အသက်ငယ်ငယ်ကတည်းက ကိုယ်လုံးပေါ်တဲ့အဝတ်အစားကျပ်ကျပ်ကလေးတွေဝတ်တတ်တဲ့အတွက်ကြောင့် အခုအချိန် ဒီအဝတ်တွေပြန်ကြည့်ရတာ ပိုပြီးတော့တောင်သေးနေသလိုပါပဲ။
သူငယ်ချင်းတစ်ယောက်ပြောသလိုပြောရမယ်ဆိုရင်တော့ ကိုယ်ကကြီးလာတာမဟုတ်ဘဲ အဝတ်ကကျုံ့သွားတာပါလို့ပြောရမလိုပါပဲ။ ဒီဘောင်းဘီလေးတွေ အင်္ကျီလေးတွေကို ဘယ်လိုများ ဒုက္ခခံပြီး ဝတ်ခဲ့ပါလိမ့်လို့စဉ်းစားမိပါတယ်။
တက္ကသိုလ်ကျောင်းတက်တုန်းက အလုပ်လုပ်တုန်းက အစရှိသဖြင့် ၀တ်ခဲ့တဲ့အင်္ကျီလေးတွေ ဖိနပ်ကလေးတွေဟာ အခုစဉ်းစားမိရင် ပုံပြင်တစ်ပုဒ်လိုပါပဲ။ ပုံပြင်ထဲက မင်းသမီးလေးဟာ ၂လက်မ ဒေါက်ဖိနပ်ကိုလည်း တစ်နေ့လုံးစီးထားနိုင်ပါတယ်။ ဗိုက်စီးတွေဗိုက်ချပ်တွေနဲ့ အကုန်လုံးချပ်ရပ်ကပ်နေအောင်လည်း ကြော့ကြော့မော့မော့လေးနေတတ်ခဲ့ပါတယ်။ ပွဲတွေလမ်းတွေမပြောနဲ့ သာမှန်အပြင်ထွက် စျေးသွားဝယ်တာမျိုးတောင်မှ လှလှပပပြင်ဆင်ဝတ်စားတတ်ခဲ့ပါတယ်။
ကျွန်မကလက်သည်းဆိုးတာကြိုက်တဲ့သူမို့လို့ မဟာဘွဲ့သင်တန်းတက်တဲ့နှစ်တွေမှာ လက်သည်းကိုဒီဇိုင်းဖော်ပီး တစ်ပတ်ကိုတစ်မျိုးဆိုးပါတယ်။ အင်္ကျီကိုလည်း လက်သည်းအရောင်နဲ့ တိုက်ပြီးတစ်ပတ်လုံးဝတ်တာပါ။ လက်သည်းပန်းရောင်ဆိုးထားတဲ့အပတ်ဆိုရင် ကျွန်မရဲ့အင်္ကျီအဝတ်အစားတွေက ပန်းရောင်တွေပါပဲ။ ဒီအပတ် ဘာလက်သည်းဆိုးလာမလဲဆိုပြီး ကျွန်မကိုစောင့်ကြည့်တဲ့သူငယ်ချင်းတွေတောင်ရှိပါတယ်။
အခုပြန်စဉ်းစားကြည့်တော့ ရယ်စရာပျော်စရာအမှတ်တရလေးတွေပါပဲ။ ငါတော်တော်အားနေခဲ့တာပါလားလို့ တွေးမိပြုံးမိတာအပြင် ဘာမှမရှိတော့ပါဘူး။ အရွယ်နဲ့လိုက်တဲ့စိတ်ခံစားမှုတွေနောက်ကို လိုက်ပါခွင့်ရခဲ့တာကိုပဲ ကိုယ့်ဟာကိုယ်ကျေးဇူးတင်ပါတယ်။
အခုကတော့ ဂျင်းဘောင်းဘီအရှည်တစ်ထည် အတိုတစ်ထည်နဲ့ တီရှပ်တစ်ထည်နဲ့ Walking Shoe တစ်ရံရှိရင် ဘယ်သွားသွားအဆင်ပြေပါတယ်။ စျေးဝယ်သွားသွား အိမ်လည်သွားသွား အသုဘသွားပို့ပို့ ဒီပုံစံဟာ အပေါ့ပါးဆုံးပဲ၊ အသက်သာဆုံးပဲ။ အင်္ကျီတွေဘယ်လောက်ရှိနေရှိနေ နောက်ဆုံးမှာ ရွေးဖို့ထုတ်လိုက်ပြီဆိုရင် လက်ထဲပါလာတာ ဂျင်းဘောင်းဘီနဲ့တီရှပ်အင်္ကျီပါပဲ။ ပွဲတွေလမ်းတွေသွားရင် ဝတာကိုသိပ်မပေါ်စေတဲ့ အမည်းရောင်တစ်စုံ လောက်ရှိရင်အဆင်ပြေပါတယ်။ ဘယ်သူဘာထင်ထင် ဂရုမစိုက်တတ်တော့ပါဘူး။ အဝတ်အစားဟာ ကိုယ့်ရဲ့တန်ဖိုးကို ဘယ်လိုမှမသတ်မှတ်ပါဘူး။ ကိုယ်ဟာ ကိုယ်ပါပဲ။
