top of page
Search

တချို့အချစ်တွေက အခြေအနေတစ်ခုအပေါ်မှာ အခြေခံပြီး ဖြစ်တည်လာတတ်ကြတယ်။



တချို့အချစ်တွေက အခြေအနေတစ်ခုအပေါ်မှာ အခြေခံပြီး ဖြစ်တည်လာတတ်ကြတယ်။ ဒါကို Conditional Love လို့ခေါ်တယ်။ အဲဒီအခြေအနေဟာ အကြောင်းတစ်ခုကြောင့် ပျက်ယွင်းသွားတယ်ဆိုရင် အဲဒီအချစ်ကလည်း အငွေ့ပျံသွားတာမျိုးဖြစ်ပါတယ်။


ဥပမာ ကိုယ့်ကို တစ်ယောက်က ချစ်တယ်ဆိုပြီး နေ့တိုင်း မုန့်ကလေးတစ်ခုလာကျွေးတယ်ဆိုပါတော့ ဒီမုန့်လေးကို ဘာဖြစ်လို့ နေတိုင်းကျွေးနေလဲဆိုတာ ကျွေးတဲ့သူပဲ သိမှာသာဖြစ်ပါတယ်။ တစ်ခုခုရလိုမှုနဲ့ ပေးနေတာဆိုရင်တော့ အဲဒီတစ်ခုမရဘူးဆိုတာ သေချာသွားတဲ့နေ့မှာ အဲဒီမုန့်ကလေးက သင့်ဆီ ရောက်မလာတော့ပါဘူး။ ဆက်ပြီး မပေးနိုင်တော့ပါဘူး။ ဒါဟာ Conditional Love ရဲ့ သဘောသဘာဝပဲဖြစ်ပါတယ်


အခြေအနေတစ်ခုကြောင့် ဖြစ်ပေါ်လာတယ်ဆိုတဲ့ အချိန်ဟာ ဘယ်တော့မှ ကြာရှည်ခံမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခြေအနေတွေဟာလည်းပဲ ပြောင်းလဲနေတတ်တဲ့အတွက်ဖြစ်ပါတယ်။ လူတစ်ယောက်ကို ချောလို့ကြိုက်တာဆိုရင် အဲဒီလူ မတော်တဆမှုတစ်ခုကြောင့် မျက်နှာပျက်စီးသွားတဲ့အခါ ဆက်ပြီးချစ်နေနိုင်တော့မှာမဟုတ်ပါဘူး။ အချစ်ရဲ့သဘော မေတ္တာရဲ့သဘောမှာ အပေးအယူဆိုတဲ့ မျှော်လင့်ချက်တွေပါလာရင် အင်မတန်မှပဲ ရုပ်ဆိုးအကျည်းတန်ပါတယ်။


Unconditional Love ဆိုတာကတော့ ဘယ်အခြေအနေကြောင့်မှမဟုတ်ဘဲ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ချစ်တာသက်သက်ပဲဖြစ်ပါတယ်။


ကျွန်မမှာ စာဖတ်သူတစ်ယောက်ရှိပါတယ်။ တစ်ခါမှ အပြင်မှာ မတွေ့ဖူးပါဘူး။ ကျွန်မ Post တွေမှာ အမြဲတမ်း comment ပေးလေ့ရှိပါတယ်။ ယုံမလားတော့မသိဘူး အဲဒီတစ်ယောက်ဟာ ကျွန်မကို ၂၀၁၉ခုနှစ်လောက်ကစပြီး မနက်တိုင်း ဆုတောင်းစကားလေးတွေ ပို့နေခဲ့တာပါ။ နေ့တိုင်း အဲဒီစာသားလေးကိုပဲပို့တာပါ။ Copy Paste လုပ်ပြီးပို့တာပါ။ ဒါပေမဲ့ ဘယ်တော့မှမပျက်ကွက်ခဲ့ပါဘူး။ ဒါဟာ နည်းတဲ့မေတ္တာတော့ မဟုတ်ပါဘူး။


နောက်တစ်ယောက်ကလည်း ဒီလိုပဲ။ ဒီနှစ်ထဲမှာစပြီးတော့ မနက်မိုးလင်းတိုင်း ဆုတောင်းမေတ္တာပို့သတဲ့စာလေးတွေ အမြဲပို့ပါတယ်။


အဲဒီစာလေးတွေကို ကျွန်မက တစ်ခါတလေ Love React လေး ပြန်ပေးမိပေမယ့် တစ်ခါတလေမှာ ဖွင့်တောင်မကြည့်မိပါဘူး။ Seen တောင် မပြမိပါဘူး။ ဘာ React မှ မပေးမိဘဲ ထားလိုက်တာလည်းများပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ နေ့တိုင်းကို ဆက်ပြီးပို့နေမြဲပါပဲ။


ကျွန်မအစကတော့ ဒါသာမန်ထက်ပိုနေပြီလို့ အတွေးများမိသေးတယ်ပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ မေတ္တာပေးတာကို မေတ္တာနဲ့ခံယူလိုက်တယ်လို့ပဲ ရိုးရိုးရှင်းရှင်းပဲ သဘောထားလိုက်ပါတယ်။ အဲ့ဒီနှစ်ယောက်နဲ့က chat တောင် တစ်ခါနှစ်ခါလောက်ပဲ လုပ်ဖူးပါတယ်။ သူတို့ကလည်း ဘာမှ တခုတ်တရ လာပြောနေတာမျိုး မရှိဘူး။ ကိုယ်လည်း ဘာမှ ပြန်မပြောပါဘူး။


