top of page
Search

Think less. Live more. နည်းနည်းပဲတွေးပါ..များများနေထိုင်ပါ..တဲ့..




လူတိုင်းမှာ အတွေးတွေ အများကြီးရှိပါတယ်..ကျွန်မတို့ဟာ.. စက္ကန့်မလပ်တွေး နေတတ်ကြပါတယ်..

အတွေးတွေထဲမှာ..ကောင်းတာတွေလည်းပါ..ပါတယ်..ဆိုးတာတွေလည်းပါ..ပါတယ်..


ကောင်းတဲ့အကြောင်းလေးတွေ..တွေးပြီးတော့ စိတ်ကြည်လင်ပျော်ရွှင်ရသလိုမျိုး မကောင်းတာတွေ..

တွေးပြီး အကြီးအကျယ်စိတ်ပူပင်သောကရောက်တာမျိုးလည်း ရှိတာပါပဲ..


အိမ်သားတစ်ယောက်က ချောင်းဆိုရုံ ပဲရှိသေးတယ်..ဘာမှမဖြစ်သေးဘူး ..တွေးရင်းတွေးရင်းနဲ့... အတွေးကောင်းကောင်းနဲ့ကိုတွေးလိုက်မိတာ အသုဘချပြီးသွားလို့..နောက်ဘဝတောင်ရောက်သွားပြီ ဆိုတာမျိုးတွေပါပဲ..


ဒါကြောင့်..တွေးတိုင်းလည်း..မကောင်းပါဘူး ကျွန်မလည်း..ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေး

ပါတယ်.. စာရေးသူဆိုတော့လည်းအတွေးကခပ်များများရယ် ..


အတွေးတွေကအမြဲတမ်း.. မဖြစ်လာသေးတဲ့ ရှေ့ကိုကြိုရောက်နေတတ်ပါတယ်..ဒါကြောင့်မို့လို့..ကျွန်မက တရားထိုင်တဲ့..တရားမှတ်တဲ့ အကျင့်ကို ပြုစုပျိုးထောင်ထားရတာပါပဲ.. ဒီလိုမှမဟုတ်ရင်

ကျွန်မအတွေးတွေထဲမှာ ချာချာလည်ပြီးရူးသွားမှာ ကိုစိုးရိမ်မိလို့ပါ..


လူတိုင်းလူတိုင်းမှာ ကိုယ်ဖြေရှင်းရမဲ့ ပြဿနာ တွေရှိကြတာပါပဲ.. ပြဿနာတိုင်းကလည်း..အဖြေနှစ်မျိုး

ပဲရှိပါတယ်.. တချို့ပြဿနာတွေဟာဖြေရှင်းလို့ရတယ်... တချို့ပြဿနာတွေက ဖြေရှင်းလို့မရဘူး..


သစ္စာရွှေစည်ဆရာတော်ရဲ့တရားထဲမှာမှတ်ထားခဲ့ဖူးပါတယ်..ဖြေရှင်းလို့ရတယ်ဆိုရင်..ဘာတွေပူ‌နေဦးမှာလဲ...တဲ့..ဖြေရှင်းလိုက်ရုံပဲပေါ့ ..


ဖြေရှင်းလို့မရဘူးဆိုရင်လည်း ပူပန်မနေနဲ့တော့လေ.. ကိုယ်ဘာမှလုပ်ပေးလို့မှမရတာပဲ.. ဖြစ်လာသမျှကို

လက်သင့်ခံပေးလိုက်ရုံသာရှိတော့တာပါပဲ..


အမျိုးသားတစ်ယောက်က..အရက်အလွန်အကျွံသောက်တဲ့အခါမှာ သူ့အမျိုးသမီးကရင်ဖွင့်ပါတယ်.. သူဘယ်လိုလုပ်ပေးရမှန်းမသိပါဘူး..တဲ့ .. တစ်ခုခုဖြစ်မှာကိုစိုးရိမ်နေမိပါတယ်..တဲ့


လူကြီးတွေကလည်းပြောကြတယ်.. ယောက်ျား..ဒီလောက်တောင်သောက်နေတာ..မိန်းမက ဘာမှမပြောဘူးလားလို့..ဘာတို့.. ယောက္ခမတွေ...ယောင်းမတွေကလည်း..သူ့ကို အပြစ်ပြောကြတယ်လို့ ဆိုပါတယ်..သူဘယ်လိုပြောပြော တစ်ရက်ကိုအရက်..နှစ်ပုလင်းလောက်သောက်တာပါပဲ..တဲ့..


ကျွန်မအဖေက..အင်မတန်..အရက်သောက်ခဲ့တဲ့သူမို့လို့ကျွန်မက.. အရက်သောက်တဲ့လူတစ်ယောက်ရှိနေတဲ့ အိမ်ကမိသားစုဝင်တွေရဲ့ ခံစားမှုကိုနားလည်ပါတယ်..ဒါပေမဲ့..ဒီအမျိုးသားအတွက်...မိန်းမလုပ်သူက..

ဘာလုပ်ပေးနိုင်မှာတဲ့လဲ..


