ကျွန်မတို့အိမ်မှာ နေ့စဉ် ထမင်းဟင်းလေးတွေ ပိုနေတတ်သည်။ အရင်ကတော့ ပိုတိုင်း လွှင့်ပစ်ရသည်၊ သွန်ပစ်ရသည်။
နောက်ပိုင်းတော့ လမ်းထဲကခွေးလေး၂ကောင် အိမ်ရှေ့ရောက်ရောက်လာတတ်တာနှင့် သူတို့ကိုကျွေးတော့ အားရပါးရစားကြရှာသည်။ သူတို့ ၀မ်း၀သွားတာကိုကြည့်ကာ ကျေနပ်ပီတိဖြစ်ရတာကြောင့် ဒီခွေးလေး၂ကောင်ကို နေ့တိုင်း မနက်တစ်ကြိမ် ညတစ်ကြိမ်ကျွေးတာက ပုံမှန်ဖြစ်လာသည်။
ကျွန်မက ခွေးကလေးတွေ ကြောင်ကလေးတွေကို ကြင်နာသနားတတ်သူဖြစ်သောကြောင့် သူတို့ကိုအစာကျွေးတိုင်း အစာခွက်ကိုလည်း ရေလေးကျင်းပြီးမှကျွေးသည်။ သန့်သန့်လေးစားစေချင်လို့ပါ။ သေချာနယ်ဖတ်ပြီးကျွေးသည်။ စိတ်ထဲမှာ ဒီလိုကျွေးတိုင်း ကုသိုလ်တွေ အရမ်းရနေပါလားလို့လည်းခံစားရသည်။
အိမ်ခွေးလေးတွေကိုတော့ အရိုးလုံး၀မကျွေး။ နေ့စဉ် ကြက်ရိုးပြုတ်ရည်တိုက်တော့ သူတို့မစားသော အရိုးလေးတွေကို လမ်းခွေးလေးတွေကိုထည့်ကျွေးလိုက်သည်။
တစ်ခါတော့ လမ်းခွေးမလေးက ကျွန်မထည့်ပေးသော အရိုးကို အငမ်းမရဟတ်လိုက်ရာ ကန့်လန့်ကြီး အာခေါင်တွင်စူးပါလေတော့သည်။ အစာလည်းဆက်မစားနိုင်၊ ဒါကြီးထွက်ဖို့ သူ့မှာ လက်ကလေးနှင့် ကလန့်ထုတ်ရင်း ပြာနေတော့သည်။
ကျွန်မမှာ အိမ်ခွေးဆိုရင်တော့ ခေါင်းကိုကိုင် ပါးစပ်ဖြဲပြီး လက်နဲ့နှိုက်ထုတ်လိုက်လျှင် လွယ်သောကိစ္စမှန်းသိသော်ငြား သူ့ကိုတော့ မကိုင်ရဲ။ နောက်ဆုံးတော့ ကိုယ်ကျွေးလိုက်သော အရိုးကြောင့်တော့ သူ့အသက်ကို မသေစေလို။
သူကိုက်လည်း ခွေးရူးကာကွယ်ဆေးထိုးလိုက်ရရုံပဲ သဘောပိုက်ကာ မောင်လေးကိုသွားခေါ်ပြီး သူ့ကို အတင်းချုပ်ခိုင်း ကိုယ်ကသတ္တိရှိရှိနှင့်နှိုက်ထုတ်ရတော့မှာပဲ စဉ်းစားလိုက်ရသည်။
ညကြီးမင်းကြီး အိမ်ရှေ့အရိုးစူးကာ ပတ်ပြေးနေသောခွေးတစ်ကောင်နှင့် ကျွန်မ သူပြန်သွားမှာကိုလည်း စိုး၊ ဆုံးသွားတော့မလားလည်း ကြောက်၊ ကိုယ်ကိုယ်တိုင်လည်း နောင်တ အကြီးအကျယ်ရလျက်ရှိပြီ။
