top of page
Search

Relationship တစ်ခု၊ အိမ်ထောင်တစ်ခု ပြိုကွဲသွားတယ်ဆိုတာဟာ ကျွန်မတို့ဘ၀မှာ ထိချက်နာတဲ့ ဒဏ်ရာတစ်ခုဖြစ်ပါတယ်




Relationship တစ်ခု၊ အိမ်ထောင်တစ်ခု ပြိုကွဲသွားတယ်ဆိုတာဟာ ကျွန်မတို့ဘ၀မှာ ထိချက်နာတဲ့ ဒဏ်ရာတစ်ခုဖြစ်ပါတယ်။ အဲဒီဆက်ဆံရေးထဲမှာ ကိုယ်ဘယ်လောက်အတိုင်းအတာအထိ နစ်ကျွံ၀င်ခဲ့သလဲဆိုတာပေါ်မှာမူတည်ပြီး ကိုယ်ခံစားရတဲ့ ဝေဒနာအတိမ်အနက်တွေကလည်း ကွာခြားသွားတတ်ပါတယ်။


ဒီဇာတ်လမ်းဟာ ဘယ်လိုရပ်သွားသလဲဆိုတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူရဲ့ မကောင်းတဲ့အကြောင်းကိုပြောပြဖို့ ခံစားမှုတွေလည်း ရှိလာတတ်ကြပါတယ်။


ဖွင့်ထုတ်ပြောပြလိုက်တာဟာ စိတ်ကို သက်သာရာရစေတယ်ဆိုတာအမှန်ပါပဲ။ ဒါကြောင့် တစ်စုံတစ်ယောက်နဲ့ ခွာပြဲသွားတဲ့အခါ သူမကောင်းဘူးဆိုတဲ့အကြောင်းကို ကျွန်မတို့ ဘယ်သူ့ကိုမှ လုံး၀မပြောပါဘူးဆိုတာ တကယ်တမ်းတော့ မဖြစ်နိုင်ပါဘူး။ သူနဲ့ကိုယ်လည်း ခွာပြဲခဲ့ကြပြီဆိုကတည်းက မပြေလည်လို့ပဲ၊ အဆင်မပြေလို့ပဲ၊ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်တာတွေ ရှိနေခဲ့ကြလို့ပဲမဟုတ်လား။ပြောမယ်ဆိုရင် ပြောချင်စရာတွေအများကြီးပါပဲ။ ပြောလို့ရတာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ပြောလိုက်တဲ့အကြောင်းအရာတွေက Limit စည်းတော့ရှိသင့်ပါတယ်။


Relationship တစ်ခုပြီးဆုံးသွားတဲ့အခါမှာ ဘာတွေဖြစ်တတ်ကြသလဲ၊ ခံစားတတ်ကြသလဲဆိုတာကို ယထာဘူတကျကျ အရင်စဉ်းစားကြည့်ရအောင်ပါ။


အိမ်ထောင်တစ်ခုပြိုကွဲသွားတဲ့အတွက်၊ ချစ်သူနဲ့ပြတ်သွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကျွန်မတို့ရဲ့အတွေးတွေ၊ ခံစားချက်တွေကို အမှန်ကန်ဆုံးနည်းလမ်းနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။


Breakup လုပ်ပြီးခါစ Relationship တစ်ခု၊ Marriage တစ်ခုဟာ The Critical Stage အလွန်အရေးကြီးတဲ့ အဆင့်တစ်ခုအနေနဲ့ ရှိနေတတ်ပါတယ်။


အိမ်ထောင်တစ်ခုပြိုကွဲသွားတာ၊ Relationship တစ်ခုပြတ်စဲသွားတာဟာ သိပ်ဆိုးတဲ့စိတ်ဒဏ်ရာရမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ချစ်ရသူတစ်ယောက် ကွယ်လွန်သွားတဲ့ခံစားမှုမျိုးနဲ့လည်း ဆင်တူပါတယ်။ ရည်းစားနဲ့ကွဲရပေမဲ့ အိမ်ထောင်ဖက်တစ်ယောက်ကွယ်လွန်သွားသလို ခံစားလိုက်ရတဲ့အဖြစ်တွေ အများကြီးရှိပါတယ်။


