သွားဆေးခန်းပြရတယ်ဆိုတာ မလွယ်ပါဘူး။ ပိုက်ဆံကို သိန်းဆယ်ဂဏန်းနဲ့ချီပြီး အလွယ်တကူကုန်သွားတာမျိုးပါ။ အဲဒီမှာသူပြောတာက "ငါဟယ် သွားဆရာဝန်ယူခဲ့မိရင်အကောင်းသားလို့ အခုမှ တွေးမိတယ်" ဆိုတဲ့စကားပါပဲ။
သွားဆရာဝန်မယူခဲ့မိလို့ မှားတယ်ဆိုတဲ့ သူတွေ ၊သင်္ဘောသားမယူခဲ့မိလို့မှားတယ်ဆိုတဲ့သူတွေ..။ အသက်၄၀နှောင်းပိုင်းမှာတော့ ဒီလိုအကြောင်းတွေကို ဟာသနှောပြီး ပြောတတ်လာကြပါတယ်။ ဒီအသက်အရွယ်အမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းနဲ့ အိမ်ထောင်ရေးအပေါ်မှာ ဘယ်လိုစိတ်ခံစားချက်တွေ ဘယ်လို သဘောထားအမြင်တွေရှိသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
တစ်ယောက်ကတော့ အဝေးရောက်နေတဲ့သူ့ယောက်ျားက ဓာတ်ပုံပို့လိုက်တဲ့အခါမှာ အဲဒီဓာတ်ပုံကိုကြည့်ပြီး နင်လည်းတော်တော်အိုနေတဲ့အဘိုးကြီးဖြစ်နေပြီပဲလို့ပြောမိတယ်လို့ ဆိုပါတယ်။ စကားအရ အနိုင်ရအောင်သာပြောတာဖြစ်လို့ ကျွန်မတို့အော်ရယ်မိကြပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လောက်အိုနေပြီလဲပြန်ကြည့်ကြဦးလို့ ပြောမိတာပါပဲ။ အဲဒီအိုလာတဲ့အဘိုးကြီးတွေကလည်း ကိုယ်အရင်တုန်းက သဲသဲလှုပ်ကြိုက်ခဲ့တဲ့ ရည်းစားကောင်လေးတွေပဲလေ။
အမှန်ဆုံးအချက်တစ်ခုကတော့ ကျွန်မသူငယ်ချင်းတွေ ၁၀ ယောက်မှာ ၉ ယောက်က ယောက်ျားနဲ့ပတ်သက်ရင် Ro တာတွေ ပိုတာတွေမရှိတော့တာပါပဲ။
🍁 ယောက်ျားက အတူတူကြီးပြင်းလာတဲ့မောင်နှမလို အားမနာလျှာမကျိုး ပြောချင်တာပြောလို့ရတဲ့သူငယ်ချင်းလို အကောင်းအဆိုးဘဝခရီးလမ်းကိုအတူတူကျော်ဖြတ်ခဲ့ရတဲ့ ရဲဖော်ရဲဖက်လိုဖြစ်လာတယ်။ ဒီလိုအချိန်မှာ ချစ်တယ်ဆိုတာထက် မေတ္တာကပိုပါတယ်။ သံယောဇဉ်နဲ့ချည်နှောင်ထားတာများပါတယ်။ သူတို့အနား သိပ်မကပ်ချင်တော့သလို သူတို့ကိုယ့်အနားကပ်လာရင်လည်း မကြိုက်ကြတော့ပါဘူး။ ဒါဆို မင်းအနားမှာရှိမနေတော့ဘူးကွာ ထွက်သွားမယ်ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ရှိလည်းရှိနေပေးရမယ်။ ဒါပေမယ့် အနားလည်းလာမကပ်နဲ့ဆိုတာ ဒီအရွယ်အမျိုးသမီးတွေဖြစ်တတ်တဲ့ စိတ်ပါပဲ။
🍁 ခင်ပွန်းအပေါ် သံသယတွေ ဖြစ်လာတတ်ပါတယ်။ ကွဲချင်ကွာချင်တဲ့စိတ်တွေပေါ်လာတတ်တယ်။ ယောက်ျားက အရင်တုန်းကဇာတ်လမ်းလေးတွေရှိခဲ့ဖူးတယ်ဆိုရင် အဲဒီအကြောင်းတွေကိုပြန်တွေးပြီး သူ့စိတ်ဟာ ငါ့ဆီမှာမှရှိနေတာဟုတ်ရဲ့လားလို့ တွေးနေမိကြတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အသက်အရွယ်ကြီးပြင်းလာမှုရဲ့နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအပေါ်မှာ စိတ်မလုံခြုံမှုဖြစ်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
