top of page
Search

တစ်ရက်ကမိုးရွာတော့ အိမ်ရှေ့ကပိတောက်ပင်ဟာအပွင့်လေးတွေပြလာခဲ့ပါတယ်




သင်္ကြန်မတိုင်ခင်ကလည်း တစ်ခါပွင့်သေးတယ်။အဲဒီတုန်းကတော့ အပွင့်တွေ တစ်ပင်လုံးလှိုင်အောင် ပွင့်တာပါ။ တစ်ခြံလုံးကိုမွှေးကြိုင်နေတာပဲ။ အခုပွင့်တဲ့အပွင့်လေးတွေက ပထမတစ်ခေါက်က မပွင့်ဘဲကျန်ခဲ့တဲ့ အကြွင်းအကျန်အဖူးလေးတွေကပွင့်တာဖြစ်ပါတယ်။


ကျွန်မစိတ်ထဲမှာ ဒီတစ်ခါပွင့်တဲ့ ပိတောက်ပန်းတွေက မွှေးလည်းမမွှေးဘူးလို့ တွေးမိတဲ့အထိပါပဲ။ အမေက အိမ်တံခါးကိုဖွင့်ထားတော့ ကျွန်မက ပူတဲ့လေတွေ အိမ်ထဲကိုဝင်တယ်၊ တံခါးပိတ်ပါ အမေဆိုတော့ အမေက ပိတောက်ပန်းနံ့လေးတွေ ရှုချင်လို့လို့ပြောပါတယ်။ ဒါနဲ့ကျွန်မက အမေရဲ့ပိတောက်ပန်းတွေက မမွှေးပါဘူး..လို့ ပြောမိပါတယ်။


မွှေးပါတယ်၊ မမွှေးပါဘူးနဲ့ သားအမိနှစ်ယောက် ပြောမိကြရင်း တစ်ရက်က ကျွန်မအပူလျှပ်ပြီး နှာစီးချောင်းဆိုး၊နှာခေါင်းပိတ်နေတာ သွားသတိရလိုက်မိပါတယ်။ အဲတော့မှ ပိတောက်ပန်းကမမွှေးတာမဟုတ်ဘူး။ ကိုယ့်နှာခေါင်းက ပိတ်နေတာလို့ ပြောပြီး ရယ်မိကြတာပါပဲ။


ဒီအဖြစ်အပျက်ကလေးဟာ အင်မတန်ရိုးရှင်းတယ်ဆိုပေမယ့် လူ့သဘောသဘာဝအကြောင်းကို ပြောပြနေပါတယ်။ ကျွန်မတို့အားလုံးဟာ အပြစ်တင်တတ်ကြတယ်၊ ကျွန်မတို့အားလုံးမှာ အားနည်းချက်တွေ ရှိတယ်။ ဒါတွေကို အသိအမှတ်ပြုမိတာထက် အခြားသူတွေ၊ ပြင်ပအခြေအနေတွေကို အပြစ်တင်တတ်ကြတယ်။ လက်ညှိုးထိုးတတ်ကြတယ်။


သူများကို လက်ညိုးထိုးတယ်ဆိုတာ အင်မတန်လွယ်ကူပါတယ်။


တစ်ယောက်က အခြားတစ်ယောက်ကို အပြစ်တင် နေတတ်တယ်ဆိုရင် သူကိုယ်တိုင်က အမှားတွေရှိနေတဲ့အတွက်ကြောင့်ဖြစ်နိုင်တယ်။ တချို့တွေမှာ ဒီလိုသဘောသဘာဝတွေရှိတာကိုတွေ့ရတယ်။ Relationship တစ်ခုမှာ ကိုယ်ကစပြီးအမှားလုပ်မိတယ်။ ဒါပေမဲ့ အဲဒီအမှားကို ဖုံးစေချင်တာနဲ့ မဆိုင်တဲ့သူကိုဆွဲထည့်လိုက်တယ်။ အဲဒီလူနဲ့ပတ်သက်တဲ့ မဟုတ်တာတွေပြောတယ်၊ စွပ်စွဲတယ်။ ဒီလူကြောင့် ဒီလိုဖြစ်ရတာပါလို့ ဇာတ်လမ်းဆင်တယ်။


အလုပ်ထဲမှာ ဦးဆောင်သူတစ်ယောက်က သူ့လက်အောက်ဝန်ထမ်းတွေကို အပြစ်တင်တတ်တယ်ဆိုရင် သူ့ခေါင်းဆောင်မှုမှာ အားနည်းချက်တွေ ရှိနေတာကြောင့်ဖြစ်နိုင်တယ်။ တခြားတစ်ယောက် သို့မဟုတ် ပြင်ပအခြေအနေတစ်ခုကို အပြစ်တင်နေတယ်ဆိုရင် ကိုယ့်ရဲ့ Personal Growth ကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားနိုင်ပါတယ်။