ဒါပေမဲ့ မနက်တိုင်းမှာ အဲဒီလိုဆုတောင်းစာလေးတွေ မပျက်မကွက် ရောက်လာမြဲဖြစ်ပါတယ်။ သူတို့အနေနဲ့က သူတို့ပို့တဲ့ message ကို ကျွန်မ seen ဖြစ်တာ react ပေးတာတွေသည် ဘာမှ အရေးကြီးပုံမရပါဘူး။ သူတို့ချစ်တာကို ဖော်ပြခွင့်ရဖို့သာ အဓိကကျတယ်လို့ ခံယူထားတယ်လို့ထင်ပါတယ်။


ဒါဟာ Unconditional Love ပါပဲ။ ဘာအကြောင်းမှ မည်မည်ရရမရှိ၊ ဘာမျှော်လင့်ချက်မှမရှိဘဲ ကျွန်မကို ကျွန်မမို့လို့သာ ချစ်နေပေးတယ်၊ မေတ္တာတွေ ပေးနေတယ်လို့ ခံစားရတာပဲဖြစ်ပါတယ်။


အချစ်လို့ပြောရင် လူတွေဟာ ယောက်ျားနဲ့မိန်းမကြားကအချစ်၊ ချစ်သူတွေကြားကအချစ်တွေကိုပဲ ပြေးမြင်မိတတ်ကြတယ်။ အချစ်ဆိုတာ အင်မတန်လှပတဲ့ ခံစားချက်တစ်ခုပါပဲ။ အချစ်ခံရတာလည်းကောင်းသလို ချစ်ပေးရတာကလည်း ကောင်းမွန်တဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာပြီဆိုရင် လူတွေဟာ နာကျင်ဖို့ ပူဆွေးဖို့ ဒေါသထွက်ဖို့ ဝမ်းနည်းဖို့ကိုပဲ တွေးတတ်ကြတယ်။ အချင်းချင်းလွှမ်းမိုးဖို့ကြိုးစားတယ်။ အချုပ်ကိုင်ထားချင်ကြတယ်။ သံသယတွေများတယ်။ အကုန်လုံးမရရင် သေးသေးလေးတောင် မလိုချင်ဘူးဆိုတဲ့ အတ္တစိတ်တွေရှိတယ်။ ဒါကြောင့်ပဲ Toxic Relationship တွေ ပေါ်ပေါက်လာကြတာဖြစ်ပါတယ်။


ဒီချစ်ခြင်းမေတ္တာကြောင့် ကိုယ့်ရဲ့နှလုံးသားလေးဟာ ဘယ်လောက်အထိ Soul Growth ကို ရသွားနိုင်သလဲ၊ ဘယ်လောက်အထိ ငြိမ်းချမ်းသွားနိုင်သလဲ၊ ဘယ်လောက်အထိ လုံခြုံသွားနိုင်သလဲ ဆိုတာကို မခံစားတတ်ကြတာများပါတယ်။


မိမိချစ်ရမယ့်လူတွေဟာ ဒီလူမှဒီလူ တစ်ဦးတစ်ယောက်တည်းသာလို့ ပြောလို့မရဘဲ မိသားစုတွေမှာ ပတ်ဝန်းကျင်မှာ မိတ်ဆွေတွေထဲမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ကြပါတယ်။ ကိုယ်က များများချစ်ပေးနိုင်လေ အချစ်တွေကိုလည်း ပိုရလေပဲဖြစ်ပါတယ်။ အများကြီးချစ်တယ် အရမ်းချစ်တယ်ဆိုတဲ့နေရာမှာ အချိန်တိုင်း ပူပြင်းတောက်လောင်နေတာမျိုးမဟုတ်ဘဲ ငြိမ်းချမ်းစွာချစ်တာ၊ မျှော်လင့်ချက်မပါဘဲချစ်တာ၊ သူ့အကျိုးကို လိုလားတဲ့စိတ်နဲ့ချစ်တာ တစ်ချိန်တည်းမှာပဲ မိမိရဲ့တိုးတက်မှုကိုလည်း ရှာဖွေနိုင်တာ လုပ်ဆောင်နိုင်တာ မိမိရဲ့စိတ်ကို လုံခြုံနွေးထွေးစေတာ လွတ်လပ်ပျော်ရွှင်စေတာကလည်း အဓိကကျပါတယ်။


ချစ်ခြင်းမေတ္တာမှာ အမြဲတမ်းရင်ခုန်နေဖို့မလိုဘူး။ အမြဲတမ်း ဟော့ပ်နေဖို့မလိုဘူး။ တည်ငြိမ်ဖို့ စစ်မှန်ဖို့နဲ့ ရိုးသားဖို့သာ လိုတာဖြစ်ပါတယ်။


ချစ်တာနဲ့ ချစ်တတ်တာဟာ တူမှမတူတာ၊ ကိုယ်ဘယ်လိုချစ်ပေးနိုင်သလဲ ဘယ်လောက်အထိချစ်ပေးနိုင်သလဲဆိုတာ အရင်စဉ်းစားကြည့်ဖို့လိုပါတယ်။ မေတ္တာတရားဆိုတာ ကိုယ်လိုချင်တဲ့သူဆီက ကိုယ်လိုချင်တဲ့ပုံစံနဲ့မဟုတ်ပေမယ့် တခြားသောပုံစံတစ်မျိုးမျိုးနဲ့ ကိုယ့်ဆီကို ပြန်လည်ရောက်လာနိုင်တာကတော့ အသေအချာပဲဖြစ်ပါတယ်။


စစ်မှန်သောချစ်ခြင်းမေတ္တာတရားများနဲ့ လှပသောနေ့တစ်နေ့ဖြစ်ပါစေ။


မွန်ဟော်စီ

၂၀၂၃ ဒီဇင်ဘာ

1,108 views0 comments

Comentários


bottom of page