🍁 စိတ်လွတ်လပ်မှုအတွက် လိုအပ်ချက်တွေ ရှိလာပါတယ်။ အသက် ၄၀ ကျော်တဲ့အခါမှာ အမျိုးသမီးတွေအများစုဟာ ကိုယ်ပိုင်လွတ်လပ်မှုကိုလိုအပ်လာတတ်ကြပါတယ်။ သူနဲ့ယူခဲ့မိလို့၊ သူ့ကိုချည်းပဲဖြည့်ဆည်းပေးနေခဲ့ရလို့ ငါ့ဘဝအခွင့်အရေးတွေ ပိတ်ဆို့ကုန်ရတယ်။ ငါလုပ်ချင်တာမလုပ်ခဲ့ရဘူးဆိုတဲ့အပြစ်တင်ချင်တဲ့စိတ်မျိုးဖြစ်လာတတ်တယ်။
🍁 အိမ်ထောင်ရေးအပေါ် စိတ်ကုန်လာတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တာဝန်ဝတ္တရားတွေရော၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေရော တိုးလာတတ်ပါတယ်။ ကိုယ့်ဘဝကိုပျောက်ဆုံးလာသလိုခံစားရတယ်။ သူများတွေအလိုဆန္ဒတွေကို လိုက်ဖြည့်ဆည်းပေးနေရင်းနဲ့ ကိုယ်ဘာဖြစ်လို့ဖြစ်ချင်နေမှန်းတောင် မသိတော့တာမျိုးကြုံရတတ်ပါတယ်။ အလုပ်လုပ်နေတဲ့ Career Women တွေဆို အလုပ်နဲ့မိသားစုကြားမှာ ဟန်ချက်ညီမျှမှုမရှိတဲ့စိတ်ဖိစီးမှုတွေ ကြုံရတတ်ပါတယ်။
🍁 မိမိအိမ်ထောင်ရေးမှာ ပျော်ရွှင်မှုနည်းပါးလာတယ်။ ယောက်ျားကလည်း အိမ်ထောင်ရေးမှာ စိတ်ဝင်စားမှုမရှိတော့ဘဲ အပြင်မှာ သူ့ရဲ့စိတ်သာယာမှုကိုရှာဖွေနေတယ်ဆိုရင် ယောက်ျားနဲ့စိတ်ချင်းအလှမ်းဝေး Emotional Distant ဖြစ်လာတယ်။ သူနဲ့ ရင်းနှီးဖော်ရွေမှုနည်းလာတယ်။ တို့အတူရှိတာ အချိန်ဖြုန်းနေတယ်မထင်ဘူးလားဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။တစ်ဦးတစ်ယောက်ကို အပြန်အလှန်နားလည်မှုမရှိတဲ့အခါမှာ အဖော်မဲ့နေသလို ခံစားရတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို သိတောင်မသိဘူးဆိုတာတွေ ဖြစ်လာတတ်ပါတယ်။
အသက် ၄၀ ကျော်နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ရေးအခြေအနေတွေရဲ့ အားသာချက်နဲ့အားနည်းချက်တွေကို ပြန်လည်သုံးသပ်လာတတ်ကြပါတယ်။ သေချာတာကတော့ အတူတူလျှောက်လှမ်းလာခဲ့တဲ့ အိမ်ထောင်ရေးဆိုတဲ့ခရီးလမ်းကြီးဟာ အတော်ကိုခရီးရောက်လာပြီဖြစ်တာကြောင့် နောက်ပြန်လှည့်ဖို့ကိုလည်း ခက်ခဲသလိုကိုယ်လွတ်ရုန်းဖို့ကိုလည်း လူမှုရေးမိသားစုရေးနဲ့ ငွေကြေးဆိုင်ရာ အကန့်အသတ် Limitation တွေရှိလာကြတာ အမှန်ပါပဲ။
လူတစ်ယောက်ဟာ သူသူကိုယ်ကိုယ် ဆိုးတဲ့အချက်တွေရှိတယ်ဆိုရင် ကောင်းတဲ့အချက်တွေရှိမှာလည်း အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတာလေးတွေကိုပဲ ရွေးပြီးတွေးပေးလိုက်ပါ။ ကိုယ့်ရဲ့လက်တွဲဖော်ကို ကျေးဇူးတင်တတ်ဖို့လိုပါတယ်။ အသိအမှတ်ပြုဖို့လိုပါတယ်။ အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာဟာ အခြေခံအဆင့်အနေနဲ့ ရှိရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အပြန်အလှန်နားလည်မှုတွေ အဖော်ပြုနိုင်မှုတွေကသာ ပိုပြီးအရေးကြီးလာတတ်ပါတယ်။
မွန်ဟော်စီ
၂၀၂၄
Comments