top of page
Search

ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုဟာ သူ့အတွက်ဘာမှအရေးကြီးမနေဘူးဆိုတဲ့အခါ နားလည်မှုလွဲတာ၊ အသိအမှတ်ပြုမခံရတာ၊ စကားပြောလို့အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်

Updated: May 15



Relationship တွေမှာ Value Standards လို့ခေါ်တဲ့ တန်ဖိုးထားမှုစံနှုန်းတွေ မတူညီတဲ့အခါမှာလည်း ပြဿနာလေးတွေဖြစ်ရတာမျိုးရှိပါတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုဟာ သူ့အတွက်ဘာမှအရေးကြီးမနေဘူးဆိုတဲ့အခါ နားလည်မှုလွဲတာ၊ အသိအမှတ်ပြုမခံရတာ၊ စကားပြောလို့အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။


တစ်ယောက်ချင်းစီတိုင်းဟာ Relationship တွေထဲမှာ မတူညီတဲ့ Expectations မျှော်လင့်ချက်တွေ၊ သတ်မှတ်ချက်Criteria တွေ၊ သူတို့ကို အရေးကြီးတယ်လို့ခံစားရစေတဲ့ တန်ဖိုးထားမှု Valuesတွေဟာ ကွဲပြားမှုရှိတတ်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ချစ်ခြင်းမေတ္တာဘာသာစကား Love Languages ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့စာမှာလည်း သေချာဖတ်နိုင်ပါတယ်။


တန်ဖိုးထားမှုစံနှုန်း Value standards အနေနဲ့ကြည့်မယ်ဆိုရင်တော့ ပိုပြီးကျယ်ပြန့်တာကိုတွေ့ရပါတယ်။


Relationship တွေမှာ Value Words တန်ဖိုးထားမှုနဲ့ပတ်သက်တဲ့ စကားလုံးတွေအနေနဲ့

Trust ယုံကြည်မှု၊

Communication ဆက်သွယ်ပြောဆိုမှု၊

Respect လေးစားမှု၊

Empathy စာနာမှု၊

Honesty ရိုးသားမှု၊

Family မိသားစု၊

Timeable အချိန်တိကျမှု ၊

Attention အာရုံစိုက်မှု၊

Working Hard အလုပ်ကြိုးစားမှု၊

Money ငွေကြေး ၊

Education ပညာရေး

အစရှိသဖြင့် အများအပြားပါဝင်နိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း ဆက်ပြီးရှာဖွေကြည့်နိုင်ပါတယ်။


💔 တစ်ယောက်ကပညာရေးကိုတန်ဖိုးထားတဲ့သူဖြစ်ပြီးတစ်ယောက်ကငွေမှငွေဖြစ်နေတယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ Value နဲ့ပတ်သက်ပြီး Conflict ဖြစ်နေတတ်ပါတယ်။ ပညာရေးကိုတန်ဖိုးထားတယ်ဆိုတာသူကိုယ်တိုင်က ပညာတတ်မို့လို့ သို့မဟုတ် သူကိုယ်တိုင်ပညာမတတ်ခဲ့တဲ့အတွက်သူ့ရဲ့ Partner အပေါ်မှာပညာနဲ့ပတ်သက်ပြီးမျှော်လင့်ချက်ကြီးကြီးထားတာမျိုးဖြစ်နိုင်တယ်။ ပညာရေးလမ်းကြောင်းကိုဆက်မလျှောက်ချင်ဘူးဆိုတဲ့သူကလည်း ငွေနဲ့ပတ်သက်တဲ့မျှော်လင့်ချက်တွေရှိနေတာ၊ ငွေနဲ့ပတ်သက်လို့အနှိမ်ခံအပြောခံခဲ့ရတာအစရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့တန်ဖိုးထားမှုတွေမတူတဲ့အခါမှာ ညှိလို့မရတဲ့ပြဿနာတွေပေါ်ပေါက်လာတတ်ပါတယ်။


