အဲဒီခေါင်းစဉ်က The Person I Admire Most ဖြစ်ပါတယ်။ မိမိချစ်ခင်မြတ်နိုး သဘောကျရဆုံးသောပုဂ္ဂိုလ်လို့ ပြောရမယ်ထင်ပါတယ်။ ကိုယ်အရမ်းကြိုက်တဲ့သူ၊ ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးပြည့်စုံရှိနေတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်စံနမူနာထားရမယ့်သူ၊ ကိုယ် Idolize လုပ်ထားတဲ့ Idol အစရှိသဖြင့် ဒီလိုပြောရမှာ ဖြစ်ပါတယ်။
ဒါနဲ့ The Person I Admire Most အဆိုတော် Michael Jackson လို့ ရေးလိုက်ပါတယ်။
သူ့ရဲ့ရှိုးတွေကိုကြည့်ပြီးတော့ ရင်ခုန်တယ်။ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်တဲ့ အုန်းအုန်းကျွက်ကျွက်ပရိတ်သတ်တွေကြားက သူ့ကိုကြည့်ပြီး သူ့လိုဖြစ်ချင်လိုက်တာ၊ အောင်မြင်ချင်လိုက်တာ၊ လူတွေချစ်တာကို ခံချင်လိုက်တာ ဒီလိုမျိုးခံစားရတာဖြစ်ပါတယ်။ ဒါနဲ့ပဲ အဲဒီစာစီစာကုံးမှာ သူ့အကြောင်းကိုထည့်ရေးပါတယ်။ ဖတ်လို့တော့ကောင်းပါတယ်။
အဲဒီအကြောင်းလေးကို အခုပြန်စဉ်းစားကြည့်တော့ ကိုယ်တကယ်ပဲ Michael Jackson ရဲ့ဘဝမျိုးကို လိုချင်ခဲ့တာလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါတယ်။ သိချင်တာကတော့ ဒီလောက်အောင်မြင်မှုတွေနဲ့သူကရော တကယ်ပျော်ရွှင်ခဲ့တာလားဆိုတာပါပဲ။
ဘဝပြဿနာပေါင်းသောင်းခြောက်ထောင် ၊စွပ်စွဲခံရတာတွေ၊ အမှုအခင်းတွေ၊ အထင်လွဲခံရတာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ Pain Killer Addiction အကိုက်အခဲပျောက်ဆေးကို တချိန်လုံးသောက်နေရတဲ့အထိ မသုံးရမနေနိုင်အောင် စွဲလမ်းခဲ့တာတွေ၊ သူ့ရဲ့နာကျင်မှုတွေ၊ သူကိုယ်တိုင်အမြဲတိုက်ခိုက်နေရခဲ့ရတဲ့ သူရဲ့အတွင်းအဇ္ဈတ္တ Inner Demons တွေ၊ ဟန်ဆောင်ထားရတဲ့မျက်နှာဖုံးတွေ ဒီအရာတွေကို မြင်ရသိရတဲ့အခါမှာတော့ သူ့လိုဘဝမျိုး မလိုချင်တော့ပါဘူးလို့ဖြစ်လာပါတယ်။ ဒါဟာအောင်မြင်မှုနဲ့အတူ ရရှိလာတဲ့ ဒဏ်ရာတွေပဲဖြစ်ပါတယ်။
ဘဝမှာ အောင်မြင်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သူနဲ့ အလဲအလှယ်လုပ်လိုက်ရတဲ့အရာတွေဟာလည်း အများကြီးပါပဲ။ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးတယ်။ ကိုယ့်ရဲ့စစ်မှန်မှုတွေ ဆုံးရှုံးတယ်။ ပြီးတော့ အောက်ကိုပြန်မကျအောင် အမြဲတမ်းထိန်းထားရတယ်။ ယှဉ်ပြိုင်မှုတွေအမြဲတမ်းလုပ်နေရတယ်။ ဒါဟာ ကမ္ဘာနဲ့ချီပြီးလုပ်ရပြီဆိုရင် ကမ္ဘာလောက်ရှိတဲ့စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ ရရှိလာတာပဲဖြစ်ပါတယ်။
အထိုက်အလျောက်အောင်မြင်တာတွေဟာ ပျော်ရွှင်မှုကိုရစေပေမယ့် တရိပ်ရိပ်တက်လာတဲ့အောင်မြင်မှုနဲ့အတူ ပျော်ရွှင်မှုက လိုက်တက်လာလေ့မရှိဘဲ နေရာတစ်ခုမှာ ရပ်သွားလေ့ရှိပါတယ်။ အဲဒါအမှန်ပါပဲ။
ငွေကြေးစည်းစိမ်ဥစ္စာ ချမ်းသာပြည့်စုံတာတွေက ပျော်ရွှင်မှုကို ဖန်တီးပေးတယ်။ ဒါပေမဲ့ Level တစ်ခုအထိပဲဖြစ်ပါတယ်။ ငွေကြေးက တက်လာပေမယ့် ပျော်ရွှင်မှုက လိုက်တက်မလာတော့ဘဲ အဲဒီနေရာမှာတင် ကျန်ခဲ့တာမျိုးတွေရှိပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီလောက်လည်း ပိုက်ဆံမရှာနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်ကိုတွေးကြည့်ရင် အခုထက်ပိုပြီးပျော်ရွှင်ရတယ်။ အခုထက်ပိုပြီးအေးချမ်းတယ်။ အခုထက်ပိုပြီးစိတ်ဖိစီးမှုနည်းတယ်။ အခုထက်ပိုပြီး စိတ်လွတ်မြောက်မှုရတယ်။ အဲဒီတုန်းက ရှိတဲ့အတိုင်းအတာဟာ ပြည်စုံတယ်ဆိုတာလောက်ပါပဲ။ အဲဒီထက်ပိုမနေဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ အပျော်ဆုံးဖြစ်ခဲ့တယ်။ဓာတ်ပုံတွေကိုကြည့်ရင် အင်မတန်မှ သဘာဝဆန်တဲ့အပြုံးတွေ၊ လွတ်လပ်ပျော်ရွှင်နေတဲ့အပြုံးတွေက သက်သေခံနေတယ်။
