင်တတ်ကြတယ်။ သူများအကြောင်းတွေဆိုရင်သိဖို့သိပ် စိတ်ဝင်စားတတ်ကြတယ်။


သူငယ်ချင်းတစ်ယောက်က ကျွန်မကို သူနဲ့ Chat လုပ်ထားတဲ့ နောက်တစ်ယောက်ရဲ့ Screenshot လေးတစ်ခုလာပြပါတယ်။ သူပြချင်တာက အကြောင်းအရာတစ်ခုဖြစ်ပေမဲ့ ကျွန်မအနေနဲ့မြင်လိုက်ပြီး အတွေးတွေပွားစေတာကတော့ ဘာမှမဆိုင်တဲ့အခြားအကြောင်းအရာတစ်ခုနဲ့ နာမည်တချို့ဖြစ်နေခဲ့ပါတယ်။


ဒီနာမည်တွေကို ကျွန်မကကြည့်ရင်း ဒီလူတွေကဘယ်သူတွေလဲ၊ ဘာတွေပြောကြတာလဲ၊ ဘာဖြစ်လို့ရယ်နေကြတာလဲ အစရှိသဖြင့် ပန်ဒိုရာရဲ့သေတ္တာကို စပြီးဖွင့်လိုက်မိတော့တာပါပဲ။


အဲဒီမှာ ဘာဖြစ်လဲဆိုရင် လာပြတဲ့သူကို ကျွန်မ ပြဿနာသွားရှာတယ်။ သူ့ကို ဟိုမေးဒီမေးလုပ်တယ်။ သူလည်းစိတ်မချမ်းသာရသလို ကျွန်မလည်းရေရေရာရာ ဘာမှမသိလိုက်ရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တယ်။


သေချာမသိလိုက်ရတဲ့အရာတစ်ခုကို ကျွန်မကဆက်ပြီး ကိုယ်ထင်သလို၊ ကိုယ်ဖြစ်စေချင်သလို ဆင့်ပွားတွေးယူလိုက်တယ်။ တကယ်တော့ သူတို့ပြောနေတာတွေဟာ ကိုယ်ထင်သလိုဖြစ်ချင်မှဖြစ်မှာ၊ ကိုယ့်အကြောင်းပြောနေတာလည်းဖြစ်ချင်မှာဖြစ်မှာ။ ဒါပေမဲ့ ကိုယ်ကတော့ ဒါငါ့ကိုပြောနေတာပဲဖြစ်မယ်။ ငါ့ကိုရယ်နေတာပဲဖြစ်မယ်ဆိုပြီး စိတ်ထဲမှာ မကျေမနပ်တွေဖြစ်နေတယ်။


ပြီးတော့ အဲဒီနာမည်တွေကိုကြားတိုင်းမှာ ကျွန်မဟာ အဲဒီ Screenshot ကိုသွားသတိရနေတယ်။ ပြီးရင်အဲဒီအတိုင်းပဲပြန်တွေးနေမိပါတယ်။


တကယ်အာရုံစိုက်ရမယ့်အရာတွေကို အာရုံမစိုက်နိုင်ဘဲ မယောင်ရာဆီလူးနေတာဟာ အတော်ကိုဉာဏ်မပါပါလားလို့ ကျွန်မကိုယ်ကျွန်မ သုံးသပ်မိတော့တာပါပဲ။


ပတ်ဝန်းကျင်မှာ ပန်ဒိုရာရဲ့သေတ္တာတွေ အများကြီးရှိနေတတ်ပါတယ်။ အဲဒီသေတ္တာတွေကို သွားဖွင့်လိုက်မိတဲ့အခါ ဘာတွေဖြစ်နိုင်သလဲဆိုရင်..


