top of page
Search

တစ်ရက်က အပြင်သွားရင်း လမ်းမှာ ရောင်စုံဘောလုံးရောင်းနေတဲ့ ဘောလုံးသည်ကိုတွေ့ပါတယ်...




သူ့ရဲ့လက်ထဲမှာ အပေါင်းလက္ခဏာလိုပုံစံ ဘောလုံးချိတ်တဲ့ အထမ်းတစ်ခုကိုကိုင်ထားပြီး အဲဒီပေါ်မှာတော့ရောင်စုံဘောလုံးတွေဟာ တလူလူလွင့်နေကြပါတယ်။ တချို့ဘောလုံးတွေက ပန်းပုံစံဖော်ထားတယ်၊ တချို့ဘောလုံးတွေက မုန့်ကြိုးလိမ်လိုလိမ်ထားတယ်။ လွယ်အိတ်စလွယ်သိုင်းထားတဲ့ဘောလုံးသည်ဟာ သူ့ရဲ့အခြားလက်တစ်ဖက်ထဲမှာတော့ ညှစ်လိုက်ရင် အသံမြည်တဲ့ဘောလုံးအသေးတစ်ခုကို ကိုင်ထားရင်း လမ်းတစ်လျှောက်လုံးညှစ်လာပါတယ်။


ဒါကိုတွေ့တော့ ငယ်ငယ်တုန်းက အဲဒီလိုအသံနဲ့ လမ်းထဲကိုဝင်လာတတ်တဲ့ ဘောလုံးသည်လာပြီဆိုရင် ရင်တွေခုန်ပြီး ခုန်ဆွခုန်ဆွဖြစ်လာတာကို သတိရမိတယ်။ အိမ်ရှေ့ကိုပြေးထွက်ပြီး တစ်ခုမဟုတ်တစ်ခုဝယ်ပေးဖို့ ပူဆာတော့တာပဲ။ ကိုယ့်လက်ထဲမှာ ညှစ်တဲ့ဘောလုံးရောက်နေပြီဆိုရင် ရှက်သလိုလို..၊ရယ်ချင်သလိုလိုနဲ့ ရင်ထဲမှာ ဖိုးကြိုင်းတုတ်ဖြစ်နေတယ်။ ဒီအခိုက်အတန့်တွေကိုပြန်ပြီးသတိရမိပါတယ်။


ငယ်စဉ်တုန်းက အင်မတန်ပျော်ခဲ့ရတဲ့အချိန်တွေရှိပါတယ်။ ဘယ်သူ့မှာမဆိုရှိပါတယ်။ ဘာမှတော့ အရေးမကြီးဘူး။ ဒါပေမဲ့ အင်မတန်ပျော်ရွှင်ခဲ့ကြရတယ်။


အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ငွေကြေးဥစ္စာအရ ပိုပြီးပြည့်စုံလာကြတယ်။ မိဘအပေါ်မှာ မှီခိုဖို့မလိုတော့

ဘူး။ ကိုယ့်လက်ကိုယ့်ခြေဖြစ်လာတယ်။ ဘယ်သူ့ကိုမှလည်း ပူဆာစရာမလိုတော့ဘူး။ ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘာကိုယ် အချိန်မရွေးဝယ်နိုင်တယ်။


ပျော်ရွှင်မှုတွေကို ပုံစံအမျိုးစုံနဲ့ဖန်တီးနိုင်တယ်။ ခရီးတွေသွားနိုင်တယ်။ သူငယ်ချင်းတွေနဲ့ သွားလာစားသောက်တယ်။ဒါပေမဲ့ ငယ်ငယ်တုန်းကလောက်တော့ မပျော်ရွှင်ကြတော့ဘူး။ ဒါဟာဘာဖြစ်လို့လဲ။


လူကြီးဘဝမှာ ဘာဖြစ်လို့ ပျော်ရွှင်မှုကိုထိန်းထားဖို့ ဒီလောက်တောင်မှခဲယဉ်းနေကြရတာလဲ။ ပျော်ရွှင်မှုတွေဟာ ဘာဖြစ်လို့ လက်ထဲမှာ ကြာကြာမခံတာလဲ။ ဘာဖြစ်လို့ ခဏလေးနဲ့ပျောက်ကွယ်သွားတာလဲ။ဒါတွေက မေးစရာဖြစ်လာပါတယ်။


အဲဒီမှာ အကုန်လုံးဖြေကြမှာကတော့ လူကြီးဘဝကိုရောက်လာတဲ့အခါမှာ တာဝန်ယူရတာတွေများလာတယ်။ စိတ်ဖိစီးမှုတွေများလာတယ်။ ပူပန်ရတာတွေများလာတယ်။ အဲဒီအခါမှာ ပျော်ရွှင်မှုကို ကြာကြာထိန်းမထားနိုင်တော့သလို တော်ရုံတန်ရုံအရာလေးတွေကလည်း ပျော်ရွှင်မှုကို မဖြစ်စေနိုင်တော့ဘူးလို့ ပြောကြမှာပဲဖြစ်ပါတယ်။ ဒါကလည်း မှန်သင့်သလောက်မှန်ပါတယ်။


