top of page
Search

စိတ်လှုပ်ရှားမှုဟာ တကယ့်ပျော်ရွှင်မှုမဟုတ်သေးပါဘူး..

ကျွန်မရဲ့..စာဖတ်သူ မောင်ငယ်တစ်ယောက်က

စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်နေပါတယ်..


တကယ်လည်းအောင်မြင်တယ်

သူ့နောက်ကို လူတွေဝိုင်းလိုက်ပြီး

လူတွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာကို ခံရတဲ့သူမျိုးပဲ..

အလုပ်သဘောအရ နာမည်ကြီးတွေ..ငွေကြေးချမ်းသာသူတွေ..ရုပ်ရည်ချောမောလှပသူတွေနဲ့ ဆက်ဆံရတယ်..


အဲဒီအခါမှာ ကိုယ်ကိုယ်တိုင် လှပချောမော..တက်ကြွ ပျော်ရွှင်နေတဲ့ ပုံရိပ်တစ်ခုကို အမြဲဖန်တီးယူထားရတယ်

ကိုယ့်ကိုကိုယ် promote လုပ်နေရတာပေါ့.

ကြာတော့လည်း အစစ်အမှန်ဘဝဟာ ပျောက်ဆုံးလာတတ်တယ်လေ..

အဲဒါတွေ လုပ်ရတာ သူ ငြီးငွေ့လာတယ်တဲ့..


သူ့မှာဝင်ငွေလည်းကောင်းတယ်

ကျန်းမာရေးလည်းပြည့်စုံတယ်

အဆက်အသွယ်တွေလည်းရှိတယ်..

မရှိတော့တာကတော့အမေပဲ..

မိသားစုကလည်း အဝေးမှာ ဖြစ်နေတယ်..

သူမပျော်ဘူးတဲ့..


သူနဲ့စကားပြောရတော့ ကျွန်မက

Loneliness and Depression လို့ ပြောလိုက်ပါတယ်

အထီးကျန်မှုနဲ့ စိတ်ဓာတ်ကျမှု..


တစ်ခါတစ်လေကျတော့ လူတွေမှာဖြစ်တတ်ပါတယ်..

တကယ့်ကို down and out ပဲ..

အရာအားလုံးရှိနေတယ်

ပြည့်စုံနေတယ်ထင်ရပေမဲ့

တကယ်တမ်းကျတော့ ရင်ထဲမှာ ဟာပြီး ဗလာဖြစ်နေတယ်


အောင်မြင်ကျော်ကြားတဲ့သူတွေဟာ..ဒါမျိုးတွေပိုဖြစ်ကြသလိုပဲလို့ တွေးမိတယ်..အနားမှာ လူတွေဝိုင်းဝိုင်းလည်နေကြပေမဲ့..

အဲဒီလူတွေဟာ..ကိုယ့်နားမှာ အကြာကြီးရှိနေမှာမဟုတ်ဘူးဆိုတာလဲ သိနေတယ်တဲ့..


ဘယ်လိုသိနေရတာလဲဆိုတော့.

ကိုယ်တိုင် အဲဒီလူတွေနဲ့ သွားလာစားသောက်နေတဲ့အချိန်မှာအပေါ်ယံသဘောမျိုးတွေပဲ ပါနေခဲ့လို့ပါတဲ့..


တကယ်တော့ အနားမှာ အဆိုးအကောင်းအတူရင်ဆိုင်ပြီး

နွေးထွေးမှုပေးနိုင်တဲ့သူမျိုးကို လိုချင်တယ်

အဲတော့ လက်တွဲရမဲ့လူမျိုး လိုက်ရှာကြည့်တယ်..

ကြိုက်သလိုထင်ပေမဲ့ မကြိုက်တော့ပြန်ဘူးတဲ့...

အများကြီးစဉ်းစားတဲ့အခါ..ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်လာပြန်ရောတဲ့..


တခါတလေကျတော့..

သူအပြင်ထွက်သွားလည်း ဘယ်သူမှမသိကြဘူး..သူ..

ပြန်လာလာ..မလာလာ..ဘယ်သူကမှလည်း ဂရုမစိုက်ဘူး..အရေးမကြီးဘူး..ဆိုပြီး..

တွေးရင်းဝမ်းနည်းလာတယ်တဲ့..


