top of page
Search

စိတ်တည်ငြိမ် အေးချမ်းမှုတွေနဲ့အတူ နေ့တစ်နေ့ကိုစပါ


မေတ္တာပို့တယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ပို့ရမယ်လို့ ဆရာတော်ကြီးတွေ မိန့်တာ နာကြားဖူးပါတယ်..

ကျွန်မတော့ မေတ္တာပို့တိုင်း..ငါသည် ဘေးရန်ကင်းကွာ..ကျန်းမာ ချမ်းသာပါစေ..စိတ်ကြည်လင် သန့်ရှင်း..

ကိုယ်အတွင်းမှာလည်း တရားတွေ ကိန်းပါစေ..လို့ ရွတ်တတ်ပါတယ်..


အရင်ဆုံးကိုယ့်စိတ်အေးချမ်းသွားတဲ့အခါ..တခြားသူတွေကို ထိထိရောက်ရောက် မေတ္တာပို့ပေးနိုင်လို့ပါပဲ..

အခုနောက်ပိုင်း အောက်စဖို့ဒ်ဆရာတော်ရဲ့တရားတွေနာရတဲ့အခါ ဆရာတော်က..ကရုဏာ..အင်္ဂလိပ်လို compassion...ဆိုတဲ့ စကားလုံးလေးကို မေတ္တာနဲ့ တွဲပြီး မကြာခဏ ဆိုသလို သုံးတာကို သတိထားမိတယ်..


ကိုယ့်ကိုယ်နဲ့စိတ်ကို ရင်ကမွေးတဲ့ သားသဖွယ် မေတ္တာ ..ကရုဏာစိတ်လေးထားပါလို့..ဆိုပါတယ်.. ကျွန်မတို့က ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲလို့ပြောလေ့ရှိကြပါတယ်..ဒါပေမဲ့..တကယ်တမ်း သေချာ စဉ်းစားကြည့်တော့..အပြောနဲ့ အလုပ်ဟာ တခြားစီပါပဲ..


ကိုယ့်ကိုယ်ကို ချစ်ဖို့..မေတ္တာ ကရုဏာ..ထားဖို့ဝေးစွ ကိုယ့်စိတ်ကို ညစ်နွမ်းစေတဲ့အရာတွေကိုပဲနေ့စဉ်နဲ့အမျှ

အချိန်တိုင်းလိုလို ကျူးလွန်နေတတ်ကြတာပဲ..ကိုယ့်စိတ်ကို ကိုယ်တိုင်ပဲ ညှင်းပန်းနှိပ်စက်နေကြတာပဲ..

လူတစ်ယောက်က ကိုယ့်ကို ဒုက္ခတွေအမျိုးစုံပေးတယ်..ဒါပေမဲ့..သူ့အနားမှာ..တွယ်ကပ်ပြီးနေချင်ကြတုန်းပဲ


လူတစ်ယောက်က ကိုယ်နဲ့ သဘောမတူတာတွေရေးတယ်..ဒါပေနဲ့လည်း..သူရေးတာကို သွားဖတ်နေမိ

ပြန်တာပဲ..အစားအစာတစ်ခု အလေ့အကျင့်တစ်ခုဟာ..ကိုယ့်ကျန်းမာရေးကို ထိခိုက်နိုင်တာကို သိတယ်..

ဒါပေမဲ့..စားနေကြတာပဲ..ဆက်လုပ်နေကြတာပဲ..


ဘယ်လိုအတွေးမျိုးတွေဟာ..ကိုယ့်စိတ်ကို အကုသိုလ်ဖြစ်အောင် စေ့စ်ာနေသလဲ..ကျွန်မတို့သိတယ်..

ဒါပေမဲ့..အရသာရှိစွာ..တွေးနေမိကြတာပဲ..အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မရောထွေးရဘူးဆိုတာ သိတယ်..

ဒါပေမဲ့ ဘယ်တော့မှ မပြီးနိုင်တဲ့ အလုပ်တွေကို ခေါင်းစိုက်ပြီး လုပ်နေတုန်းပဲ..


အချိန်တိုင်း..ကိုယ့်ပတ်၀န်းကျင်မှာ..ပေါ်နေသမျ လူတွေ..အသံတွေ..စကားတွေ..ပုံရိပ်တွေ..အာရုံတွေကို

အမြဲတုံ့ပြန်နေတဲ့အခါ..ဒီ..ကိုယ်စိတ်နှစ်ပါးစလုံးဟာ..burn out ဖြစ်လာတတ်ပါတယ်..ခြေကုန်လက်ပန်း ကျလာတယ်ပေါ့..


