top of page
Search

ငါးဖမ်းဖို့ ငါးစာချနေတဲ့အချိန်မှာ ဘယ်လောက်ပဲဖြစ်ဖြစ် ချကျွေးနိုင်ပါတယ်




ငါးဖမ်းဖို့ ငါးစာချနေတဲ့အချိန်မှာ ဘယ်လောက်ပဲဖြစ်ဖြစ် ချကျွေးနိုင်ပါတယ်။ ငါးမိဖို့ကအဓိကဆိုတော့ ငါးစာဘယ်လောက်ကုန်ကုန် နှမြောတွန့်တိုခြင်းမရှိပါဘူး။ ကျွေးမှာပါပဲ။ လိုချင်တဲ့ငါးကြီးမိသွားရင်သာ အရင်လိုရက်ရက်ရောရော ပေါပေါများများ ကျွေးနိုင်ပါဦးမလားဆိုတာက စဉ်းစားစရာပဲဖြစ်ပါတယ်။

Relationship တွေမှာ ဒီလို Consistent မဖြစ်တဲ့အခြေအနေမျိုးတွေ တွေ့ကြုံရလေ့ရှိပါတယ်။ မရသေးခင်မှာတော့ ရလိုဇောနဲ့ အမျိုးစုံချစ်ပြတယ်၊ ကြွေပြတယ်။ ခေတ်စကားနဲ့ပြောရမယ်ဆိုရင် အမျိုးစုံကျူးပြတာပဲဖြစ်ပါတယ်။ အဲဒီအခြေအနေက ပျော်စရာကောင်းတဲ့အခြေအနေလေးတစ်ခုပဲဖြစ်ပါတယ်။


သူကရှေ့တိုးလိုက် ကိုယ်ကနောက်ဆုတ်လိုက်နဲ့ အကတစ်ခုကို စည်းချက်ညီညီ အတူတူကနေရတာမျိုးနဲ့တူပါတယ်။ ဒါပေမဲ့ သမီးရည်းစားဖြစ်သွားပြီ၊ အိမ်ထောင်ကျသွားပြီ၊ ဒီလူဟာ ကိုယ့်ရဲ့လူဖြစ်သွားပြီ၊ သူ့ကိုကိုယ်ပိုင်သွားပြီဆိုတဲ့အခါ အတူတူကနေတဲ့ကကွက်တွေ ပျောက်ဆုံးသွားသလို ဖြစ်တတ်ပါတယ်။


ရှေ့မှာအများကြီးပေးခဲ့ပြီး အဲဒီအတိုင်း ဆက်မပေးနိုင်တော့တဲ့အခါ ရနေတဲ့သူကလည်း သူရခဲ့ဖူးနေကျ Limit ထက် လျော့ပြီးရသွားတော့ စိတ်ကျေနပ်မှု ပြည့်ပြည့်ဝ၀မရတော့တာဘဲ ဖြစ်ပါတယ်။ စုံတွဲတိုင်းကတော့ ဒီလိုပါပဲ။ ရည်းစားမဖြစ်ခင်နဲ့ ရည်းစားဖြစ်ပြီးအခြေအနေချင်းလည်းမတူသလို အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးအခြေအနေတွေဟာလည်း ကွာခြားသွားတတ်ပါတယ်။


ပိုပြီးတော့ရင့်ကျက်သွားကြတယ်။ ပိုပြီးတော့တည်ငြိမ်သွားကြတယ်။ ပိုပြီးတော့စိတ်ချသွားကြတယ်။ ပိုပြီးတော့ချစ်တတ်လာကြတယ်။ ဖလန်းဖလန်းအချစ်တွေအစား သံယောဇဉ်တွေပိုလာကြတယ်။ ဒါမျိုးကြောင့်လည်း ဖြစ်နိုင်တယ်။ အရင်ကနဲ့တော့ ကွာခြားသွားကြတာအမှန်ပဲဖြစ်ပါတယ်။


