top of page
Search

စာဖတ်တဲ့သူ၊ စာရေးတဲ့သူ၊ စာအုပ်တွေကိုသဘောကျတယ့်သူ၊ စာပေအသိုင်းအဝိုင်းထဲကသူ အစရှိသဖြင့် အဲဒီလိုမိတ်ဆွေတွေ အိမ်ကိုအလည်လာတဲ့အခါ ကျွန်မရဲ့ Home Library လေးထဲကိုတော့ မရောက်မဖြစ် ရောက်ကြရပါတယ်


စာအုပ်ချစ်တဲ့သူတွေဆိုတော့လည်း ရောက်ပြီဆိုရင် Library လေးပြပါဦး၊ ကြည့်ချင်တယ်လို့ ပြောတတ်ကြတာချည်းပါပဲ။


Library ထဲမှာထိုင်ပြီး စာအုပ်တွေအကြောင်းစကားစမြည်ပြောကြတယ်။ အမှက်တရဓာတ်ပုံတွေရိုက်ကြတယ်။ First edition စာအုပ်လေးတွေဆို ကြွားရတယ်။ ဂစ်တာလေး၊ ကီးဘုတ်လေးတွေလည်းရှိလို့ စကားပြောရင်း တောင်တောင်တင်တင် သီချင်းတီးကြ၊ ဆိုကြတာတွေလည်း ရှိတယ်။ ကျွန်မက အချိန်တော်တော်များများ အဲဒီနေရာမှာ ရှိနေတာများပါတယ်။ ကိုယ်တန်ဖိုးထားတဲ့နေရာတစ်ခုပါပဲ။


ဒီနေရာလေးကို ရောက်ဖူးတဲ့သူတွေက ဓာတ်ပုံတွေတင်ကြဆိုတော့ မရောက်ဖူးသေးတဲ့သူတွေက ဒီဓာတ်ပုံတွေကြည့်ပြီး အားကျနေကြပါသတဲ့။ ဘယ်လောက်ထိအားကျသလဲဆိုရင် တစ်နေ့မှာ ဆရာမနဲ့အပြင်မှာတွေ့ခွင့်ရမယ်ဆိုရင် အဲဒီနေရာဟာ ဆရာမရဲ့Library မှာ ဖြစ်ရမယ်လို့ တောင် တေးထားမိတာပါတဲ့။


အဲဒီလို Big Fan စာဖတ်သူလေးတစ်ယောက်နဲ့ ကျွန်မဟာလွန်ခဲ့တဲ့ရက်က ကျွန်မ Library လေးထဲမှာပဲ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူက အိမ်ကိုအလည်လာခွင့်ကြုံတယ်။ အဲဒီတော့ ထုံးစံအတိုင်း Library လေးကို အလည်ရောက်ခဲ့ရတော့တာပေါ့။


အဲဒီမှာ သူကပြောပြတာပါပဲ။ ဘယ်သူဘယ်ဝါတို့ ဒီမှာလာခဲ့ကြတဲ့ပုံတွေကို တွေ့ရတော့ အဲဒီပုံတွေကိုကြည့်ပြီး တစ်နေ့ကျရင် ငါလည်း ဒီလိုမျိုးရောက်လာစေရမယ်လို့ စိတ်ထဲမှာတေးထားတာပါတဲ့။ အခုတော့ သူ့ဆန္ဒတွေပြည့်ဝသွားပြီ။ အဲဒီလိုစိတ်ထဲမှာ ဖြစ်နေခဲ့တာလွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကလို့ ဆိုပါတယ်။


ဒီအကြောင်းလေးကို သူ့ဆီကကြားရတော့ ကျွန်မကချက်ချင်းပဲ Manifest ဆိုတဲ့စကားလုံးလေးကိုသတိရလိုက်မိပါတယ်။ Manifest ဆိုတာကို ညို့ယူတယ်..၊စွဲငင်တယ် အစရှိသဖြင့် ပြောရမှာဖြစ်ပါတယ်။ တချို့ကျတော့လည်း ဆုတောင်းတယ်၊ အဓိဌာန်တယ်လို့ ပြောတတ်ကြတယ်။