အခု ၁၀နှစ်အတွင်းမှာ အများကြီးပြောင်းလဲခဲ့တယ်။ တိုးတက်မှုတွေကြုံရတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကလိုက်မလာတော့ပါဘူး။
သူသူကိုယ်ကိုယ်အားကျမိတဲ့ပုဂ္ဂိုလ်တွေ၊ စုံတွဲတွေ၊ Idol တွေဆိုတာ ရှိနိုင်ပါတယ်။တစ်ယောက်ယောက်ကိုကြည့်ပြီး သူ့လိုလှချင်လိုက်တာ။ သူ့လိုချမ်းသာချင်လိုက်တာ။ သူ့လိုအောင်မြင်ချင်လိုက်တာ။ သူသုံးသလိုသုံးချင်လိုက်တာ အစရှိသဖြင့် အားကျမိတာ.. လိုချင်တာတွေရှိနိုင်တယ်။
ဒါပေမဲ့ လူရှေ့သူရှေ့မှာ မြင်ရတဲ့ အပေါ်ယံ ပြည့်စုံချမ်းသာတဲ့ဘဝတွေရဲ့နောက်ကွယ်မှာ အနုတ်သဘောဆောင်တဲ့ တခြား အရာတွေလည်းရှိနေနိုင်သေးတာကို သတိပြုရမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်အတွင်းထဲမှာရှိနေတဲ့ချမ်းသာမှု၊အေးငြိမ်းမှုကိုသတိမပြုနိုင်ဘူးဆိုရင်ပျော်ရွှင်မှုအစစ်အမှန်နဲ့လည်း ကင်းဝေးနေမှာဖြစ်ပါတယ်။ Idolize လုပ်တာဟာလည်းမှားနေတယ်လို့ပြောရမှာပါပဲ။
Idolizing the Wrong Hero တချို့သောသူတွေကို ကိုးကွယ်မိခဲ့ကြတာ မှားယွင်းတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒီလိုပြောလို့ ဒီလိုလူတွေဟာ တကယ်ကောင်းမွန်တဲ့လူတွေမဟုတ်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ သူတို့ရဲ့နောက်ကွယ်မှာရှိနေတဲ့ အခြေအနေတွေ၊ ဘဝတွေကို တကယ်မသိဘဲနဲ့ သူတို့လိုဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒကို သတိထားစေချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒီလို Superstar တွေကို Idolizing လုပ်မယ့်အစား ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရိုးရိုးသာမန်လူပုဂ္ဂိုလ်တွေကိုပဲ လိုက်ကြည့်မိပါတယ်။ နာမည်ကြီးတဲ့သူတွေတော့မဟုတ်ဘူး။ ပိုက်ဆံအများကြီးရှိတဲ့သူတွေလည်းမဟုတ်ဘူး။
ဒါပေမဲ့ စိတ်အတွင်းငြိမ်းချမ်းမှုကိုရကြတဲ့သူတွေ၊ စကားပြောတဲ့အခါမှာတောင်မှ အသံကျယ်ကျယ်စွာစွာ ပြောတာမျိုးမဟုတ်ဘဲ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပြောတတ်တဲ့သူတွေ၊ ကြင်နာတတ်တဲ့သူ၊ မျှဝေတတ်တဲ့သူ၊ ချစ်တတ်တဲ့သူတွေ ၊ လောကဓံကို မတုန်လှုပ်ဘဲ တည်ငြိမ်မှုအပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်နေတဲ့သူတွေ ..။
ဒီလိုလူတွေကို တွေ့ရတိုင်းမှာ သူတို့လိုဖြစ်ချင်တဲ့စိတ်ပေါ်ပါတယ်။ သူတို့ပြုံးလိုက်တယ်ဆိုရင်ပဲ အခန်းတစ်ခုလုံး လင်းထိန်သွားသလို ခံစားရတာမျိုး၊ သူတို့ရဲ့အေးချမ်းတည်ငြိမ်မှုက နေရာတစ်ခုလုံး လွှမ်းခြုံနေတာမျိုးဖြစ်ပါတယ်။ အဲဒီလိုလူတွေရဲ့ပုံစံမျိုးပဲ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ဖြစ်ချင်လာပါတယ်။ ပျော်ရွှင်ငြိမ်းချမ်းခြင်းအစစ်မှန်ဆိုတာ အောင်မြင်တာတွေ၊ နာမည်ကြီးတာတွေ၊ ပိုက်ဆံရှိတာတွေနဲ့ချည်းပဲတိုင်းတာလို့မရဘူးဆိုတာအမှန်ပါပဲ။
Comments