top of page
Search

ဆုံးရှုံးရမှာကြောက်တဲ့စိတ်ဆိုတာ လူတိုင်းမှာရှိပါတယ်။





နိုင်ငံခြားက သူဌေးတစ်ယောက်က ဒေါ်လာတစ်သန်းတန်တဲ့ ကျန်းမာရေးအာမခံထားတယ်လို့ သူငယ်ချင်းတစ်ယောက်နဲ့ပြောမိတော့ ဒေါ်လာတစ်သန်းဖိုးလောက် ဆေးကုရမယ်ဆိုရင်လည်း တစ်ကိုယ်လုံးကို ဖွတ်ဖွတ်ညက်ညက်ကြေလောက်တဲ့အထိ ဖြစ်နေတော့မှာပဲလို့ ပြောမိသေးတယ်။


အဆိုတော်က အသံကိုအာမခံထားတယ်၊ တင်ပါးလှတဲ့ နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ယောက် သူ့ရဲ့တင်ပါးကို အာမခံထားတယ်လို့လည်း ကြားဖူးတယ်။ ရိုးရိုးသာမန်လူတွေအနေနဲ့လည်း အိမ်၊ ကား၊ သားသမီးပညာရေး၊ အသက်၊ ကျန်းမာရေး အစရှိသဖြင့် အာမခံတွေထားကြတာမျိုးရှိတာပါပဲ။


ကိုယ်တန်ဖိုးထားတာတွေ ဆုံးရှုံးသွားရမှာကြောက်တယ်။ စွန့်လွှတ်လိုက်ရမှာကြောက်တယ်။ အာမခံထားတယ်ဆိုတာ တကယ်တော့ မသေချာမှုတွေထဲမှာ သေချာမှုတွေကို ဖန်တီးယူထားတာပဲဖြစ်ပါတယ် ။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ဆိုလို့ရှိရင် ထိမှာအင်မတန်ကြောက်ကြတယ်။ တတ်နိုင်သလောက် မိမိကိုယ်မိမိ မနာကျင်ရအောင်၊ မထိခိုက်ရအောင်၊ မိမိရဲ့ဘဝ အာမခံချက်ရှိအောင် အစွမ်းကုန်ကာကွယ်ထားတတ်ကြတယ်။


ဆုံးရှုံးရမှာကြောက်တဲ့စိတ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ဆင်းရဲတဲ့သူဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ နိမ့်တဲ့သူ မြင့်တဲ့သူတိုင်းမှာ ကြောက်စိတ်ရှိတယ်၊ စိုးရိမ်စိတ်ရှိတယ်။ ဒီစိတ်ကြောင့်ပဲ မိမိပိုင်ဆိုင်သမျှ အရာရာကို နည်းမျိုးစုံသုံးပြီး ကာကွယ်ကြတယ်။


တိရစ္ဆာန်တွေမှာလည်း ဒီလိုကြောက်စိတ်မျိုး ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ Survival Instinct ဆိုတာက အသက်မသေဖို့၊ ကိုယ်နေတဲ့နေရာလေး ပျောက်မသွားဖို့၊ ကိုယ့်ကလေးတွေကို တခြားအကောင်က လာမစားဖို့ အစရှိသဖြင့် အသက်ရှင်သန်ဖို့သာလျှင် အဓိကအခြေခံ အကြောင်းတရားဖြစ်တယ်။ လူတွေမှာကတော့ လောဘ၊ ဒေါသ၊ မောဟတွေ ရှိတယ်။ ဒီအရာတွေနဲ့ပဲ မိမိပိုင်ဆိုင်ထားသမျှ ကာကွယ်ထားတတ်ကြတယ်။


ကြောက်တာကို ကာကွယ်တယ်ဆိုတဲ့နေရာမှာ ဘာသာရေးနဲ့ လုပ်တာတွေလည်းရှိတယ်။ အဓိဌာန်လုပ် ရွတ်ဖတ်ဆုတောင်းတာမျိုးတွေကလည်း စိတ်ထဲမှာ အကာအကွယ်ကောင်းကို ရစေပါတယ်။


အခုနောက်ပိုင်းမှာ ကြောက်စိတ်ဆိုတာကိုတွေ့တိုင်း ‘ငါ’ကပ်နေလို့ဆိုတာကို သွားမြင်မိတယ်။ ကြောက်စိတ်ရဲ့အရင်းအမြစ်ဟာ ငါဆိုတဲ့ Ego Self ကနေ လာပါတယ်။ ငါ့ကိုထိမှာကြောက်တယ်၊ ငါနာမှာကြောက်တယ်၊ ငါ့ကိုလုပ်မှာကြောက်တယ်..


ငါဆိုတာက တကယ့်ကို Fear Based ပဲ ဖြစ်ပါတယ်။ Lack Mentality လို့လည်း ပြောနိုင်တာပါပဲ။ သူ့ရဲ့သဘောက မိမိကိုယ်မိမိပဲ Serve လုပ်ချင်တယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ချင်တယ်။ အတိတ်နဲ့အနာဂတ်တွေကို ဆုပ်ကိုင်ထားတယ်။ အခက်အခဲတစ်ခုကို ကြုံရပြီဆိုရင် အဲဒီအဖြေတွေကို အပြင်မှာပဲရှာတယ်၊ တခြားတစ်ယောက်ဆီမှာပဲ ရှာတယ်၊ သူများကိုအပြစ်တင်တယ်၊ အပြိုင်အဆိုင်တွေများတယ်၊ ဂုဏ်ပြုခံချင်တယ်..လက်ခုပ်သံတွေကို ကြိုက်တယ်။


ငါဆိုတာကို ဖြုတ်ဖို့ပြောကြပေမယ့် တကယ်တမ်း ငါဖြုတ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ငါဆိုတာရှိနေမှလည်း ဘဝရဲ့ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို ရောက်အောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ငါဆိုတာ ဘယ်တော့မှမပြုတ်ဘူး။ သေချာတယ်..