အဲဒီအခါ ပျော်မယ်ထင်တာတွေလုပ်မိတယ်တဲ့..

အဓိဌာန်တွေလုပ်ကြည့်တယ်..ပုတီးတွေစိပ်ကြည့်တယ်..ဗေဒင်တွေမေးတယ်..

ပိုက်ဆံတွေ သုံးပစ်လိုက်တယ်..

Barမှာ သွားထိုင်တယ် သောက်တယ်..တစ်ခါတစ်လေ အိမ်ကိုပြန်မလာဘူးတဲ့..ဒါတွေလုပ်ပေမဲ့လည်း ပျော်မသွားပြန်ဘူးတဲ့..


သူဟာ ဘာကောင်မှလည်းမဟုတ်ဘူးလို့ ထင်လာမိတယ်..တဲ့...

မပျော်တာ..စိတ်ညစ်တာတွေကြာလာပြီး..ဘယ်သူမှလည်း ပြောမပြနိုင်တဲ့အခါ

စိတ်ဓာတ်ကျတယ်ဆိုတဲ့အဆင့်အထိ ရောက်လာတတ်ပါတယ်


သူနဲ့ကျွန်မနဲ့ ဆွေးနွေးဖြစ်တာလေးတွေ အကျိုးရှိမယ်လို့ထင်လို့ ဝေမျှပေးလိုက်ပါတယ်..


နံပါတ်တစ်က တကယ့်မိတ်ဆွေစစ်ကိုရှာရမယ်..

ကိုယ်က စစ်မှန်တဲ့သူကို လိုချင်ရင်

ကိုယ့်ဘက်ကလည်း စစ်မှန်နေဖို့လိုတယ်

အပေါ်ယံတွေ..ကိုယ်တိုင်ကစပြီးလျှော့ရမယ်..

ကိုယ်က ချောလို့ နာမည်ကြီးလို့ ပိုက်ဆံရှိလို့ဆိုပြီး အနားမှာနေပေးတဲ့သူဟာ..အစစ်အမှန် မဟုတ်ဘူး..

ကိုယ် ဆင်းရဲသည်ဖြစ်စေ..ရုပ်ဆိုးသည်ဖြစ်စေ

ကိုယ့်ကို အမြဲ ချစ်နိုင် နားလည်နိုင်တဲ့သူဟာ..

မိတ်ဆွေကောင်းပဲ..

မိသားစုဝင်ထဲက တစ်ဦးဦးလည်း ဖြစ်နိုင်တာပဲလေ..


နံပါတ် ၂

Social Media လျှော့သုံးရမယ်..

ဒီခေတ်မှာတော့ လူတွေဟာ.. နည်းမျိုးစုံနဲ့ ကိုယ့်ကိုကိုယ် promote လုပ်ပေးနေရတာပဲ..

နာမည်ကျော်ကြားသူတွေဆို ပိုလုပ်နေကြရပါတယ်..

သူများတွေ promote လုပ်တိုင်း ကိုယ်က လိုက်လုပ်စရာတော့မလိုဘူး

ကိုယ့် Trend နဲ့ ကိုယ့် Brand နဲ့ကိုယ် သွားနေတာ အကောင်းဆုံးပါ..


နံပါတ် ၃အနေနဲ့

အရမ်း lonely ဖြစ်တယ် အထီးကျန်တယ်ဆိုတဲ့ အခါ

အဖော်လိုချင်လာတာသဘာဝပါပဲ

Relationship တစ်ခုကို တည်ဆောက်ကြည့်ဖို့ကို သတ္တိမနည်းသင့်ပါဘူး..

တာဝန်မယူနိုင်ဘဲ အလွန်အကျွံဖြစ်တာမျိုးကိုသာ ရှောင်ရပါမယ်

Casual Date လောက်ကတော့ ပြသနာမရှိပါဘူး..


နံပါတ် ၄

..ကိုယ့်ကိုကိုယ် ဘာမှမဟုတ်တော့ဘူးလို့ မထင်ပါနဲ့..ဒီအသက်အရွယ်ထိရောက်အောင် ခက်ခဲတဲ့ဘဝအတွေ့အကြုံတွေ ဖြတ်သန်းခဲ့ပြီးပြီပဲ..