တစ်ချိန်တုန်းက တင်းကျပ်တဲ့ အဝတ်အစားတွေကိုဝတ်နိုင်ခဲ့ပေမယ့် အခုအချိန်မှာ လွတ်လပ်တဲ့ဝတ်စုံတွေကိုသာ ရွေးတတ်လာတယ်။ ဒီအချိန်မှာ ဖက်ရှင်ပုံစံတွေဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေမယ့် နေလို့သက်သက်သာသာရှိစေမယ့် ဝတ်စုံတွေကို ရွေးချယ်လာတတ်ကြပါတယ်။
အဝတ်အစားနဲ့ပတ်သက်ရင် ဘယ်သူကဘယ်လိုထင်မှာစိုးလို့ "အထင်ကြီးခံရဖို့" ဆိုတဲ့ ရည်ရွယ်ချက်ကို လျှော့ပြီး "ကိုယ့်ကိုယ်ကိုယ် ကျေနပ် သက်သာ ချောင်ချိအောင်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝတ်ဆင်လာတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ပြီး နေလို့ကောင်းတဲ့ပုံစံတွေကို ရွေးချယ်တတ်လာတယ်။
ဘဝကို သက်သောင့်သက်သာကျော်ဖြတ်ခြင်း
အသက် ၄၀ ကျော်လာတဲ့အချိန်ဟာ ဘဝရဲ့နောက်တစ်ဆင့်ကို စတင်လိုက်မယ့်အချိန်ပါပဲ။ ဒီအချိန်မှာ ဘဝရဲ့ နောက်ထပ်အချိုးအကွေ့တွေနဲ့ ကိုယ်ပိုင်ပုံစံ၊ သဘောထားနဲ့ အရေးပါတဲ့အရာတွေကို ပြန်လည်ရှာဖွေလာရပါတယ်။ ဒီလိုအချိန်မှာ သက်သောင့်သက်သာနဲ့ ဘဝကို ဖြတ်သန်းသွားဖို့ ကြိုးစားလာတတ်ကြပါတယ်။
သက်တောင့်သက်သာဖြစ်ဖို့ ရွေးချယ်လာတဲ့နေရာမှာ အဝတ်အစားတင်မဟုတ်ပါဘူး။ နေ့စဉ် ကိုယ်နေထိုင်တဲ့ဘဝမှာလည်း သက်သောင့်သက်သာဖြစ်တဲ့ကိုယ်ပိုင်အချိန်ဆိုတာ ကျွန်မတို့အတွက် ဒီအချိန်မှာ အင်မတန်အရေးပါလာပါတယ်။
မနက်ပိုင်းမှာ ကျွန်မတို့က မိသားစုတာဝန်တွေ လူမှုရေးကိစ္စတွေနဲ့ အလုပ်တွေရှုပ်တာ သွားရလာရ ပြောရဆိုရတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ညနေပိုင်းအချိန်၊ ညဘက်အချိန်တွေမှာ တစ်ယောက်တည်းနေချင်တဲ့ ME Time ကိုယ်ပိုင်အချိန်ဆိုတာ လိုအပ်လာပါတယ်။ ကျွန်မဆိုရင် ညနေဘက်မှာ လမ်းလျှောက်ရင်း ပုတီးစိတ်ရတာကိုသဘောကျတယ်။ ခွေးလေးတွေနဲ့ အေးအေးဆေးဆေးရုပ်ရှင်ကြည့်ချင်တယ်။ အိပ်ခါနီးမှာ စာအုပ်ဖတ်ချင်တယ်။ အဲဒီအချိန်မှာ စကားပြောရတာ၊ message တွေပြန်ရတာ၊ ဖုန်းလာရင်ကိုင်ရတာမျိုးမကြိုက်တော့ပါဘူး။ ဒါကြောင့် ညပိုင်းမှာ အဲဒီအလုပ်တွေကိုလည်း ကျွန်မမလုပ်တော့ပါဘူး။ ကိုယ့်ဘာကိုယ် ကိုယ်လုပ်ချင်တာလေးလုပ်ပြီး အေးအေးဆေးဆေးနေရတာကို သဘောကျလာပါတယ်။ ချောင်ချိသက်သာတဲ့ Personal Space တွေအများကြီးလိုအပ်လာပါတယ်။