ဒါပေမဲ့ ငါဆိုတဲ့အတ္တကိုတော့ လျှော့လို့ရပါတယ်။ ဒီလိုလျှော့ဖို့က Mindful ဖြစ်ဖို့လိုတယ်။ သတိကပ်နေဖို့လိုတယ်။ နေ့စဉ် ကိုယ်စိတ်နှလုံး သုံးပါးစလုံးတည့်နေတဲ့အချိန်ဟာ ဘယ်လောက်ရှိပါသလဲ။ သေချာစဉ်းစားကြည့်မယ်ဆိုရင် လွတ်နေကြတာများပါတယ်။


လူတွေမှာ တစ်နေ့တစ်နေ့ လုပ်နေကြတဲ့အလုပ်တွေရှိမယ်၊ ပိုက်ဆံရတဲ့အလုပ်တွေရှိတယ်၊ ကုသိုလ်ရတဲ့အလုပ်တွေရှိတယ်။ အလုပ်တွေမှာ အတ္တကိုလျှော့ကြည့်နိုင်ပါတယ်။ ငါ့ကိုပဲလာပြောနေကြတယ်၊ လာခိုင်းနေကြတယ်၊ ရှုပ်ကိုရှုပ်တယ်၊ ဒီလောက်ကလေးတောင်မသိဘူးလားလို့ တွေးနေမယ့်အစား သူ့ကိစ္စကို ငါဘာလုပ်ပေးလို့ရမလဲ၊ ဘယ်သူ့ဆီကို လမ်းညွှန်ပေးနိုင်သလဲ လို့ အရင်တွေးကြည့်တာမျိုးက အတ္တကိုလျှော့တာပါပဲ။ မေးတာမြန်းတာတွေမှာ ကောင်းကောင်းမွန်မွန်ပြောလိုက်ရင်လည်း တစ်ဖက်သူ စိတ်ချမ်းသာသွားတာပါပဲ။


ဘာပဲလုပ်လုပ် Highest Good of All ဆိုတာကို တွေးစေချင်ပါတယ်။ တစ်ဦးတစ်ယောက်အတွက် အကောင်းဆုံးအရာဟာ ဘာဖြစ်မလဲ။ လမ်းခွေးကလေးတစ်ကောင်အတွက်ဆိုရင်တောင် သူ့အတွက် အကောင်းဆုံးရနိုင်တာကဘာလဲ။ မိုးရွာနေတဲ့အချိန် အကာလေးတစ်ခုအောက်မှာ နေခွင့်ရမယ်၊ ကတ်ထူပြားလေးပေါ်မှာ အိပ်ခွင့်ရမယ်၊ အစာကျွေးတဲ့သူတွေနဲ့လည်း တွေ့ခွင့်ရတယ်ဆိုတာ သူ့အတွက်အကောင်းဆုံးဖြစ်နိုင်တဲ့အရာတွေကို စဉ်းစားပြီး မေတ္တာပေးတာပါပဲ။ ကိုယ်နဲ့ နေ့စဉ် Contact ဖြစ်လာတဲ့ လူတွေအပေါ်မှာလည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒီလိုသဘောမျိုးကို ထားနိုင်ပါတယ်။


အဓိကပြောချင်တာကတော့ နေ့စဉ် ကိုယ်လုပ်တဲ့အလုပ်တွေကို၊ တွေးတဲ့အတွေးတွေကို၊ ပြောလိုက်တဲ့စကားတွေ ကိုယ်နဲ့တွေ့တဲ့သူတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ Intention တစ်ခုထည့်ထားရင် Mindful ဖြစ်သလို ငါဆိုတာလည်း လျော့နေပါတယ်။


အတ္တဆိုတာ နည်းနည်းလွှတ်ချနိုင်ရင် နည်းနည်းစိတ်ချမ်းသာတယ်၊ များများလွှတ်ချနိုင်ရင် များများစိတ်ချမ်းသာတယ်။


အခုလက်ရှိအခြေအနေ Present Moment မှာ အကောင်းဆုံးနေလိုက်ရင် Future ဆိုတာ တွေးပူစရာ မလိုတော့ဘူး။ အခု ငါအကောင်းဆုံးနေနေတာပဲဆိုတဲ့စိတ်နဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်ကြောက်ရွံ့တဲ့စိတ်က လျော့သွားနိုင်တယ်။


ငါဆိုတာ စကြာဝဠာနဲ့ယှဉ်ရင် အစက်အပျောက်တောင်မှ မရှိတာဘဲဆိုတဲ့အတွေးမျိုး တွေးတဲ့အခါ ကြောက်စိတ်လျော့ပါတယ်။


အရာရာသည် ဘာမှမမြဲပါလားလို့သိရင် ကြောက်စိတ်လျော့ပါတယ်။


ငါဆိုတာကြီးကို လုံးဝလွှတ်မချနိုင်သည့်တိုင် လျှော့ချနိုင်တယ်ဆိုရင် အေးငြိမ်းမှုကို အထိုက်အလျောက်တော့ ရနိုင်တာပဲ ဖြစ်ပါတယ်။ Mindful ဖြစ်နေတယ်ဆိုရင် နေ့စဉ် ကုသိုလ်နဲ့အကုသိုလ်ကိုလည်း စစ်ဆေးပြီးသား ဖြစ်သွားတာပါပဲ။


မွန်ဟော်စီ

၂၀၂၃ December

#မနက်စာအာဟာရ

872 views0 comments

Comments


bottom of page