♦️ ကြားရတဲ့အသစ်အဆန်းတွေကြားထဲမှာ စိတ်ဖိစီးမှုတွေရနိုင်တယ်။ စိတ်ခံစားမှုတွေ မပြေလည်နိုင်ဘူး ။ မတည်ငြိမ်နိုင်ဘူး။


♦️ အခြေအမြစ်မရှိတဲ့သတင်းစကားတွေကြားထဲမှာ စိတ်အနှောင့်အယှက်တွေဖြစ်နေနိုင်တယ်။


♦️ ကိုယ်သိချင်တာတစ်ခုကို မသိရလေ အတွေးပွားလေနဲ့ အချိန်တွေ ကုန်နေတတ်တယ်။


♦️ ဘာမှမဟုတ်တဲ့အကြောင်းတွေကြောင့် ပြဿနာတွေတက်တယ်။

တကယ်တော့..နေရာတကာလိုက်သိချင်တယ်ဆိုတာ ကောင်းတာမဟုတ်ဘူး။ ကိုယ်နဲ့မဆိုင်တာတွေ..၊ ကိုယ်သိဖို့မလိုအပ်တာတွေ..၊ သိလိုက်ရရင်လည်းဘာမှလုပ်မပေးနိုင်တဲ့ အရာတွေကို သိဖို့ကြိုးစားလိုက်မိတဲ့အတွက်ကြောင့် အနှုတ်လက္ခဏာတွေထွက်သွားတဲ့ ဆက်ဆံရေးတွေအများကြီးရှိတယ်။


ဥပမာတစ်ခုလောက်ပြရမယ်ဆိုရင် Relationship တွေမှာ ကိုယ့်လက်တွဲဖော်ရဲ့ ကိုယ်ရေးကိုယ်တာ Message တွေကို သွားဖတ်မိတာမျိုးကနေ ယုံကြည်မှုဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်တာမျိုးဖြစ်ပါတယ်။


လူတယောက်ဟာဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင်ပန်ဒိုရာရဲ့သေတ္တာ ကိုသွားမဖွင့်ပါနဲ့ ဆိုတဲ့သတိပေးစကားတစ်ခုဟာလည်းမှတ်သားစရာဖြစ်ပါတယ်။


စူးစမ်းချင်စိတ်ဆိုတာ မကောင်းတဲ့စိတ်လို့ ဆိုလိုတာမဟုတ်ဘဲ ဘဝမှာ မျှတတဲ့အတွေးအမြင်နဲ့ နေထိုင်နိုင်ဖို့က လိုရင်းဖြစ်ပါတယ်။ တချို့ကိစ္စတွေဟာ မသိလို့ရတယ်ဆိုရင် မသိဘဲနေတာကောင်းပါတယ်။ သိလိုက်တော့မှ စိတ်မချမ်းမသာဖြစ်နိုင်တယ်။ စိတ်အနှောင့်အယှက်ဖြစ်နိုင်တယ်။ အဲဒါအပြင် ဘာမှလည်းဆက်လုပ်လို့မရဘူးဆိုရင် ကိုယ့်ရဲ့စူးစမ်းချင်စိတ်ကို ဉာဏ်ပညာနဲ့ ချိန်ဆနိုင်ဖို့ လိုအပ်ပါတယ်။

Pandora's Box ရဲ့သတိထားစရာပုံပြင်က စူးစမ်းရှာဖွေချင်စိတ်နဲ့ သတိတို့ရဲ့ကြားမှာ ချိန်ခွင်လျှာရှိဖို့ဖြစ်ပါတယ်။


ကျွန်မတို့တွေဟာ ပန်ဒိုရာရဲ့သေတ္တာ တွေပေါ်မှာ တက်ထိုင်မိလျက်သား ဖြစ်နေတတ်ပါတယ်။ဘယ်အရာကိုသိသင့်တယ်၊ မသိသင့်ဘူးဆိုတာကို သတိရှိရှိ ရွေးချယ်မှုတွေပြုလုပ်ဖို့နဲ့ အချို့သောအရာတွေကို သိဖို့မကြိုးစားဘဲ ချန်လှပ်ထားခဲ့တာက အကောင်းဆုံးဆိုတာကို နားလည်သဘောပေါက်ဖို့လိုပါတယ်။


မွန်ဟော်စီ

July 2024



500 views0 comments

Comments


bottom of page