ကံကောင်းစွာပင် သူ့လက်ကလေးနှင့် ကန့်လန့်ဖြစ်နေသောအရိုးပြားပြားကြီးကို ကလန့်ထုတ်နေတာ ချပ်ကနဲထွက်ကျလာပါတော့သည်။ အောင်မလေး ကျွန်မသည် ဇောချွေးတွေပြန် မျက်ရည်တောင်လည်လာပြီးထမင်းအိုးမကာ အိမ်ထဲပြန်၀င်လာခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် နားရင်းအုပ်ချင်စိတ်ပေါ်လာသည်။ ခွေးကလေးကို နှစ်ပေါက်အောင် အစာအဟာရဒါနပြုခဲ့သည်ဆိုတာက အမှန်ပင်။ ဒါနမြောက်ခဲ့သလား စဉ်းစားဖို့လိုလာသည်။
အိမ်ခွေးကလေးတွေကျ အရိုးမကျွေး၊ ခွေးကလေးတွေအတွက် အရိုးဟာ လုံး၀မကောင်းလို့မကျွေးတာပါ။ လမ်းခွေးလေးတွေကိုကျ မကောင်းမှန်းသိလျက်နဲ့ အရိုးကို ကျွန်မကျွေးနေမိတာပါလား။
ကိုယ့်ခွေးလေးတွေကိုတော့ အရိုးကြောင့် ဥပါဒ်မဖြစ်စေချင်။ သူတို့ဖြစ်လျှင်တော့ ကိစ္စမရှိဆိုသည့် သဘောပေ့ါ။
ဒါန၊ သီလ၊ ဘာ၀နာတွင် ဒါနဆိုသည်က အနိမ့်ဆုံးအဆင့်။ လူတိုင်း စိတ်စေတနာထက်သန်လျှင်ထက်သန်သလို ပြုလုပ်နိုင်ကြသောအရာဖြစ်သည်။
ကျွန်မမှာ ဒါနကို လက်တစ်လုံးခြားပြုလုပ်ခဲ့မိပါသည်။ ကျွန်မလုပ်နေတာက အရိုးတွေ အမှိုက်ပုံးထဲပစ်ထည့်လိုက်ရမှာကို နှမျောလို့ ခွေးဗိုက်ထဲပစ်ထည့်လိုက်တာမျိုးပင်ဖြစ်သည်။ တနည်းအားဖြင့် အမှိုက်ရှင်းလိုက်တာပါပဲ။
မတော်တဆ ဒီခွေးကလေး အရိုးစူး ကွယ်လွန်
သွားလျှင် ကျွန်မတစ်သက်လုံး နောင်တရနေတော့မှာပါ။ခုတော့ အရိုးဆိုလျှင် မှတ်သွားပြီ။ ငါးကိုတောင်အရိုးထွင်ပြီးမှ သူတို့ကိုကျွေးတော့သည်။ နည်းနည်းအလုပ်ပိုပေမဲ့ ကျွန်မစိတ်မှာတော့ သန့်သွားခဲ့သည်။
ဒါတောင် နှစ်ပေါက်အောင်ကျွေးခဲ့မိသောအရိုးတွေက သူတို့ဗိုက်ထဲမှာ ကျောက်ခဲလိုပုံနေမှာပါ။ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရ၏။
တချို့လူတွေ မရှိဆင်းရဲသားကို စွန့်ကြဲကြတော့ အစုတ်ဆုံးဆိုသည့်ပိုက်ဆံကို ရွေးပေးတတ်ကြသည်။ ဒါကိုမြင်ရတိုင်း ကျွန်မမှာ စိတ်ထဲက သူတို့စေတနာကို ရှုံ့ချနေခဲ့မိသည်။
ကျွန်မအလုပ်သမားကို လုပ်ခရှင်းပေးတိုင်း ပြဲနေ စုတ်နေသော ပိုက်ဆံတွေ ဘယ်တော့မှပေးလေ့မရှိ။ တစ်ထောင်တန်အစုတ်ကလေးကို ကိုယ်ကပေးလိုက်ပြီး သူ့အိမ်အပြန်လမ်းမှာ ကလေးတွေစားဖို့ တစ်ခုခု၀ယ်လျှင် စျေးသည်က လက်မခံဆိုပါက သူ့မှာ အစားထိုးပေးစရာမရှိဘဲ ဒုက္ခရောက်မှာ စိုးလို့ဖြစ်သည်။
