ဟိုဟာလျှောက်ရှုကြည့် ဒီဟာလျှောက်ရှုကြည့်နဲ့ အနံ့မပျောက်သေးဘူးဆို လူတွေက ပျော်နေကြတယ်။ ကိုဗစ်တွေဆိုးနေတဲ့အချိန်ကပေါ့။
ဆေးရုံတစ်ခုကို လူနာတစ်ယောက်ကအသက်ရှူကျပ်ပြီးရောက်လာတော့ ဒီကိုဗစ်ကိုပဲအာရုံထားပြီးစစ်ကြဆေးကြတယ်။ အဖြေထွက်လာတော့ Negative ပါတဲ့။ မိသားစုတွေလည်းပျော်ရွှင်သွားကြတယ်။
အဲတော့မှ တစ်ယောက်လောက်ခဏလောက်လိုက်ခဲ့ပါဦး။ ကိုဗစ်တော့မဟုတ်ဘူး။ အဆုတ်မှာ အကျိတ်ကြီးနဲ့ ကြီးကျယ်သောရောဂါတစ်ခုဖြစ်နေတာပါ။ ကိုဗစ်ထက်ဆိုးတဲ့ရောဂါပါပဲ။ အဲတော့ ခုနပျော်နေကြတဲ့ဇနီးသားသမီးတွေဟာ မပျော်နိုင်ကြတော့ဘူး။
လောကကြီးရဲ့လှည့်စားချက်တွေပါပဲ။ ကံကြမ္မာဆိုတာ ကျွန်မတို့ကိုမျက်လှည့်ပြနေသလိုပါပဲ။ ဒါမျိုးတွေကိုကြားရတဲ့အခါ တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်နေတာပဲ။ ဘဝဟာ ဘာများအာမခံချက်ရှိသေးလို့လဲလို့ တွေးမိပါတယ်။ သံဝေဂရမိပါတယ်။
သူတို့လုပ်ချင်သလိုလုပ်နေတာတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေ ဖောက်ပြန်ချင်သလိုဖောက်ပြန်နေတာတွေကို ဘာမှမတတ်နိုင်ဘူးဆိုတာမှန်ပေမဲ့ ဒါတွေကိုစိတ်နာနေလို့မရပါဘူး။ ဒေါသထွက်နေလို့မရပါဘူး။
စိတ်နာရင်ပိုဆိုးလာတတ်ပါတယ်။ ဒေါသနဲ့တုံ့ပြန်ရင် အဲဒီဒေါသရဲ့ဆိုးကျိုးအတိုင်း သူတို့ကလည်း တန်ပြန်သက်ရောက်မှုတွေရှိလာတတ်ပါတယ်။ ရောဂါပျောက်ကင်းချင်ပါတယ်ဆိုတဲ့ လောဘဖြစ်လာရင်လည်း စိတ်မှာ ပူလောင်ရပါတယ်။
သူတို့ရဲ့သဘောသဘာဝကို နားလည်ပြီး လက်ခံပေးလိုက်မယ်ဆိုရင် သူတို့တိုက်လိုက်တိုင်း ယိမ်းယိုင်လဲမသွားတော့ပါဘူး။
ဒီနေရာမှာတော့ ဆရာတော်ဘုရားကြီးဟောကြားတဲ့ ကိုယ်ခန္ဓာနာပေမဲ့ စိတ်ကိုမနာပါစေနဲ့ဆိုတဲ့တရားကို နှလုံးသွင်းမိပါတယ်။
ကျွန်မရဲ့အသိမိတ်ဆွေလင်မယားမှာ အမျိုးသားက နှလုံးမှာပြဿနာတစ်ခုရှိပါတယ်။ အမြဲပြသစစ်ဆေးနေရာကနေ အခုနောက်ပိုင်းကျတော့ ချွတ်ယွင်းချက်ကလေးတွေလည်းစတင်ပြီးပေါ်ပေါက်လာပါတယ်။ သူက ဆေးတွေသောက်နေရပါတယ်။ ဒါပေမယ့် ပကတိအခြေအနေကိုတော့ ဘယ်တော့မှပြန်မရနိုင်တော့ပါဘူးလို့ အမျိုးသမီးက လက်ခံထားခဲ့ပါတယ်။
အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တဲ့အခြေအနေတွေကို တွေးရင်းတွေးရင်း အချိန်တိုင်းဟာ တန်ဖိုးရှိလာတာပါပဲ။
ကျွန်မလည်းသင်ယူရပါတယ်။ တစ်ခါတလေကျ ကိုယ်တိုင်မနာကျင်ရပါဘဲ ကိုယ်ချစ်တဲ့သူ နာကျင်နေရတာကို ကြည့်ပြီး ကိုယ့်စိတ်ကပါ နာကျင်နေရတာကို သတိထားမိလို့ပါပဲ။ အဲဒါ အကုသိုလ်စိတ်ဖြစ်ပါတယ်။ ဒေါသအနုစားဖြစ်ပါတယ်။