💔ကျွန်မရဲ့မိတ်ဆွေတစ်ယောက်က အလွန်အချိန်တိကျတဲ့သူဖြစ်ပါတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ ပြောရင်ပြောထားတဲ့အချိန်ကိုရောက်တယ်။ ဒါပေမဲ့ သူ့ချစ်သူကတော့ အမြဲတမ်း အနည်းဆုံးတစ်နာရီလောက်နောက်ကျပြီးမှရောက်လာတတ်တာများတယ်။ ဘယ်နားရောက်နေပြီလဲလို့ မေးတဲ့အခါတိုင်း လှည်းတန်းရောက်နေပြီလို့ဖြေတာ ကျွန်မတို့ကတော့ ရယ်စရာလုပ်ပြီးနားထောင်ကြတယ်။ ဘယ်အချိန်ဆက်ဆက် လှည်းတန်းရောက်နေပြီဆိုတာ လက်သုံးစကားလိုပဲသုံးပါတယ်။


တစ်ယောက်ကအရမ်းအချိန်သိပ်မှန်တယ်။ သူ့အတွက် အချိန်ဟာ တန်ဖိုးထားစရာဖြစ်တယ်။ တိကျမှုဟာ တန်ဖိုးထားစရာဖြစ်တယ်။ အဲလိုမသေမချာ မရေရာဘဲ ဟိုလူကချိန်းရင်လည်းပါသွားလိုက်၊ ဒီလူကချိန်းရင်လည်း ပါသွားလိုက်၊ ချိန်းထားပြီးသားကို နောက်ဆုံး Last Minute ကျတော့မှ ကပ်ပြီးဖြုတ်လိုက်တာမျိုးဟာ ပဋိပက္ခတွေကိုဖြစ်စေတယ်။


💔ညီမတစ်ယောက်ဆိုရင် သူ့ရဲ့အိမ်ထောင်ရေးမှာ မျှော်လင့်ထားတဲ့ Expectation တစ်ခုက ထမင်းအတူစားဖို့ဖြစ်ပါတယ်။ ဒါကြောင့် ညနေတိုင်းထမင်းပွဲပြင်ပြီး စောင့်တယ်။ သူ့အတွက်က ချစ်ရသူနဲ့အတူ ထမင်းတူတူလက်ဆုံစားရတာဟာ အဓိပ္ပါယ်ရှိတယ်။ ထမင်းစားချိန်ကို မလွတ်တမ်း အိမ်ကိုပြန်လာတဲ့ယောက်ျားကို သူဟာအင်မတန်လိုလားတယ်။


မိန်းမချက်တာတွေ စားချင်တယ်။ မိန်းမနဲ့တူတူစားချင်တယ်။ ဗိုက်ဆာလာလိုက်တာ ဘာတွေချက်ထားလဲ။ ချက်ထားတာလေးက ကောင်းလိုက်တာ၊ ကျေးဇူးတင်လိုက်တာ အစရှိသဖြင့် ဒီလိုပြောတဲ့အခါမှာ သူဟာတန်ဖိုးထားမှုတစ်ခုကို ခံစားရတယ်။ အချစ်ခံရတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ သူ့အမျိုးသားကတော့ ကြုံတဲ့နေရာမှာကြုံသလိုစားလာတယ်။ သူငယ်ချင်းတွေနဲ့စားတယ်။ အမေဆီမှာသွားစားတယ်။ ထမင်းစားချိန်ကျော်မှပြန်လာတယ် အစရှိသဖြင့် တန်ဖိုးထားမှုတွေမတူတဲ့အခါမှာ ပြဿနာအကြီးတွေဖြစ်ကြတဲ့အထိ တော်တော်အခြေအနေဆိုးခဲ့တယ်။


တစ်ဖက်ကလည်း တမင်တော့လုပ်နေတာမဟုတ်ဘူး။ သူ့အနေနဲ့က ထမင်းဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူနဲ့မဆို စားလိုက်ပြီး ဗိုက်ပြည့်သွားရင်ပြီးတာပဲလို့ယူဆထားတဲ့သူဖြစ်တယ်။ ထမင်းတစ်လုတ်စားဖို့အတွက် သူဟာ အိမ်ကို အချိန်အတိအကျပြန်တာမျိုး မလုပ်နိုင်ဘူး။ ဒီကိစ္စ သိပ်အရေးမကြီးဘူးလို့ထင်တယ်။ကြုံတဲ့နေ့ စားလိုက်မယ်။ မကြုံတဲ့နေ့ မစားဘူး။ ဒီလောက်ပဲ သဘောထားတာဖြစ်တယ်။ အဲဒီအခါမှာ ပြဿနာတွေဖြစ်ကြတော့တာပါပဲ။