တကယ်တော့ ဘယ် Relationship မျိုးမှာမဆို အစကတည်းက ကိုယ်ပေးနိုင်သလောက်အတိုင်းအတာ၊ ကိုယ့်ကိုယ်ကိုယ်ခွင့်ပြုနိုင်တဲ့ Limit အထိပဲ ပေးသင့်ပါတယ်။ လုပ်ဆောင်သင့်ပါတယ်။

မနက်တိုင်း Good Morning ပြောပြီး မပြောဖြစ်တဲ့နေ့ကျတော့ လျော့သွားသလိုဖြစ်ပါတယ်။ စကားနေ့တိုင်းလာပြောနေပြီး နောက်တစ်နေ့လာမပြောတဲ့အခါ မျှော်တဲ့သူကလည်း မျှော်တတ်လာပါတယ်။ ဒါကြောင့် မလုပ်နိုင်တဲ့အရာတွေကို အစကတည်းက မလုပ်တာကကောင်းပါတယ်။


အစကလုပ်နေပြီး နောက်တော့မလုပ်တော့ဘူးဆိုတာက Consistency ကျသွားတာ၊ မရှိတော့တာပဲဖြစ်ပါတယ်။ အခြေအနေတစ်ခုဟာ ဘယ်တော့မှမပြောင်းလဲဘူး၊ တစ်သမတ်တည်းရှိနေတယ်ဆိုရင် ဒီအခြေအနေဟာ Consistent Situation လို့ ပြောရမှာဖြစ်ပါတယ်။


Consistent မဖြစ်တော့တဲ့အခါ တစ်ဖက်လူက သူ့ကိုပစ်ထားတယ်လို့ခံစားရတတ်တယ်။ ငါ့ကိုမချစ်တော့ဘူးလား.. စိတ်မလုံမခြုံဖြစ်တယ်။ မကျေမနပ်ဖြစ်တယ်။ ဒါလေးတွေက နားလည်မှုလွဲတာမျိုးကနေ Communication Breakdown ဘာမှပြောလို့ဆိုလို့မရတော့တဲ့အထိလည်းဖြစ်နိုင်တယ်။


Relationship တစ်ခုမှာ Consistent ဖြစ်သင့်တဲ့အရာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုဆက်ဆံတာ ( Communication )၊ နားလည်မှုပေးတာ ( Understanding )၊ ထောက်ပံ့ကူညီမှုပေးတာ ( Support )၊ ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုတာ ( Show appreciation )၊ ချစ်ခင်ကြောင်းပြတာ ( Express Affection )၊ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်သိအောင် စိတ်ဝင်တစားရှိတာ ( Be attentive to each other's need ) စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။


Communication


အချင်းချင်းပြောဆိုဆက်ဆံတယ်ဆိုတဲ့နေရာမှာ ပုံမှန်လေးနဲ့ ပွင့်လင်းရိုးသားတဲ့ Communication ပုံစံမျိုးရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ခံစားချက် ( Feelings )၊ စိုးရိမ်ကြောင့်ကျမှု ( Concerns ) တွေကို ပြောပြတာ အချင်းချင်း နားလည်မှုပိုပြီးရှိစေတယ်။


Affection and Appreciation


ချစ်ခြင်းမေတ္တာကိုလည်း အမြဲတစေပြသနေဖို့လိုအပ်တယ်။ အရာရာဟာ ရလို့ယူလိုက်တာမျိုးမဟုတ်ဘဲ ကိုယ်လက်ခံရရှိတာမှန်သမျှကို ကျေးဇူးတင်တတ်ဖို့နဲ့ သူ့ဆီက ကောင်းမွန်တဲ့အရာတွေကို အသိအမှတ်ပြုဖို့လည်း လိုပါတယ်။