သူငယ်ချင်းအပေါင်းသင်းကိစ္စနဲ့ပတ်သက်ရင် ဟန်ဆောင်ပြုံးရယ်ပြနေရမယ့် မလိုအပ်တဲ့ပွဲတက်မှုမျိုးတွေ မလုပ်ချင်တော့ပါဘူး။ ဘာမှဟန်ဆောင်ထားစရာမရှိတဲ့ ရင်းနှီးတဲ့မိတ်ဆွေအသိုင်းအဝိုင်း၊ ငယ်သူငယ်ချင်းတွေနဲ့ပဲ သွားချင်လာချင်ပါတော့တယ်။ အချိန်တွေကအဖိုးတန်တယ်လေ။ ကိုယ်တန်ဖိုးထားရတဲ့သူတွေ ချစ်တဲ့သူတွေအတွက်ကိုပဲ ပိုပြီးအချိန်ပေးဖြစ်ပါတယ်။ မတတ်သာလို့ ပွဲတက်ရတယ်ဆိုရင်တောင် အိမ်ကိုအမြန်ပြန်လာပြီး အိမ်နေရင်းအင်္ကျီလေးဝတ် အသက်ကိုချောင်ချောင်ချိချိရှုရတဲ့အရသာက ပိုနှစ်သက်စရာဖြစ်လာပါတယ်
မလိုအပ်တာတွေကို စွန့်ခွာတတ်လာပါတယ်။အပိုစကားတွေပြောရတာတွေ အရေးမပါတဲ့စကားတွေနားထောင်ရတာတွေ မလုပ်နိုင်တော့ပါဘူး။ စိတ်က အဲဒါမျိုးတွေကြားရတဲ့အခါ ပြောရတဲ့အခါမှာ အင်မတန် မွန်းကျပ်ပါတယ်။ Facebook ထဲမှာလူတွေနည်းလာတယ်မဟုတ်လား။ ကိုယ်နဲ့ ကီးမကိုက်ဘူးဆိုရင် သူ့ကိုလည်းတွေ့နေစရာမလိုဘူး။ ကိုယ့်အကြောင်းတွေလည်းသူမြင်နေစရာမလိုဘူး။ ဘယ်သူ့ကိုမှ ဟန်မဆောင်ဘဲ စိတ်သက်သက်သာသာဖြောင့်ဖြောင့်တန်းနဲ့ ရိုးရိုးရှင်းရှင်းပဲ နေချင်ပါတော့တယ်။ စွဲလမ်းတာတွေ တပ်မက်တာတွေ တွယ်ငြိနေတာတွေကို လွှတ်ချပြီး အေးအေးဆေးဆေးပဲ နေချင်ပါတော့တယ်။ သူများအပူကိုလည်းမယူနိုင်ဘူး။ တာဝန်တွေကိုလည်းမယူနိုင်တော့ပါဘူး။
အသက် ၄၀ ကျော်တဲ့အချိန်ဟာ မလိုအပ်တဲ့အရာတွေကို စနစ်တကျစွန့်ပစ်ဖို့အချိန်ပါပဲ။
"သူများဘယ်လိုမြင်လဲ" ဆိုတဲ့အတွေးကို လျှော့ပြီး "ကိုယ့်ဘဝကို ပျော်ရွှင်ဖို့" ဆိုတဲ့အတွေးကိုပဲ အဓိကထားပါ။
အပြင်ပန်းထက် အတွင်းခံစားချက်ကိုပဲ အဓိကထားပါ။
ကိုယ့်စိတ်ကို ပိုအေးချမ်းစေဖို့နဲ့ ဘဝနဲ့ပတ်သက်ပြီး အရေးပါတဲ့အရာတွေကို အာရုံစိုက်ပါ။
ပိုင်ဆိုင်မှုမဟုတ်ဘဲ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကိုပဲ တန်ဖိုးထားတယ်ဆိုတဲ့အမြင်နဲ့ အရှုပ်အထွေးတွေကို လျှော့ချလိုက်ပါ။
အသက် ၄၀ ကျော်ရောက်တဲ့အခါ၊ လူတစ်ဦးရဲ့ဘဝအမြင်တွေအားလုံးဟာ ပြောင်းလဲလာတတ်ပါတယ်။ ဘဝမှာ အရေးကြီးတဲ့အရာက ကိုယ်ပိုင်စိတ်အေးချမ်းသာယာမှုဖြစ်တယ်ဆိုတဲ့အမြင်နဲ့ တည်ဆောက်နေတဲ့ဘဝဟာ တကယ် သက်တောင့်သက်သာဖြစ်စေတဲ့ဘဝပါ။
မွန်ဟော်စီ
၂၀၂၄
See translation
Comments