ရောဂါရှိသူဖြစ်စေ မရှိသူဖြစ်စေ ဖြစ်စရာအကြောင်းတွေရှိလာခဲ့လို့ရှိရင် သူလည်းဖြစ်သွားနိုင်သလို ကိုယ်လည်းဖြစ်သွားနိုင်တာပဲ။ ဒါဟာလည်း လောကကြီးလှည့်စားချက်တွေထဲမှာပါတာပါပဲ။
ဒီသဘောသဘာဝတွေကို လက်ခံထားလိုက်တဲ့အခါမှာ စိတ်ထဲကမနာတော့ပါဘူး။ ကျွန်မလည်းအမြဲတမ်းတွေးပါတယ်။
ကျွန်မက အသက်ငယ်ငယ်နဲ့ အဖေကွယ်လွန်သွားတာလည်းရှိခဲ့ဖူးတော့ သေခြင်းတရားဆိုတာကို လက်ပွန်းတတီးရှိခဲ့တယ်။ ယောကျာ်းရတော့လည်း သူနဲ့ပတ်သက်ပြီး ကျန်းမာရေးပြဿနာတွေ ခဏခဏဖြေရှင်းနေရတယ်။
စိုးရိမ်ပူပန်ရတာတွေများပြီး ခုကျတော့လည်း ကိုယ်တိုင်တရားတွေနာတာများလာတော့ သံဝေဂဉာဏ်စောစောပေါ်လာတာထင်ပါတယ်။
တကယ်တော့ အခုချိန်မှာ ပိုက်ဆံအတွက် သိပ်ပူရတာမျိုးမရှိဘူး။ အောင်မြင်မှုလည်း အသင့်အတင့်ရှိတယ်။ မိသားစုတွေလည်း ကျန်းမာနေတဲ့အတွက် ပျော်မယ်ဆိုရင်အတော်ပျော်စရာကောင်းတဲ့အချိန်ပဲ။
ဒါပေမဲ့ ကျွန်မက သိပ်ပြီးတော့ အောင်မြင်မှုတွေအပေါ်မှာ သာယာတာ ပျော်ရွှင်တာမျိုးမရှိတော့တာ အမှန်ပါပဲ။ ကျေနပ်ပါတယ်ဆိုတဲ့စကားဟာ ကျွန်မအတွက်အမှန်ဆုံးပဲ။ ကျေနပ်ပါတယ်ဆိုတာတစ်ခုတည်းနဲ့ ကျွန်မဘဝလုံလောက်တယ်။
အခုချိန်မှာ မိသားစုနဲ့ကိုယ့်ကိုမှီခိုနေရတဲ့ပုဂ္ဂိုလ်တွေကို ရိုးသားသန့်ရှင့်းတဲ့ငွေနဲ့ ကြည့်ရှုထောက်ပံ့ပေးနေရတယ်ဆိုတာလည်း လုပ်သင့်တဲ့အရွယ်မှာ ကျွန်မလုပ်သင့်လုပ်ထိုက်တာကို လုပ်နေရတာပဲလို့စိတ်ထဲမှာထားလိုက်တယ်။
အဲလိုထားလိုက်တော့ စိတ်သိပ်မပင်ပန်းတော့ဘူး။ လောဘမရှိတော့ဘူး။ ကျွန်မ ရသလောက်အကောင်းဆုံးတော့ လုပ်ပေးနေမှာပါပ။ စိတ်လည်းသိပ်မညစ်ဘူး။ သိပ်လည်း မပျော်ဘူး။ ကျွန်မ စိတ်တည်ငြိမ်နေတာကိုပဲ အလိုရှိတယ်။
မဖြစ်ချင်တာတွေ ဖြစ်ရကောင်းလား။ ဖြစ်ချင်တာကျ မဖြစ်ရကောင်းလားနဲ့ လောဘ၊ဒေါသ ဝင်နေရင် ဘယ်နေရာမှာမဆို စိတ်တွေ ပင်ပန်းနေရတတ်ပါတယ်။
စိတ်တွေအရမ်းမညစ်ရခင် ဒုက္ခတွေမရောက်ခင် တရားအသိဝင်သွားတာဟာ တော်သေးတယ်လို့ပြောရမှာပါပဲ။ တရားရဖို့ဆိုတာကလည်း သံဝေဂဉာဏ်ပေါ်ဖို့ အရေးကြီးသေးတာပါ။
သံဝေဂဥာဏ်ပေါ်ဖို့ ဘယ်လိုလုပ်ရမလဲ။
အာမခံချက်မရှိတဲ့ ဘဝအလှည့်အပြောင်းတွေကို နားလည်လက်ခံထားပါ။
တရားရှာ ကိုယ်မှာတွေ့တဲ့။
ကိုယ်မှာ မတွေ့ရင်တောင် ကိုယ့်ဘေးမှာရှိတဲ့ ပြနေတဲ့တရားတွေကို မြင်အောင်ကြည့်တတ်ရုံပါပဲ။
မွန်ဟော်စီ
၂၀၂၀
#မနက်စာအာဟာရ
Comments