Time and Presence


နှစ်ယောက်လုံးအတွက် ပျော်ရွှင်ရတဲ့ တန်ဖိုးရှိတဲ့ Quality time လေးတွေကို အခါအားလျော်စွာ အတူတကွ ဖန်တီးနေဖို့လိုပါတယ်။ သူရောကိုယ်ရော နှစ်ယောက်စလုံး Enjoy ဖြစ်တဲ့အရာမျိုးကို လုပ်နိုင်ပါတယ်။ တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်ရှိနေတယ်ဆိုတဲ့ ဖြစ်တည်နေမှုလေးတစ်ခုကို အမြဲ တန်ဖိုးထားရမှာဖြစ်တယ်။


Trust and Reliability Consistency


တစ်သမတ်တည်းသွားနေခြင်းဟာ Trust ဆိုတဲ့ယုံကြည်မှုကို တည်ဆောက်ခြင်းလည်းဖြစ်ပါတယ်။ သူဟာယုံကြည်ရတယ်။ ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်။ ဒီအချိန်ပြန်လာမယ်ဆို ဒီအချိန်ပြန်လာတယ်။ ဒီလူနဲ့သွားတယ်ဆိုရင် ဒီလူနဲ့ပဲရှိနေတယ်။သူဟာ အားထားရတယ် ( Reliable ) ဖြစ်တယ်ဆိုတဲ့ခံစားချက်ဟာ ကြာရှည်ခံတဲ့ Relationship တစ်ခုရဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။


Mutual Respect


နှစ်ဦးနှစ်ဖက်အပြန်အလှန်လေးစားမှု အစဉ်အမြဲရှိနေရမယ်။ ဒီနေရာမှာ တစ်ဦးစီရဲ့အတွေးအမြင်တွေ ( Opinions )၊ တစ်ယောက်ချင်းဆီမှာရှိအပ်တဲ့ ( Boundaries )၊ နယ်နိမိတ်ကန့်သတ်ချက်၊ ( Personal Space ) တွေလည်း အပါအဝင်ပဲဖြစ်ပါတယ်။


Emotional Support


စိတ်ပိုင်းဆိုင်ရာအထောက်အပံ့တွေ အမြဲတမ်းပေးနေရမယ်။ ခက်ခဲတဲ့အခြေအနေတွေကို အတူဖြတ်သန်းတာဖြစ်သလို ပျော်ရွှင်ရတဲ့အချိန်တွေမှာလည်း အတူတူအောင်ပွဲခံတတ်ဖို့လိုပါတယ်။


Shared Goals and Values


Relationship တစ်ခုမှာ အတူတူသွားချင်တဲ့ရည်ရွယ်ချက်တွေရှိရမှာဖြစ်သလို တန်ဖိုးထားမှုစံနှုန်း Values တွေလည်း ရှိရမှာဖြစ်ပါတယ်။ Goals and Values တွေရှိတဲ့အတွက် လျှောက်နေတဲ့လမ်းဟာ အတူတူပဲဆိုတာကို ခံစားရနိုင်မှာဖြစ်ပါတယ်။ ဘာပြီးရင်ဘာလုပ်မယ်၊ ဘယ်နှနှစ်ကြာရင် ဘယ်အထိဖြစ်ရမယ်ဆိုတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ လုပ်ဆောင်မှုတွေ၊ ပန်းတိုင်တွေ၊ Goals တွေ အမြဲချမှတ်နေရမှာဖြစ်တယ်


Adaptability


အမြဲတစေ လိုက်လျောညီထွေမှုရှိဖို့ကြိုးစားရပါမယ်။ Relationship တွေဟာ တစ်ခါတလေမှာ စိန်ခေါ်မှုတွေ အပြောင်းအလဲတွေနဲ့ ကြုံဆုံရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ညင်ညင်သာသာ နူးနူးညံ့ညံ့လေး ကျော်ဖြတ်သွားနိုင်ဖို့ သို့မဟုတ် အမုန်းမရှိဘဲလက်တွဲဖြုတ် အပြီးသတ်နိုင်ဖို့ ဖြစ်ပါတယ်။