သူများအပြစ်ကိုကျမြင်ပြီး ကိုယ့်အပြစ်ကို ကိုယ်မမြင်တတ်ကြတာလည်း အမှန်။ စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလို ကျွန်မ အ၀တ်ဗီရိုရှင်းတော့ ကိုယ်နှင့်အဆင်မပြေတော့သော အ၀တ်တွေအများကြီးထွက်လာသည်။
အသစ်စက်စက်တွေပါသလို နည်းနည်းပါးပါး၀တ်ပြီးသားတွေ ကိုယ်အလွန်ကြိုက်သော်လည်း မတော်တော့တာတွေ အတော်နွမ်းစုတ်နေအောင်၀တ်ထားတာတွေလည်းပါသည်။
လိုသူများကို ပေးကမ်းစွန့်ကြဲဖို့ကြည့်တော့ စိတ်က ဒီလုံချည်ဆင်လေးတော့လှတယ်၊ ငါယူထားလိုက်ဦးမယ်။ အကျီကတော့ကျပ်သွားပြီ ပေးလိုက်တော့မယ်တွေးမိသလို ဒီအကျီင်္ကြယ်သီးလေးတွေက ရှားတယ်၊ ဖြုတ်ယူထားလိုက်ဦးမယ်ဆိုသည့် ဒါနကို လက်တစ်လုံးခြားလုပ်ချင်သည့် အတွေးတွေကြီးစိုးလာခဲ့ပါသည်။
ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်မိတော့ရှက်သွားသည်။ ကိုယ်မလိုချင်တာကိုမှ သူများကိုပေးသည်ဆိုတာက သူ့အတွက် တနည်းအားဖြင့် အသုံးကျနေပေသော်လည်း တကယ့်အပြည့်အ၀ဖြစ်မြောက်သွားသော ဒါနတော့ မဟုတ်တန်ရာ။
ကိုယ့်ကို ကြယ်သီးမပါတဲ့အင်္ကျီကြီးလာပေးရင် ကိုယ်ဘယ်လိုခံစားရမလဲ။ ကိုယ်ရသောအကျီ လေး လှလို့ ပျော်ရွှင်သွားခိုက် တွဲဖက်၀တ်စရာ လုံချည်က မပါလာ။ ဟယ် လုံချည်လေးပါလာရင်ကောင်းမှာပဲလို့ တွေးမိမှာပါပဲ။
ကဲ ခွေးကလေးတစ်ကောင်ကပေးသော သင်ခန်းစာ။
ကျွန်မသည် ၀မ်းဆက်တွေဆိုလည်း အစုံလိုက်အထုတ်ကလေးတွေထုတ်ပြီး သေချာလှုလိုက်သည်။ ကြယ်သီးပြုတ်၊ ဇစ်ပြုတ်တွေပြန်တပ်ပေးပြီးလှုလိုက်သည်။ ပျက်မရပြင်မရတာတွေ လွှင့်ပစ်လိုက်သည်။
ဒါနဆိုသော အနိမ့်ဆုံးအဆင့်ကိုပင် တကယ်ဒါနမြောက်အောင် ပီပီပြင်ပြင်မလုပ်နိုင်ခဲ့သော ကိုယ့်အဖြစ်ကို တွေးမိသောကြောင့် ဒီစာလေးရေးဖြစ်လိုက်ခြင်းပါ။
ကျွန်မတို့၏ ပေးကမ်းစွန့်ကြဲမှုမှန်သမျှသည် ပြီးပြည့်စုံသော သန့်စင်သော ဒါနအဖြစ် သံသရာအား ချမ်းသာပြည့်စုံစွာ အပြစ်ကင်းစွာ အထောက်အပံ့ဖြစ်နိုင်ကြပါစေသတည်း။
မွန်ဟော်စီ
၂၀၁၈
#မနက်စာအာဟာရ
Comentários