ကိုယ် ဘယ်လောက်ထိအောင်မြင်ခဲ့တယ်ဆိုတာကို တွေးပြီးကျေနပ်နှစ်သိမ့်နိုင်ပါတယ်..

ငွေတွေ သိန်းကို သောင်းနဲ့ချီမလှုနိုင်ပေမဲ့ လုပ်ငန်းတစ်ခုတည်ထောင်ထားတယ်..ဒီလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့လူတွေ..သူတို့..မိသားစုတွေရဲ့ ထမင်းအိုးတွေကို တည်ထားပေးနိုင်တာကလည်း ပရဟိတပါပဲ..


နံပါတ် ၅..ပျော်မယ်ထင်တာတွေ လိုက်စမ်းလုပ်ကြည့်နေမဲ့အစား

မပျော်တဲ့ ခံစားချက်ကို လက်ခံပြီး..အမြစ်ကနေတူးထုတ်ဖို့လုပ်ရမယ်..

Excitement ဆိုတာဟာ..Happiness မဟုတ်ဘူး..

စိတ်လှုပ်ရှားမှုဟာ တကယ့်ပျော်ရွှင်မှုမဟုတ်သေးပါဘူး..


ခဏတာပျော်သွားမယ် အရှိန်ကုန်တဲ့အခါရပ်သွားမှာပဲ..

သဘောကတော့ အရက်သောက်နေချိန်မှာ ပျော်တယ်ထင်တယ်

အမူးပြေသွားတော့ စိတ်ညစ်တာ..စိတ်ဓာတ်ကျတာ..

ဒုံရင်းပြန်ရောက်သွားသလိုပါပဲ..


အဲဒါကို ကုစားဖို့က Mindfulness လုပ်ရပါမယ်..

တရားထိုင်ပါ..

အကောင်းဆုံးနဲ့ စျေးအသက်သာဆုံး ဆေးပါပဲ..

အားစိုက်မှု Effort နဲ့ စိတ်ရှည်မှု Patience တော့လိုပါတယ်..


ဝင်လေထွက်လေ မှတ်တဲ့အခါ..ပေါ်လာတဲ့..

ခံစားမှု Emotions တွေကို စောင့်ကြည့်ပါ

အထီးကျန်တယ်..ငါတစ်ယောက်တည်း ဝမ်းနည်းနေတယ်..ဆိုတဲ့ ခံစားမှုကို Register လုပ်ပေးလိုက်ပါ..သိပေးလိုက်ပါ..


ပြီးရင် လွှတ်ချလိုက်ပါ..

ဟုတ်တယ်..ဖြစ်နေတာကို နားလည်တယ်..

ပြီးသွားပြီဆိုပြီး Release လုပ်ပေးလိုက်ပါ..


ပြီးရင် Return ပြန်လာပါ..

သတိရှိနေတဲ့နေရာ..မှတ်နေတဲ့နေရာကို ပြန်လာပါ..


Oxford ဆရာတော် ဟောတဲ့နည်းလေးကို ကျွန်မမှတ်ထားမိတာလေး ပြန်ရေးပြလိုက်တာပါ..


ပညာရှိသတိဖြစ်ခဲဆိုတဲ့..စကားပုံရှိပါတယ်..

ပညာရှိတဲ့သူပေမဲ့ တစ်ခါတစ်လေ သတိမေ့လျော့သွားတတ်ပါတယ်...


ဒီမောင်ငယ်ရဲ့ အတွေးတွေ မေးခွန်းတွေထဲမှာ အဖြေတွေ ပါနေပြီးသားမို့..သူသိပြီးသားတွေကို ကျွန်မက မီးလေးထွန်းပြလိုက်တဲ့ သဘောပါပဲ..


ကိုယ်တိုင်က

တော်လည်းတော်သလို..အရမ်းကြိုးစား..Smart လည်းဖြစ်တဲ့သူမို့ .ဖြစ်တတ်တဲ့ သဘာဝတွေပဲလို့လက်ခံပါ..ဘဝကို ပြန်တည်ဆောက်ပါ..Fix လုပ်ပါ..


မွန်ဟော်စီ

မတ်လ ၂၀၂၀


#မနက်စာအာဟာရ


Photo

Free Humanity

1,256 views0 comments

Comments


bottom of page