အခြားသူတစ်ယောက်ကို အပြစ်တင်လိုက်တာက ကိုယ့်မှာရှိနေတဲ့အပြစ်တွေ၊ အမှားတွေ၊ အားနည်းချက်တွေကို ဖုံးလွှမ်းသွားစေဖို့ ခဏတာ စိတ်ပြေလျော့စေမှုတစ်ခုဖြစ်တယ်။ ကိုယ်ကအမှားတစ်ခုရှိတယ်ဆိုရင် အဲဒီအမှားကိုကျူးလွန်ထားမိတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကိုခံစားရတယ်။ အဲဒီစိတ်ဖိစီးမှုကို ဖုံးကွယ်ထားချင်တဲ့အတွက်ကြောင့် နောက်တစ်ယောက်ကိုအပြစ်တင်လိုက်တယ်။


အဲလိုလုပ်လိုက်တဲ့အတွက်ကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်သွားတယ်။ ပထမတစ်ချက် ကိုယ့်ရဲ့စိတ်ဖိစီးမှုဟာ သက်သာသွားတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ်စိတ်ဖိစီးမှုဖြစ်ရတာသည် ကိုယ့်ရဲ့အားနည်းချက်ကြောင့်မဟုတ်ဘဲ သူ့ရဲ့အသုံးမကျမှု၊ မိုက်မဲမှု၊ အလိုက်မသိမှု အစရှိသဖြင့် တကယ်ဟုတ်လား၊ မဟုတ်လားမသိတဲ့ ကောက်ချက်ချမှုတွေ၊ စွပ်စွဲမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေလိုက်ခြင်းပဲဖြစ်ပါတယ်။ စိတ်ပညာအရ မိမိရဲ့အတ္တကိုခုခံကာကွယ်တဲ့ယန္တရား Ego Defense Mechanism လို့လည်းခေါ်ကြပါတယ်။


အပြစ်တင်တတ်တဲ့လူတွေကြောင့် သူတို့ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးတွေကတော့ တင်းမာလာတယ်။ အချင်းချင်းထားရှိအပ်တဲ့ ယုံကြည်မှုတွေ ပျက်သွားတယ်။ နာကျင်မှုတွေပဲ ဖြစ်ပေါ်လာတယ်။ တကယ်ဖြေရှင်းရမဲ့ပြဿနာတွေက ဖြေရှင်းလို့မပြီးနိုင်သေးဘဲနဲ့ နောက်တစ်ကြိမ်ပြန်ပေါ်လာဖို့ အခွင့်အရေးကို

စောင့်နေတယ်။ ဒီပြဿနာတွေဟာ သတ္တိရှိရှိ ရင်ဆိုင်မဖြေရှင်းနိုင်သရွေ့ ကိုယ်ကိုယ်တိုင်ကိုရော ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုရော အမြဲတမ်းဒုက္ခပေးနေမှာပါပဲ။


ဒီလိုအပြစ်တင်တမ်းကစားနေတဲ့ The Blame Game ထဲကနေလွတ်မြောက်ဖို့ ပွင့်လင်းတဲ့ စိတ်နှလုံးသားကိုလိုအပ်ပါတယ်။ အခြေအနေ တစ်ခုမှာ အလျင်စလို ပြောလိုက်လုပ်လိုက်မိတဲ့ ကိုယ့်ရဲ့တုံ့ပြန်မှုတွေကို ပြန်စဉ်းစားပြီး အမှားဟာ ကိုယ့်ဆီမှာလည်းရှိနေနိုင်သေးတာပဲလို့ လက်ခံတတ်ဖို့လိုပါတယ်။ လူတိုင်းဟာ အားနည်းချက်တွေရှိတယ်။ ကိုယ်အပါအဝင် ဘယ်သူကမှ Perfect ဖြစ်မနေဘူးဆိုတာလက်ခံရမှာဖြစ်ပါတယ်။


ကိုယ့်အမှားကို လက်ခံပြီး တာဝန်ယူတဲ့အခါမှာ လူမှု ဆက်ဆံရေးတွေ ပိုပြီးတည်ငြိမ်လာတယ်။ အပြုသဘောဆောင်လာတယ်။ ကျွန်မတို့ ပိုပြီးခိုင်မာလာတယ်၊ ခံနိုင်ရည်ပိုလာတယ်၊ ဉာဏ်ပညာလည်း တိုးလာတယ်။ အမှားတွေ အားနည်းချက်တွေဟာ ဘဝမှာ ပိုပြီးကောင်းမွန်လာနိုင်တဲ့ အခွင့်အရေးကိုပေးတဲ့သင်ခန်းစာတွေဆိုတာ သိလာတယ်။


တကယ်လို့ ပန်းခြံ တစ်ခုကိုရောက်သွားပြီဆိုပါစို့။ နှင်းဆီပန်းတွေ အနံ့မရှိဘူး၊ ပိတောက်ပန်းတွေမမွှေးဘူးလို့ခံစားရတယ်ဆိုရင် ခဏလေး စဉ်းစားကြည့်ပါ။ ပန်းတွေဟာ တကယ် အနံ့မ

မွှေးတာလား၊ ဒါမှမဟုတ် ကိုယ့်အနံ့အာရုံကပဲ တစ်ခုခုမှားယွင်းနေတာလား။


အဲဒီအခိုက်အတန့်လေးမှာ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ရှုမြင်ပြီး နားလည်ပေးလိုက်ရုံနဲ့ ဘဝရဲ့အမှန်တရားတွေကို ရှာဖွေတွေရှိ

လာနိုင်ပါတယ်။


မွန်ဟော်စီ

၂၀၂၄

1,344 views0 comments

Comments


bottom of page