နောက်တွေ့ရတဲ့အချက်တစ်ခုကတော့ ပျော်ရွှင်မှုနဲ့ပတ်သက်ရင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှားယွင်းခဲ့လို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျော်ရွှင်မှုဆိုတာကို အောင်မြင်မှုနဲ့အချိုးကျတယ်လို့ သတ်မှတ်လိုက်တဲ့အခါမှာ တော်တော်မှားသွားတဲ့အဖြစ်အပျက်တွေ ဘဝအခြေအနေတွေလည်း ရှိလာပါတယ်။


အောင်မြင်တယ်ဆိုရင် ပျော်ရွှင်တယ်လို့ထင်ကြတာကိုး။ ဘယ်လိုအရာတွေက အောင်မြင်ခြင်းကိုသတ်မှတ်သလဲ ။Facebook မှာ Follower များတာလား။ ပိုက်ဆံတွေအများကြီးရှာဖွေနိုင်တာက အောင်မြင်တာလား။ ကလေးတွေကို ကျောင်းကောင်းကောင်းမှာထားနိုင်တာက အောင်မြင်တာလား အစရှိသဖြင့် အောင်မြင်မှုနောက်ကိုလိုက်ကြတယ်။


အဲဒီအောင်မြင်မှုဆိုတာက ငယ်ငယ်တုန်းကတည်းက လိုချင်နေတဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်။ ကိုယ်တိုင်မက်ခဲ့တဲ့အိပ်မက်တွေဖြစ်သလိုမိဘကမက်ခိုင်းလိုက်တဲ့အိပ်မက်တွေလည်း ဖြစ်နေတတ်ကြတယ်။ ဒါကြောင့် ဒီအိပ်မက်တွေနောက်ကိုလိုက်ကြတယ်။ အောင်မြင်သလားဆိုရင် အောင်မြင်တယ်။ အောင်မြင်စွာအိပ်မက်ကို

အကောင်အထည်ဖော်နိုင်ခဲ့ကြတယ်။


ဒါပေမဲ့ ပျော်ရွှင်သလားဆိုရင် သိပ်မပျော်ရွှင်ဘူး။ ပိုက်ဆံတွေအများကြီးရှိတယ်။ အရမ်းအောင်မြင်တယ်။ လူတိုင်းက သူ့ကိုချစ်ကြတယ်။ ပတ်ဝန်းကျင်မှာ သူဌေးကြီးတွေ၊ CEO တွေ၊ ဆရာဝန်ကြီးတွေ၊ Celebrity တွေ အစရှိသဖြင့် အများကြီးတွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ရင်ထဲကို ဝင်ကြည့်ဖူးလား။ သူတို့ဆီမှာ မပျော်ရွှင်တဲ့အရာတွေ အများကြီးရှိနေပါတယ်။ အဲဒါဟာ ပျော်ရွှင်မှုကို အောင်မြင်မှုနဲ့တိုက်ရိုက်အချိုးကျတယ်လို့ အဓိပ္ပါယ်မှားယွင်းစွာသတ်မှတ်ခဲ့မိလို့ပဲဖြစ်ပါတယ်။


ဖတ်နေတဲ့စာအုပ်ထဲမှာ ဆရာဝန်ကြီးတစ်ယောက်အကြောင်းရေးထားပါတယ်။ အဲဒီဆရာဝန်ကြီးက အိန္ဒိယနိုင်ငံကဖြစ်ပါတယ်။ မီးယပ်နဲ့သားဖွားဆရာဝန်ကြီးဖြစ်ပါတယ်။ အင်မတန်တော်ပါတယ်။ လူနာတွေလည်း အင်မတန်များပါတယ်။ ဒါပေမဲ့သူ

အလုပ်လုပ်တဲ့အရွယ်မှာ တစ်ပတ်ကိုသုံးရက်ပဲအိပ်ရတယ်လို့ဆိုပါတယ်။


သူက ဆေးရုံကြီးတစ်ရုံမှာ အလုပ်လုပ်တယ်။ ညနေ ၆နာရီဆိုရင် သူအိမ်ကိုပြန်လာတယ်။ မုတ်ဆိတ်ရိတ်တယ်။ ရေချိုးတယ်။ မိန်းမပြင်ပေးတဲ့ညစာကိုစားတယ်။ ပြီးရင်ပြန်ထွက်သွားတယ်။ တစ်ညလုံးဆေးခန်းထိုင်၊ လူနာတွေနဲ့တွေ့တယ်။ မနက်၇နာရီဆိုအိမ်ပြန်ရောက်လာတယ်။ မုတ်ဆိတ်ရိတ်တယ်။ ရေချိုးတယ်။ မနက်စာစားတယ်။ ဆေးရုံကိုပြန်သွားတယ်။ တစ်နေ့လုံးအလုပ်လုပ်တယ်။