အထူးသဖြင့် ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ဘာတွေလုပ်မယ်။ ဘ၀တစ်ခုကို ဘယ်လိုတည်ဆောက်မယ် စသည်ဖြင့် ရေရှည်စီမံကိန်းချမှတ်ထားခဲ့တဲ့လူတွေဟာ ခွဲခွာခြင်းရဲ့ဒဏ်ကို ပိုပြီးခံစားရတတ်ပါတယ်။ ကိုယ်အများကြီးမျှော်မှန်းထားလေ အများကြီးခံစားရလေပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ် ခွဲခွာရခြင်း Breakup မှန်သမျှဟာ ကျွန်မတို့ကို From denial and shock ငြင်းပယ်နေမိခြင်း၊ မယုံကြည်နိုင်ခြင်းတွေကနေ To anger or intense rage ဒေါသနဲ့ ပိုမိုပြင်းပြတဲ့စိတ်ခံစားချက်တွေအလယ် And deep sadness and regret ပိုပြီး နက်နဲတဲ့၀မ်းနည်းခြင်းတွေ၊ နောင်တတွေနဲ့ ချန်ထားရစ်တတ်ကြပါတယ်။


ပြတ်စဲကြပြီဆိုရင် မိတ်ဆွေသူငယ်ချင်းတွေဆီက ကျွန်မတို့ကြားရတဲ့ စကားလုံးတွေက ဒီအချိန်တွေကို ကျော်လွန်သွားနိုင်မှာပါ။ ဒီဒဏ်ရာတွေကို ကုစားသွားနိုင်မှာပါဆိုတဲ့ စကားလုံးတွေပါပဲ။


ဒါတွေက ကိုယ့်နားမှာ အမြဲကြားဖူးနေတဲ့ စကားတွေဖြစ်ပြီး ထင်သလောက်တော့ အကျိုးသက်ရောက်မှု မရှိတာကိုလည်း တွေ့ရပါတယ်။


အဲဒီအခါမှာ လွမ်းစရာရှိရင် နာစရာနဲ့အစားထိုးဖြေဆိုတဲ့စကားအတိုင်း ကျန်ခဲ့တဲ့သူက ထားသွားခဲ့တဲ့သူအကြောင်းတွေကို ဖွင့်ဟပြောပြချင်တဲ့စိတ်တွေ ဖြစ်လာပါတယ်။ ပြောလည်း ပြောတတ်ကြပါတယ်။


သူ့ကိုသတိရတိုင်းမှာ သူမကောင်းဘူးလို့တွေးတယ်။ ဒီအကြောင်းကိုလည်း တခြားသူတွေသိအောင် ပြောပြမိတတ်ပါတယ်။


ကိုယ်က လူတစ်ယောက်ကို ချစ်ခဲ့တဲ့အချိန်မှာ အဆင်ပြေစွာနဲ့ လက်တွဲခဲ့ပေမဲ့ သူရော ကိုယ်ရော အဆင်မပြေကြတော့လို့ ခွဲခွာသွားတဲ့အချိန်မျိုးမှာ တစ်ယောက်အကြောင်းတစ်ယောက် မကောင်းပြောနေတာဟာ မဖြစ်သင့်ပါဘူး။


ကျွန်မမိတ်ဆွေထဲမှာတစ်ယောက်က အိမ်ထောင်ကွဲသွားတော့ အဲဒီအမျိုးသမီးဟာ သူ့ရဲ့အမျိုးသားအကြောင်း မကောင်းကြောင်းကို လုံး၀မပြောပါဘူး။ အဆင်မပြေလို့ ညှိနှိုင်လို့ မရတဲ့ကိစ္စတွေကြောင့် ကွဲသွားတယ်လို့ပဲပြောပါတယ်။