💔တစ်ယောက်ကသူစကားပြောပြီဆိုရင်ပြောတဲ့စကားကိုသေသေချာချာအာရုံစိုက်ပြီး နားထောင်တတ်တာမျိုး Attention ကိုလိုချင်တယ်။တစ်ယောက်ကတော့ နားထောင်နေပေမယ့် ဘာတွေပြောလိုက်မှန်းလည်းမသိဘူး။ ပြောသလိုလိုမပြောသလိုလို လို့ထင်တာပဲ..ဆိုတာနဲ့ နားထောင်သလိုလို..နားမထောင်သလိုလို ဖြစ်နေတယ်။ကြားတော့ကြားလိုက်တယ်..။ဒါပေမဲ့မကြားလိုက်ဘူး ..။ဘာပြောလိုက်တာလဲ။ဘာမေးလိုက်တာလဲ။ ဆိုတာမျိုး တွေဖြစ်လာတဲ့အခါ အကြီးအကျယ်ပြဿနာတက်နိုင်ပါတယ်။


🧡Misinterpretation of Actions ဆိုတာက ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခုနဲ့ပတ်သက်ပြီး လွဲမှားစွာ ဘာသာပြန်ခံရတာမျိုးကိုဆိုလိုတယ်။ တစ်ယောက်က ထမင်းပွဲပြင်ထားတယ်။ ဒါကိုတောင်မှ လာစားမပေးနိုင်ဘူး ။ ငါလုပ်ပေးတာကိုအသိအမှတ်မပြုဘူးလို့ ခံစားရသလို တစ်ဖက်ကလည်း နှစ်ယောက်ဘဝအဆင်ပြေဖို့အတွက် အလုပ်တွေကြိုးစားလုပ်နေတာတောင်မှ မသိတတ်ဘူးလို့ ခံစားရတာမျိုးဖြစ်ပါတယ်။


🧡Feeling Unappreciated မထီမဲ့မြင်ခံစားရတယ်လို့လည်း ပြောလို့ရတာဖြစ်ပါတယ်။


🧡အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးစံနှုန်းကွဲလွဲမှုတွေဟာ မျှော်လင့်ထားသလိုဖြစ်မလာဘူး။ ဘယ်လိုကြိုးစားအားထုတ်ပေမယ့် အရာမထင်နိုင်ဘူးလို့ ခံစားရတဲ့အတွက် Conflict and Resentment ပဋိပက္ခနဲ့ နာကြည်းမှုတွေ ဖြစ်ပေါ်လာတတ်ကြတယ်။


🧡မပြေမလည်ဖြစ်နေတဲ့အချိန်တွေနဲ့ပတ်သက်ပြီး ဘာမှမပြောချင် မဆိုချင်တော့ဘူးလို့ ဖြစ်လာတာဟာ Communication Breakdown ဆက်ဆံရေးပြိုကွဲသွားတာပဲဖြစ်ပါတယ်။တစ်ယောက်ချင်းစီရဲ့တန်ဖိုးထားမှုတွေကို နားလည်ဖို့ခက်ခဲခြင်းဟာ Communication Breakdown ဖြစ်စေနိုင်တယ်။Relationship မှာ စိန်ခေါ်မှုတွေ အများကြီးဖြစ်ပေါ်လာစေနိုင်တယ်။


Relationship တစ်ခုထဲက တန်ဖိုးစံနှုန်းတွေ၊ ကွဲပြားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်ယောက်ချင်းစီဟာ သူတို့ရဲ့လိုအပ်ချက်၊ မျှော်လင့်ချက်၊ ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်း ရိုးသားစွာ ပြောဆိုဆက်ဆံဖို့ အရေးကြီးပါတယ်။


တစ်ဦးနဲ့တစ်ဦး လိုအပ်နေသေးတဲ့စိတ် ရှိနေသေးတယ်။ ပြေလည်ချင်တယ်ဆိုတဲ့ဆန္ဒ ရှိနေသေးတယ်ဆိုရင် တစ်ယောက်ရဲ့တန်ဖိုးထားမှုတွေ၊ ကြိုက်နှစ်သက်မှုတွေကို တစ်ယောက်က တက်ကြွစွာနားထောင်ပေးတာ၊ စာနာနားလည်ပေးတာ၊ လက်တွဲဖော်နှစ်ဦးစလုံးရဲ့ တန်ဖိုးထားမှုတွေကို လေးစားအသိအမှတ်ပြုတဲ့ အပေးအယူတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၄

#မနက်စာအာဟာရ



1,242 views0 comments

Comments


bottom of page