top of page
Search

ကြောက်စိတ်မှလွတ်မြောက်ခြင်း


ခရုလေးကိုသွားထိလိုက်တဲ့အခါ ခေါင်းကလေးက အခွံထဲကိုပြန်ဝင်သွားတတ်တယ်..သူ့ကိုထိမှာကြောက်တယ်..နာမှာကြောက်တယ်..သူ့အတွက် အန္တရာယ်ဆိုတာသိနေတာဟာ..သဘာဝကပေးအပ်ထားတဲ့ အသိပဲဖြစ်တယ်


တိရစ္ဆာန်တွေကတော့ရှင်းတယ်..သူတို့ရဲ့ကြောက်စိတ်ဟာ Survival Instinct အရအသက်ရှင်သန်ဖို့အတွက် ထွက်ပြေးရင်လည်းထွက်ပြေးမယ်..ပြန်ကိုက်ရင်လည်းပြန်ကိုက်မယ်..Fight or Flight ဆိုတဲ့..သဘောတိုင်းပါပဲ ..


သက်ရှိချင်းအတူတူ..လူသားတွေမှာကျတော့ ကြောက်စိတ်ဆိုတာ..ငါဆိုတဲ့ အတ္တစိတ် အပေါ်မှာအခြေခံတာကို...တွေ့ရတယ်.. ငါ့ကိုထိမှာကြောက်တယ်.. ငါမရမှာကြောက်တယ် ..ငါ့မှာကုန်သွားမှာကြောက်တယ်.. ငါမလောက်တော့မှာကြောက်တယ်.. ငါ့သမီး..ငါ့သား..ငါ့ယောက်ျား.. ငါ့မိန်းမ..ငါ့မိသားစုငါ့အလုပ်အကိုင် အစရှိသဖြင့်အရာရာတိုင်းကို..ငါနဲ့တွဲလိုက်တဲ့အခါ စိုးရိမ်ပူပန်စိတ်တွေ...ကြောက်စိတ်တွေ ဖြစ်လာကြတယ်..


ကျွန်မတို့တွေအားလုံးကကြောက်တတ်ကြပါတယ်.. ကျွန်မဆိုရင်ကြောက်တယ်ဆိုတဲ့ခံစားချက်ကြီးကို လုံးဝမကြိုက်ပါဘူး ကြောက်နေရတာကိုကအဆင်မပြေပါဘူး ..


ဒါပေမယ့်လူတွေဟာ..တစ်နေ့တစ်နေ့ စိတ်မလုံခြုံမှုတွေ အကြောက်တရားတွေ..စိုးရိမ်ပူပန်မှုတွေ..အနည်းနဲ့အများဆိုသလို ရှိနေတာပဲဖြစ်ပါတယ်..


အလုပ်မမှီမှာကြောက်တယ် ..အစည်းဝေးလုပ်နေရင်း အင်တာနက်လိုင်းပြတ်သွားမှာကြောင့်တယ်.. ကိုယ်ချစ်တဲ့သူတစ်ယောက်သေဆုံးသွားမှာကြောက်တယ်..နေမကောင်းဖြစ်မှာကြောက်တယ်..စီးပွားမဖြစ်မှာ ကြောက်တယ်..ကြောက်စိတ်..ပူပန်စိတ်ဟာ သေးသေးလေးကနေ အကြီးကြီးထိ ဖြစ်နိုင်ပါတယ်..


ဒါကြောင့်မို့..ကျွန်မတို့ဟာ...မသေချာမှုတွေကြားထဲမှာ..သေချာနိုင်သလောက်သေချာအောင်..အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ကြတယ်..နည်းမျိုးစုံသုံးပြီး..ကိုယ့်ကိုယ်ကိုယ်..ကာကွယ်ထားတတ်ကြတယ်


ဘာသာရေးအရဆိုရင်လည်း အဓိဋ္ဌာန်လုပ်တာ..ရွတ်ဖတ်တာဆုတောင်းတာ တွေဟာ..ကျွန်မတို့အတွက် စိတ်လုံခြုံမှုရစေတယ်..အကာအကွယ်ကိုဖြစ်စေတယ်..လို့ ယူဆကြတယ်..


မိတ်ဆွေ..တစ်ယောက်ကတော့ စိတ်သဘောထားလည်းသိပ်ကောင်းတယ်..အလှူအတန်းလည်း ပြတ်တယ်လို့မရှိပါဘူး.. သူဟာလူကောင်းတစ်ယောက်ပါပဲ သူ့ဆီမှာ..ကုသိုလ်တွေလည်း အများကြီးရှိတယ်..