ကျွန်မ အမြဲတမ်းယုံကြည်ခဲ့တာက ဆုတောင်းနေရုံနဲ့တော့ အရာရာဟာ ပြည်စုံလာမှာမဟုတ်ဘဲ အဲဒီဆုတောင်းတွေပြည့်ဝလာဖို့ လုပ်ကိုင်ဆောင်ရွက်ရမဲ့၊ ဖန်တီးတည်ဆောက်ရမဲ့ လုပ်ဆောင်မှုအပိုင်းကိုဖြည့်ဆည်းပေးရမယ်ဆိုတာပဲဖြစ်ပါတယ်။


Manifest လုပ်တယ်ဆိုတာဟာ ဖြစ်ချင်တာကို ထိုင်ဆုတောင်းနေရုံမဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်တဲ့ လမ်းတွေကို ရွေးချယ်လျှောက်လှမ်းနေတာ၊ ဆုံးဖြတ်မှုတွေလုပ်နေတာ၊ ဖန်တီးတည်ဆောက်နေတာ

အစရှိသဖြင့် လုပ်ဆောင်ခြင်းဆိုတဲ့ Action တွေ ပါရတာပဲဖြစ်ပါတယ်။ ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးဆိုတဲ့စကားအတိုင်းပါပဲ။


တချို့က Manifestation ကိုမယုံကြည်ကြပါဘူး။ ဘာကိုမှ Manifest လုပ်လို့မရဘူး။ ကိုယ်လုပ်မှ ကိုယ်ရတယ်လို့ ပြောကြတယ်။ တကယ်လည်း မှန်ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရကြတာချည်းပါပဲ။ ဒါပေမဲ့ Manifest လုပ်လို့မရဘူးဆိုတာကတော့ မဟုတ်ပါဘူး။


တကယ်တော့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့လက်ထဲမှာ သုံးစွဲနေတဲ့အရာတွေ၊ ပိုင်ဆိုင်နေတဲ့ပစ္စည်းတွေကအစ ကျွန်မတို့ Manifest လုပ်ခဲ့ပြီးသားအရာတွေချည်းပါပဲ။


အခု ဒီစာဖတ်နေတဲ့အချိန်မှာ လူတိုင်းရဲ့လက်ထဲမှာ ဖုန်းတစ်လုံးတော့ရှိနေတာပဲဖြစ်ပါတယ်။ အဲဒီဖုန်းကလေး ကိုယ့်မှာမရှိလာသေးခင်က ဘယ်လိုစဉ်းစားခဲ့ပါသလဲ၊ ဘာတွေတွေးခဲ့ဖူးပါသလဲ။


ငါဖုန်းဝယ်ရင်တော့ ဒီလိုအမျိုးအစားလေး၀ယ်မယ်။ ဒီသူငယ်ချင်းကိုင်တဲ့ဖုန်းလေးကိုတော့ သဘောကျတယ်။ ဒီလို အမျိုးအစားထဲကဆိုရင်ရော မကောင်းဘူးလား။ ဖုန်းလေးရလာရင်တော့ အရမ်းကိုအဆင်ပြေမှာ၊ ဘယ်သူတွေဆီ ဖုန်းဆက်ပြီးစကားပြောမယ်။ အွန်လိုင်းမှာ အကောင့်ဖွင့်မယ်။ သူငယ်ချင်းတွေနဲ့ဆက်သွယ်မယ် အစရှိသဖြင့် ဒီလိုပုံစံမျိုး အကြိမ်ပေါင်းများစွာ စိတ်ကူးတွေးတောခဲ့ကြတာဖြစ်ပါတယ်