နှစ်ဖက်အသိုင်းအဝိုင်းက သူတို့ကွဲကွာတဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ကြတယ်။ ဘာတွေများ ညှိနှိုင်းပေးနိုင်မလဲလို့ ကြိုးစားကြပါတယ်။ အဲဒီအခါမှာ အမျိုးသမီးက သူနဲ့ကွဲတဲ့အချိန်မှာ သူ့လူမကောင်းတဲ့အကြောင်းကို ပြောပြလိုက်ဖို့က သိပ်လွယ်တယ်။ ဒါပေမဲ့ ပတ်၀န်းကျင်အနေနဲ့ကတော့ ဘယ်သူမှားလဲ မှန်သလဲဆိုတာကို တချိန်ချိန်မှာ အကဲခတ်နိုင်ပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုလူမျိုးကို ကျွန်မကတော့ လေးစားမိပါတယ်။


တချိန်က ကိုယ့်လူတစ်ယောက် မကောင်းတဲ့အကြောင်းကို လိုက်ပြောနေမယ်ဆိုရင် ဒီမကောင်းတဲ့သူနဲ့ ဒီလောက်နှစ်အကြာကြီး အတူနေခဲ့တဲ့ ကိုယ်ဟာလည်း တစ်ခုခုမှားယွင်းနေလို့ပါပဲ။


အမျိုးသားတစ်ယောက်ဆိုရင် သူ့အမျိုးသမီးနဲ့ အဆင်မပြေတော့တဲ့အခါမှာ အမျိုးသမီးက ဘယ်လိုကျပ်မပြည့်ကြောင်း၊ သူ့ကို ဘယ်လိုတွေပြဿနာရှာတယ်ဆိုတဲ့အကြောင်း...၊ လူကြီးမဆန်တဲ့အကြောင်း၊ မရင့်ကျက်တဲ့အကြောင်း စသည်ဖြင့် ပတ်၀န်းကျင်ကမိတ်ဆွေတွေကို တွေ့တိုင်းပြောပါတယ်။


အဓိကကတော့ ဒီဆက်ဆံရေးတစ်ခု ကွာပြဲသွားတာဟာ သူ့ဘက်ကအမှားမဟုတ် ဘူးဆိုတာကို သိစေချင်လို့ပဲ ဖြစ်ပါတယ်။ Save Face လုပ်တယ်ပေါ့။


ကိုယ်နဲ့အတူရှိနေခဲ့တဲ့သူကို ဒီလိုအပျက်သဘော Negatively ပြောလိုက်ရတာဟာ ခဏတစ်ဖြုတ်တော့ ကိုယ့်စိတ်ထဲမှာ နေလို့ကောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။


ဒါပေမဲ့ ဒီနေရာမှာ ခဏတစ်ဖြုတ်ဆိုတဲ့ စကားလုံးကို သတိထားသင့်ပါတယ်...ခဏပါပဲ။


တချိန်ကျတဲ့အခါကျတော့ အဲဒီလို Badmouthing လုပ်ခြင်းဟာ ကိုယ့်ကိုပဲ ပြန်ပြီးထိခိုက် (Destructive) ဖြစ်လာတတ်ပါတယ်။


ပြတ်စဲပြီးတဲ့သူတစ်ယောက်ကို မကောင်းပြောနေမိတဲ့အတွက် ကိုယ့်ကိုကိုယ် ဘယ်လိုအချက်တွေက ထိခိုက်နိုင်သလဲဆိုရင် You ignore your own flaws. ကိုယ့်ရဲ့အမှားတွေကို လျစ်လျူရှုလိုက်မိတာမျိုး ဖြစ်သွားပါတယ်။


You fail to recognize the true factors that lead to the breakup. ဒီဆက်ဆံရေးဟာ ဘာဖြစ်လို့ပြိုကွဲသွားရသလဲဆိုတဲ့ အခြေအနေမှန်ကို အဖြေရှာဖို့မေ့လျော့သွားတတ်ပါတယ်။


You discard the opportunity that exists to grow and learn from the experience. ဒီအတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ဘယ်လို ရှင်သန်လျှောက်လှမ်းသွားမလဲဆိုတာကို မတွေးမိတော့ပါဘူး။