ဒီလိုအရက်သောက်နေတာဟာ မိသားစုထဲမှာအိမ်တွင်းရေးပြဿနာတစ်ခုဖြစ်နေပေမဲ့ တစ်နေ့ကိုနှစ်ပုလင်း

သောက်ဖို့ ရွေးချယ်ခဲ့တာလည်း.. သူကိုယ်တိုင်ဖြစ်နေခဲ့ပြီပဲ... ဒါဟာသူ့ရဲ့ရွေးချယ်မှုမို့လို့ ကျွန်မတို့က

ဘာမှမတတ်နိုင်ပါဘူး..စိတ်ပူနေလည်း အလကားပါပဲ.. တချို့ ကိစ္စတွေ.. တချို့လူတွေကို..ကိုယ်ကဘယ်လိုမှ

ဆွဲတင်ပေးလို့မရနိုင်ပါဘူး


ဥပမာတစ်ခုက ကျန်းမာရေးနဲ့ပတ်သက်တယ်ဆိုရင်လည်းဒီသဘောအတိုင်းပဲဖြစ်ပါတယ်..ကျွန်မဆိုရင် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် အမြဲ..စိတ်ပူပင်နေတတ်ပါတယ်..ဒါပေမဲ့ အခုနောက်ပိုင်းတော့..

အရင်ကလောက်မပူတော့ဘူး..ဘာဖြစ်လို့လဲဆိုတော့..စိတ်ပိုင်းဆိုင်ရာအရကိုယ့်ကိုယ်ကိုယ်လည်း..ပြင်ဆင်ထားပြီးသားဖြစ်သလို လောကအသိနဲ့ တရားအသိကိုမျှတအောင်နေတတ်ခဲ့လို့လည်းဖြစ်ပါတယ်


လောကအသိအရတော့.. မိသားစုထဲမှာဘယ်သူဖြစ်ဖြစ်.. တစ်ခုခုဖြစ်ရင်..ဘာတွေဘယ်လို..အရင်စလုပ်မယ်

ဆိုတာမျိုးကို..ကျွန်မတွေးထားလိုက်ပါတယ်..ဖြစ်လာသမျှကို..ရသလောက်တော့အတတ်နိုင်ဆုံးဖြေရှင်းမယ်ကုသမယ်..ဆိုတဲ့စိတ်မျိုးရှိပါတယ်..

ဓမ္မအသိအနေနဲ့ကတော့...ဖြေရှင်းလို့မရ...ဘာမှလုပ်ပေးလို့မရတော့ဘူးဆိုရင်လည်း..ဘာတတ်နိုင်ဦးမှာလဲ..ဒီတိုင်းပဲထိုင်ကြည့်နေလိုက်ရတော့မှာပါပဲ... အရာရာဟာကံတရားအတိုင်းပါပဲလို့ ကြိုတွေးထားခဲ့ပါတယ်.. စိတ်ပူနေလည်းဖြစ်မဲ့ ကိစ္စဟာဖြစ်ကိုဖြစ်လာမှာပါပဲ..


ဒါကြောင့်တချို့..ကိစ္စတွေမှာ ခံစားရတာ..ကြေကွဲရတာတွေရှိပေမဲ့ ကျွန်မတို့ စိတ်ပူပင်သောကရောက်လည်း

ဘာမှမတတ်နိုင်ပါဘူး..ဖြစ်လာမဲ့အရာတွေ...ဖြစ်လာနေတဲ့အရာတွေအကုန်လုံးကို..လက်သင့်ခံလိုက်ပြီး...အားလုံးပြီးဆုံးသွားမဲ့အချိန်ကို စောင့်နေဖို့သာရှိတော့တာပါပဲ..


အရာရာဟာ..မမြဲဘူးဆိုတဲ့သဘောသဘာဝအတိုင်း.. တစ်ချိန်တော့ ကိုယ့်စိတ်ကိုယ် ဒုက္ခပေးနေတဲ့အရာတွေ

ပူပင်သောကတွေဟာလည်း..ချုပ်ငြိမ်းသွားမှာပဲဖြစ်ပါတယ်..


နည်းနည်းတွေးပါ ..

များများနေထိုင်ပါ...

Think less.Live more.

ဆိုတဲ့စကားကလေးကိုကျွန်မက ..


နည်းနည်းတွေးပါ..

အခုချိန်မှာသာနေထိုင်လိုက်ပါ..

Think less.Live Now .

လို့ပြောင်းပြီး...ပြောချင်ပါတယ်


အခုအချိန်မှာနေထိုင်ပါဆိုတာက..Mindful..ဖြစ်တာ.. သတိနဲ့နေထိုင်ပါ..ဉာဏ်နဲ့နေထိုင်ပါလို့ ဆိုလိုရင်းပဲ

ဖြစ်ပါတယ်...


အတွေးတွေကို လျော့နည်းသွားစေဖို့ဟာလည်း..သတိရှိနေမှဖြစ်မှာပါ..ဒါကြောင့် အခုအချိန်မှာသာ..

နေထိုင်လိုက်ပါ..


မွန်ဟော်စီ

၂၀၂၁ ဇန်နဝါရီ


#မနက်စာအာဟာရ

91 views0 comments

Comments


bottom of page