လူတွေဟာ..တစ်ခုခုကို လိုချင်ပြီဆိုရင် ရအောင်လုပ်တတ်ကြတာပါပဲ။ လိုချင်တာတွေရဖို့ ဘာတွေလုပ်ရမလဲ၊ ဘယ်လိုလမ်းကြောင်းတွေက သွားရမလဲ၊ ဘယ်သူတွေနဲ့တွေ့ရမလဲ၊ ဘယ်သူတွေကိုမေးရမလဲ၊ ဘယ်လိုပုံစံနဲ့ချဉ်းကပ်ရမလဲဆိုတာတွေက အလိုလိုစိတ်ထဲမှာ ပေါ်လာတတ်ပါတယ်။


ကျွန်မကိုယ်တိုင် ဒီအချက်နဲ့ ကိုယ့်ဘဝကိုပြန်ပြီးသုံးသပ်ကြည့်တဲ့အခါ ယခုရောက်နေတဲ့ဘဝအခြေအနေဟာ ကျွန်မအကြိမ်ပေါင်းများစွာ ကြိုတင်စဉ်းစားတွေးတောခဲ့မိဖူးတဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။ သိစိတ်ထဲကလည်းတွေးတယ်။ မသိစိတ်ထဲကလည်းတွေးတယ်။ ဒါပေမဲ့ အဲဒီလိုတွေးနေသလို..ကျွန်မဟာ အဲဒီအခြေအနေကိုရောက်ဖို့လည်း အလုပ်တွေလုပ်နေခဲ့ပါတယ်။


ဥပမာတစ်ခုပြောရမယ်ဆိုရင် ကျွန်မဟာ စာရေးသူဘဝကိုရချင်တယ်။ ကျွန်မခုနစ်တန်းလောက်ကတည်းက စာတွေစရေးခဲ့တယ်။ စာရေးသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဆန္ဒတွေက ရှေ့တိုးလိုက်နောက်ဆုတ်လိုက်တွေဖြစ်နေခဲ့ပါသေးတယ်။


ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာဘာလဲဆိုတာ သေချာသိခဲ့တဲ့တစ်နေ့မှာ ကျွန်မက စာတွေရေးချင်တဲ့အတွက်ကြောင့် စာသင်တဲ့ဘဝကို စွန့်လွှတ်ခဲ့တယ်။ ကျွန်မရဲ့ Brand Name တစ်ခုကို ဖန်တီး တည်ဆောက်ဖို့ဖြစ်လာတယ်။ အဲဒီအခါမှာ ကျွန်မက Installation Art တွေ ဖန်တီးတဲ့ Artist တစ်ယောက်ရဲ့ဘဝကို ဖြတ်သန်းခဲ့ရတယ်။ ကိုယ့်နာမည်နဲ့ Brand က အဲဒီဘဝဖြတ်သန်းမှုနဲ့ စတင်ဖြစ်တည်လာခဲ့ပါတယ်။


စာရေးတဲ့သူတစ်ယောက် ဖြစ်လာဖို့ထားခဲ့သင့်တာတွေထားခဲ့ရတယ်။ တည်ဆောက်သင့်တာတွေ တည်ဆောက်ခဲ့ရတယ်။ သေချာတာကတော့ လိုချင်တဲ့ဘဝနဲ့နီးစပ်တဲ့အရာတွေ တောက်လျှောက်လုပ်နေခဲ့ရတယ်။ စာရေးတဲ့သူဖြစ်ချင်တဲ့အတွက်ကြောင့် စာရေးတဲ့အလုပ်ကတော့ Main Stream အနေနဲ့လုပ်နေခဲ့မိတာပါပဲ။