ဒါကြောင့် ဆရာတော်က..ကိုယ်စိတ်နှစ်ပါးကို မေတ္တာ ကရုဏာထားသောအားဖြင့် တရားထိုင်ပါလို့ ပြောတာပဲ..လို့ မှတ်ထားလိုက်မိပါတယ်..ကျွန်မကတော့ တစ်နေ့ မိနစ် ၃၀လောက် တရားထိုင်ပါတယ်..

အသက်ရှုလေ့ကျင့်ခန်းလုပ်တယ်လို့..ဆိုကြပါစို့...


တစ်ခါတစ်လေလည်း မနက်ရော..ညရော..ထိုင်လို့ရပါတယ်..တစ်ပတ်တစ်ရက် နေ့တရားစခန်းလည်း သွားပါတယ်..တကယ်ထိုင်ရင် မိနစ်၃၀ဆိုတာ ပိန်လိမ်နေအောင်ထိုင်ရတာပဲ..ပြောရတာလွယ်ပေမဲ့ တကယ်ခက်ပါတယ်..


အဲတော့..မိနစ် ၃၀စလုံး တခါတည်း မထိုင်နိုင်တဲ့အခါ..၃မိနစ်ဆီ တစ်နေ့ကို ၁၀ခါထိုင်ရင်ရောလို့ တွေးမိတယ် .မိုးလင်းလင်းချင်းကို..ဘာမှမလုပ်ရသေးခင်..၃မိနစ်လောက် အသက်ရှူလေ့ကျင့်ခန်းကို လုပ်တဲ့အခါ..စိတ်တွေ နည်းနည်း တည်ငြိမ်အေးချမ်း သွားပါတယ်..ငြိမ်နေတဲ့ စိတ်ဟာထိန်းရလွယ်တာမို့..

တစ်နေ့လုံးမှာ..သတိလေးနဲ့ ဖြတ်သန်သွားနိုင်ပါပြီ..သတိရှိနေရင် ဝိပဿနာ ဖြစ်နေပါပြီတဲ့..


ဒါကြောင့်အိပ်ရာက နိုးနိုးချင်းမှာ..၃မိနစ်လောက်..၀င်လထှေကျလကေို မှတ်လိုက်ပါ အိပ်ရာထဲမှာပဲ မှတ်လိုက်ပါ..အလုပ်တက်ရတဲ့သူတွေဆို..ရုံးရောက်တဲ့အခါ..ကွန်ပျူတာမဖွင့်ခင် အီးမေးတွေ မစစ်ခင် ၃မိနစ်လောက်..၀င်သက်ထွက်သက် မှတ်ကြည့်ပါဦး..ထမင်းစားပြီးတဲ့အခါ..စိတ်ကို အကုသိုလ်ဖြစ်စေမဲ့..

အကြောင်းတွေ..နားထောင်တာ..ကြည့်တာ..ပြောတာ..ဆွေးနွေးတာမလုပ်ဘဲ..၃မိနစ်လောက်ပဲ ခဏတိတ်တိတ်ဆိတ်ဆိတ်နေပြီး..ကိုယ့်စိတ်ကို ကိုယ် အေးကျသွားအောင် လေ့ကျင့်ပေးစေချင်ပါတယ်..


အလုပ်ပြီးတဲ့အချိန်မှာ တစ်ခါမှတ်ကြည့်ပါ..ဒီလိုနဲ့...စိတ်တွေရှုပ်လာတိုင်း ဒေါသတွေ ထွက်လာတိုင်း..

အလိုမကျမှုတွေဖြစ်လာတိုင်း...တစ်ယောက်ယောက်ကို မုန်းလာတိုင်း..၃မိနစ်လောက် ၀င်လေထွက်လေကို မှတ်လိုက်ပါ..သိပ်အများကြီးမဟုတ်ပါ ၃မိနစ်တည်းပါ ၃မိနစ်ဆိုတဲ့အချိန်ဟာ..လူတိုင်းမှာရှိပါတယ်

ဒီအချိန်လောက်တော့ လူတိုင်းပေးနိုင်ပါတယ်..


မိမိ ကိုယ်စိတ်နှစ်ပါးစလုံးကို..မေတ္တာ ကရုဏာထားပါ ကိုယ့်ကိုယ်ကို ချစ်သနားသောအားဖြင့် စိတ်ကလေးကို ငြိမ်သက်အောင် တစ်နေ့ ၁၀ခါ..၃မိနစ်စီ..အနားပေးပါ..စိတ်တည်ငြိမ် အေးချမ်းမှုတွေနဲ့အတူ နေ့တစ်နေ့ကိုစပါ နှစ်တစ်နှစ်ကိုစပါ



ပျော်ရွှင်သော နှစ်သစ်ဖြစ်ကြပါစေ


မွန်ဟော်စီ

၂၀၂၀ ဇန်နဝါရီ


#PostFromThreeYearsAgo#BalanceWheelofLife

#၃မိနစ်တရားထိုင်ပါ



178 views0 comments

コメント


bottom of page