ဘာဖြစ်လို့လဲဆိုရင် ဖြစ်ခဲ့သမျှအရာအားလုံးဟာ သူ့ကြောင့်ပဲလို့ တထစ်ချ ယုံကြည်စွဲမှတ်ထားခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။


Acceptance လက်ခံနိုင်ခြင်း


Acceptance လက်ခံနိုင်ခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်။ Relationship တစ်ခု ပြီးဆုံးသွားရတာဟာ သင့်ကိုဘယ်လောက်နာကျင်စေတာပဲဖြစ်ဖြစ်၊ ဘယ်လောက်စိတ်ရှုပ်ထွေးစေခဲ့တာပဲဖြစ်ဖြစ်၊ ဘယ်လောက်အငြင်းပယ်ခံခဲ့ရပြီး အထီးကျန်နေစေခဲ့တာပဲဖြစ်ဖြစ် ကမ္ဘာကြီးရဲ့အဆုံးသတ်တစ်ခု မဟုတ်ပါဘူး။ It's not the end of our world.


သင့်ကို အသက်သေသွားနိုင်လောက်တဲ့အထိ မပြင်းထန်ပါဘူး။ ဘယ်လိုပဲခံစားခဲ့ရပေမယ့် အမှန်တရားကိုလက်ခံလိုက်ပြီဆိုတာနဲ့ ကျွန်မတို့ဟာ အခွင့်အရေးတွေရလာပါတယ်။ ၀မ်းနည်းကြေကွဲဖို့ အခွင့်အရေးပေးပါ။ You need to take the opportunity to grieve.


ကိုယ့်ရဲ့အတွင်းစိတ်ကို ကြည့်ပါ။ ကောင်းသောအချက်ကလေးတွေကို ရှာဖွေပါ။ Look within yourself to find positive vibes.


ဒါမှမဟုတ် ဘ၀ခရီးကိုရှေ့ဆက်လျှောက်နိုင်ဖို့အတွက် Move On လုပ်နိုင်ဖို့အတွက် အကောင်းမြင်တတ်တဲ့အတွေးတွေကို တည်ဆောက်ပါ။ Create new positives as you move on with your life.


ကိုယ်နဲ့ပြတ်စဲပြီးသားလူတစ်ယောက်ရဲ့ မကောင်းတဲ့အကြောင်းတွေကို တွေးနေဖို့၊ ပြောနေဖို့ထက် အကောင်းမြင်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကုစားပါ။


အချိန်ယူပါ။ ကိုယ့်ဘ၀ကို မပျောက်ဆုံးပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ် မုဒိတာထားပါ။ မေတ္တာပွားပါ။ မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာအဟောင်းလေးတွေပြန်လုပ်ပါ။ ဒါမှမဟုတ် ဝါသနာအသစ်လေးတွေသင်ယူပါ။


ရှေ့ဆက်လျှောက်ရမယ့်လမ်းကို ပြင်ဆင်ပါ။ အတိတ်ကအကြောင်းတွေကို ပြန်မတွေးပါနဲ့။ အတိတ်မှာ ကျန်ခဲ့တဲ့ဘ၀ထက် ရှေ့ဆက်လျှောက်ရမဲ့ဘ၀က ပိုပြီးအရေးကြီးပါတယ်။


ပြတ်စဲခဲ့တဲ့အကြောင်းတွေကို ထပ်ခါထပ်ခါတွေးနေ၊ ပြောနေခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ရေရှည်အတွက် မကောင်းနိုင်တာကို သတိပြုပါ။


သူ့အကြောင်းကို မတွေးတော့တဲ့အခါ ကိုယ့်အကြောင်းကိုတွေးဖို့ ပိုပြီးအချိန်ရလာပါတယ်။ ဒီလိုနဲ့ သင်ဟာ အခုထက်ပိုပြီးကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။


မွန်ဟော်စီ

၂၀၂၂


500 views0 comments

Comments


bottom of page