ဒီလိုပုံစံနဲ့လုပ်လာတာ တစ်ပတ်ကို သုံးရက်ပဲအိပ်ခဲ့ရတယ်လို့ပြောတယ်။ အဲဒီလိုလုပ်ခဲ့တာ တစ်နှစ်လည်းမဟုတ်၊ နှစ်လည်းမဟုတ် နှစ်ပေါင်း၂ဝလောက်ကို ဒီတိုင်းပဲသွားခဲ့တာပါတဲ့။


အဲဒီရဲ့အကျိုးဆက်ကဘာလဲ။ သူပိုက်ဆံတွေအများကြီးရတယ်။ သားတွေသမီးတွေကို UK မှာ Private School တွေ ပို့နိုင်တယ်။ ဒါ သူငယ်ငယ်ထဲကဖြစ်ချင်ခဲ့တဲ့အိပ်မက်ပဲ။ ဒါပေမဲ့ သူ့အသက်၅၉နှစ်မှာ Auto Immune ရောဂါရတယ်။ ကျောက်ကပ်ပျက်စီးတယ်။ ၁၅နှစ်လောက် ကျောက်ကပ်ဆေးပြီးမှ ကွယ်လွန်သွားတယ်။ စောစောစီးစီး အလုပ်ကအနားယူခဲ့ရတယ်။ Life ကို ဘာမှ Enjoy မလုပ်နိုင်ခဲ့ဘူး။


အဲဒီမကျန်းမာတဲ့အချိန်တွေမှာ သူအောင်မြင်အောင် ကြိုးစားပမ်းစား နေ့မအိပ် ညမအိပ် အလုပ်လုပ်ခဲ့တာတွေအတွက် တကယ်ပျော်ခဲ့ရသလားဆိုတာက စဉ်းစားစရာဖြစ်ပါတယ်။ အလုပ်လုပ်မှအောင်မြင်မှုရမယ်။ ပိုက်ဆံတွေအများကြီးရှာနိုင်မှ အောင်မြင်မှုရမယ်။ ဒီလိုမှပဲ ဘဝကပျော်စရာကောင်းမယ်ဆိုတဲ့စိတ်နဲ့ မိမိကိုယ်ကို နားခွင့်မပေးဘဲ တွန်းတိုက်စွာစေခိုင်းနေတတ်တဲ့သူတွေအတွက် ဒီအချက်ဟာသတိပြုစရာပဲဖြစ်ပါတယ်။


တစ်ပတ်ကို သုံးရက်ပဲအိပ်မလား။ ဒါမှမဟုတ် ညတိုင်းအိပ်ရေးဝဝအိပ်ပြီး ကြည်ကြည်လင်လင်နိုးလာ မလား။ စနေတနင်္ဂနွေကို အလုပ်လုပ်မလား။ ပန်းခြံထဲမှာ ခွေးနဲ့လမ်းသွားလျှောက်မလား။ ဘယ်ဟာက ပိုပြီးပျော်စရာကောင်းမယ်လို့ထင်ပါသလဲ။


ပျော်ရွှင်ခြင်းနဲ့ပတ်သက်တယ်ဆိုရင် လူတွေရဲ့ တိုင်းတာသတ်မှတ်တဲ့ ခံယူချက်တွေဟာ ကွဲပြားမှုရှိပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကြိုက်တဲ့ပုံနဲ့ရွေးချယ်ကြတာပါပဲ။ ပျော်ရွှင်ခြင်းနဲ့ပတ်သက်ရင် သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြန်လည်တိုင်းတာသတ်မှတ်ဖို့ Redifine လုပ်ဖို့တော့ လိုပါတယ်။


အိပ်မက်တွေ တကယ်ဖြစ်လာတိုင်းလည်း ပျော်ရွှင်ခြင်းကို ဆောင်ယူမပေးတတ်ပါဘူး။ ပျော်ရွှင်ရတယ်ဆိုရင်လည်း အကြာကြီးမခံပါဘူး။ ကြာရှည်တည်တံ့ခိုင်မြဲတဲ့ပျော်ရွှင်မှုတွေဟာ စိတ်အတွင်းထဲမှာပဲရှိပြီး ပြင်ပအခြေအနေတွေကနေ လုံးဝကင်းလွတ်နေတာဖြစ်ပါတယ်။


Your Dreams won't make you happy.


246 views0 comments

Comments


bottom of page