Intimacy


တစ်ယောက်နဲ့တစ်ယောက် ရုပ်အားဖြင့်ဖြစ်စေ စိတ်အားဖြင့်ဖြစ်စေ နီးကပ်ခြင်းဟာ အဓိကကျတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။ စိတ်ဝင်စားမှုကို စဉ်ဆက်မပြတ်ပြသနေခြင်းဟာ ပြည့်စုံတဲ့ Relationship မျိုးကိုရရှိနိုင်တာပဲဖြစ်ပါတယ်။


Commitment


နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်ပေးနိုင်သလောက်ကိုပေးမယ် ဆိုတဲ့ Commitment လေးထားပေးပါ။


ပေးနေကျအတိုင်း မပေးနိုင်ဘူး၊ လျော့သွားတယ်ဆိုရင်တောင် လုံးဝမပေးတာမျိုးတော့မဖြစ်ပါစေနဲ့။ နည်းနည်းလေးပဲဖြစ်ဖြစ် ပေးဖြစ်အောင်ပေးပါ။ Consistency ဆိုတာ နေ့စဉ်တစ်ရာရာခိုင်နှုန်း အတိအကျဖြစ်နေတာမျိုးကိုဆိုလိုတာမဟုတ်ဘဲ လုပ်ဖြစ်အောင်တော့လုပ်လိုက်တယ်၊ ပြောဖြစ်အောင်တော့ ပြောလိုက်တယ်ဆိုတဲ့ ပျက်ကွက်မှုမရှိခြင်းမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။


ကျွန်မတို့အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ညဘက်အိပ်ရာ၀င်ခါနီးတိုင်း တစ်ယောက်ကိုတစ်ယောက် Good Night လို့ပြောခဲ့ကြပါတယ်။ ဘာမှမထူးဆန်းဘူးဆိုပေမယ့် ကျွန်မတို့လက်မထပ်ခင်မှာ ရည်သန်ခဲ့ကြတဲ့ Goal တစ်ခုရှိခဲ့တယ်။


ငါတို့ဘယ်လောက်ပဲ အချင်းချင်းစိတ်တွေဆိုး၊ ရန်တွေဖြစ်၊ အော်ကြဟစ်ကြတွေလုပ်နိုင်ပေမယ့် ညတိုင်းအိပ်ခါနီးကျရင် အချင်းချင်းစိတ်ဆိုးကြတာတွေကိုမေ့ပစ်ပြီး Good Night လို့ အမြဲပြောကြမယ်လို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။


စိတ်ဆိုးရန်ဖြစ်ပြဿနာတက်ကြတဲ့နေ့တွေမှာ ညဘက် Good Night လို့ပြောကြတိုင်း ကျွန်မငိုချင်လည်းငိုလိုက်တယ်။ သူကလည်းပြန်တောင်းပန်တယ်။ အဲဒီပြဿနာကို နောက်နေ့အထိဆက်ယူမသွားတော့ဘဲ အဲဒီ Good Night နဲ့တင် အပြီးဖြတ်လိုက်ကြတယ်။


ယောက်ျားမဆုံးခင်သုံးရက်အထိ ကျွန်မဟာသူ့ကို Good Night လို့ပြောခဲ့ပါတယ်။ နောက်ရက်တွေကျတော့ ကျွန်မကိုယ်တိုင်လည်း နေ့တွေညတွေမသိတော့တဲ့အတွက် မပြောဖြစ်ခဲ့တော့ပါဘူး။ သူနဲ့ Day 1 ကစပြီး တစ်သမတ်တည်း Constantly သွားနိုင်ခဲ့တဲ့အရာတစ်ခုက Good Night ပြောတာလေးဖြစ်ခဲ့ပါတယ်။ ကျွန်မပေးနိုင်တဲ့အရာတစ်ခု Consistent Love ကို အဆုံးအထိပေးနိုင်ခဲ့တဲ့အတွက် သူမရှိတော့တဲ့အချိန်မှာလည်း ဒါလေးကိုပြန်တွေးတိုင်း ဖြေသိမ့်စရာတစ်ခုလို ခံစားခဲ့ရတာတော့ အမှန်ပဲဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၄

735 views0 comments

Comments


bottom of page