ဒီလိုသဘောမျိုးပါပဲ။


ကိုယ်အင်မတန်ကြိုက်တဲ့ အင်္ကျီလေးတစ်ထည်ရလာပြီဆိုပါစို့။ ဒီအင်္ကျီလေးမရလာခင်မှာ အဲဒီလိုအင်္ကျီဝတ်ထားတဲ့သူတွေတွေ့ရင် လိုက်ကြည့်မိတယ်။ ဆိုင်မှာရောင်းနေတာတွေ့ရင် လက်ကလေးနဲ့ သွားကိုင်ကြည့်တယ်။ အွန်လိုင်းမှာရောင်းနေတာတွေ့ရင် အဲဒီပို့စ်ကို Save လုပ်ထားတယ်။ ကိုယ်နဲ့ဆို ဘယ်လိုအရောင်လေးတွေလိုက်မလဲလို့ စဉ်းစားနေတတ်ခဲ့တယ်။ နောက်ဆုံးမှာ ကိုယ်လက်ထဲကို ပိုက်ဆံရောက်လာတယ်။ အဲဒီအင်္ကျီဝယ်ဖို့ အခြေအနေဖြစ်လာပြီဆိုတဲ့အခါကျတော့ ၀ယ်ဖြစ်လိုက်တော့တာပါပဲ။


ကိုယ်တွေးထားတဲ့စိတ်ကူးတွေနဲ့ ကိုယ်လိုချင်တာတွေဟာ အကြောင်းတွေတိုက်ဆိုင်လာတဲ့အချိန်မှာ

Manifest ဖြစ်သွားတတ်ပါတယ်။


ကျွန်မရဲ့ဆရာလည်းဖြစ်သလို မိတ်ဆွေရင်းတစ်ယောက်လည်းဖြစ်တဲ့ ဆရာ R Rem (ဂဏန်းဗေဒ)နဲ့တွေ့ဆုံတဲ့အခါမှာ Negative Energy တွေကိုအစာမကျွေးမိပါစေနဲ့လို့ပြောမိကြတယ်။ ကြောက်ရွံ့တာ၊ ၀မ်းနည်းတာ၊ အားငယ်တာအစရှိတဲ့ အနှုတ်သဘောဆောင်တဲ့ Negative Emotions တွေကို အားကောင်းလာအောင် ခဏခဏတွေးမနေမိပါစေနဲ့လို့ပြောမိကြတာပါ။


ဒီလိုဆိုတော့ဖြင့် ဘဝမှာ မကောင်းတာတွေမတွေးရင်..မကောင်းတာတွေ တကယ်ပဲဖြစ်မလာနိုင်တော့ဘူးလားလို့ မေးစရာရှိပါတယ်။


မကောင်းတာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒါဟာ သဘာဝပါပဲ။ ဒီသဘာဝတရားကို သိရုံပဲသိထားပေးလိုက်ပါ။ လက်ခံထားပေးလိုက်ပါ။ ခဏခဏ အကြိမ်ကြိမ် အခါခါတွေးရင်း အနာဂတ်ကို စိုးရိမ်နေတာပူပန်နေတာ၊ ကြောင့်ကြနေတာမျိုးမဟုတ်ဘဲ ပစ္စုပ္ပန်မှာ တည့်တည့်နေဖို့..၊ ဖြေရှင်းစရာပြဿနာတွေ ရှိလာမယ်ဆိုရင်လည်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားဖို့သာ ဖြစ်ပါတယ်။


မြန်မာစကားမှာ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေဆိုတဲ့ ဆုတောင်းလေးတစ်ခုရှိပါတယ်။ ကောင်းကျိုးလိုအင်ဆန္ဒဆိုတဲ့အတိုင်း ကောင်းတဲ့အရာတွေ၊ ကောင်းတဲ့ဆန္ဒတွေကိုပဲ ခဏခဏတွေးပါ။ ကောင်းမွန်တဲ့အတွေးတွေ Positive Energy တွေကိုသာ ခဏခဏအစာကျွေးပါ။ အတွေးတွေဟာ ထိန်းချုပ်ဖို့တော့ခက်ပါတယ်။ ဒါပေမဲ့လည်းကြိုးစားကြည့်စေချင်ပါတယ်။




811 views0 comments

コメント


bottom of page