ဒါပေမယ့်.. မျှော်လင့်မထားတဲ့

အကြောင်းအရာတစ်ခုကြောင့် သူ့ဘဝမှာ အရာအားလုံးပျက်စီးသွားခဲ့တယ် ဒုက္ခရောက် သွားတယ်..


ဒါကိုကြည့်တော့ ယခုလုပ်နေတဲ့ကောင်းတဲ့ ပစ္စုန်ပန် ကံတွေထက်..ပိုပြီးအင်အားကြီးမားတဲ့ အတိတ်က..မကောင်းတဲ့..အကုသိုလ်ကံက ရှေ့ကို..စောရောက်ပြီးအကျိုးပေးလိုက်တာပါလားလို့ ကံ..ကံရဲ့

အချိန်ကာလအရ..အကျိုးပေးပုံကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်

အမှန်ပါပဲ..တချို့ကံတွေဟာ အကျိုးပေးခွင့်မရဘဲအဟောသိကံတောင်ဖြစ်သွားသေးတာပဲ ..


ကြောက်စိတ်မှာ..ငါ..ကပ်နေတဲ့အကြောင်းကိုစဉ်းစားတော့..ဒီ..ငါ..ကို မဖြုတ်နိုင်ရင်တောင် လျော့ချနိုင်သေးတာကို တွေ့ရတယ်..


ငါမရှိဘူးဆိုတာကို သေချာ နားလည်လက်ခံနိုင်ရင်..ကြောက်စိတ် သိသိသာသာ လျော့ပါတယ်..


ကြောက်စိတ်ပေါ်လာရင်လုပ်လို့ရတာက..

ကြောက်နေတာကို..သိလိုက်ပါ..


ကိုယ့်ဘေးမှာ..အအေးလှိုင်းရှိလား အပူလှိုင်းတွေရှိနေလား..

ကိုယ်က အပူကိုဆွဲငင်နေမိလား..

အအေးကို ထုတ်လွှတ်ပေးနေလားစဥ်းစားပါ..


ကိုယ့်ရဲ့ နေ့စဉ်..ပြောနေ..တွေးနေ..လုပ်နေတဲ့ ကံတွေအကုန်လုံးမှာ

ကုသိုလ်ကများလား ..အကုသိုလ်ကများလား ဆန်းစစ်ပါ..


လက်ရှိ အချိန်မှာ ဘဝကို ဘယ်လို အလုပ်တွေ..စိတ်အတွေးတွေနဲ့ဖြတ်သန်းနေသလဲ စဉ်းစားပါ..


ကြောက်နေလည်း..အလကားပဲ...ဘယ်လိုအရာတွေနဲ့...ကာကွယ်ထားပါစေ...ဖြစ်ဖို့အကြောင်းပါလာရင် ဘယ်အရာကမှ တားဆီးလို့မရ ..ဖြစ်ကိုဖြစ်ပါမယ်..


အတိတ်ကံအရ..ဖြစ်ဖို့ကံပါလာရင်ဖြစ်တာပဲ..

ရှောင်လို့မရတဲ့ ကံ အကြီးကြီးတွေရှိတယ်..သေတာအထိဖြစ်နိုင်တာပါပဲ..


ဒါပေမဲ့ အဲဒီအခြေအနေထဲမှာ ကိုယ်ဘယ်လောက်ထိ အဆင်ပြေအောင်နေနိုင်လဲ..

ဘယ်လို လွတ်မြောက်ရာလမ်းကို ရှာနိုင်မလဲ..ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မလဲ..

ဆိုတာ.. ကံစွမ်း ဉာဏ်စွမ်းပေါ်မှာ..မူတည်ပါတယ်..


တကယ်တော့..ကျွန်မတို့ဟာသံသရာခရီးသည်တွေဖြစ်ပါတယ် ကျွန်မတို့ရဲ့ဘဝနဲ့ကိုက်ညီတဲ့ အခြေအနေတွေကို..ကျွန်မတို့ရဲ့ကံတရားတွေကရွေးချယ်ပေးခဲ့ကြတာဖြစ်ပါတယ်..


ငါဖြစ်စေချင်တာတွေလည်း ဖြစ်မလာတတ်ဘူးဆိုတာ အနတ္တသဘောပါပဲ..ဒီသဘောကိုသိတာဟာ..ကြောက်စိတ်ကနေ..လွတ်မြောက်ခြင်းလည်းဖြစ်ပါတယ်..


မွန်ဟော်စီ

၂၀၂၃ March


#မနက်စာအာဟာရ

#ကြောက်စိတ်မှလွတ်မြောက်ခြင်း


Photo

Free Stock


2,729 views0 comments

Comentários


bottom of page