စာရေးသူက သူငယ်ငယ်က ကိုယ့်ကားကိုယ်မောင်းပြီး ကျောင်းကိုလာတဲ့ဆရာမကို ဘိုးဘွားရိပ်သာမှာချို့ချို့တဲ့တဲ့တွေ့လိုက်ရတော့ အရမ်းကိုအံ့အားသင့်သွားမိတယ်လို့ ရေးထားခဲ့တယ်။
အဲဒါကိုဖတ်ရတုန်းက ကျွန်မစိတ်ထဲ ယုံတယ်၊ မယုံဘူးဆိုတာထက် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကို စဉ်းစားမိနေခဲ့သေးတယ်။
ခုတော့ ကံကြမ္မာဆိုတာ လှည့်စားတတ်တယ်ဆိုတာကို ကျွန်မလက်ခံလိုက်မိတယ်။
တစ်ခါ ဘိုးဘွားတွေကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို အလှူသွားလုပ်တော့ အဲဒီမှာ တွေ့ခဲ့ရတဲ့
အမျိုးသမီးကြီးဟာ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်ပါတယ်။ မေးကြည့်တော့ သူ အရင်က ဆရာမတစ်ဦးပါတဲ့။
ကျွန်မလေ ဖတ်ဖူးတဲ့ စာထဲက ကားကိုကိုယ်တိုင်မောင်းပြီး ကျောင်းတက်တယ်ဆိုတဲ့ ဆရာမလေးကို မျက်စိထဲ ချက်ချင်းကိုပြေးမြင်လိုက်မိတယ်။
သူ အင်္ဂလိပ်လိုပြောနေပုံက ပြောကျင့်ရှိမှန်း၊ ပြောခဲ့ဖူးမှန်း သိသာတယ်။ သက်တောင့်သက်သာနဲ့ ပြောနိုင်ပါတယ်။ သူပြောပုံဆိုပုံ၊ သုံးနှုန်းတဲ့စကားကိုကြည့်ပြီး သူဟာ အထက်လွှာအသိုင်းအဝိုင်းတစ်ခုမှာ ဝင်ဆံ့ခဲ့တဲ့ ပညာတတ်တစ်ဦးမှန်းသိနိုင်ပါတယ်။
စာထဲမှာဖတ်ခဲ့ရတဲ့ ဆရာမလေးလို သူဟာ တစ်ချိန်က သူ့ကားသူမောင်းပြီး ကျောင်းသွားခဲ့ဖူးတဲ့ ဆရာမလေးလည်း ဖြစ်ချင်ဖြစ်ခဲ့မှာပေါ့။ စာသင်ခန်းရှေ့မှာ ကလေးတွေကို အင်္ဂလိပ်စာတွေ ကျော့ကျော့မော့မော့လေး သင်ပေးခဲ့သူ ဖြစ်ခဲ့မှာပေါ့။
ခုတော့လည်း သူ့ဘဝက ဘိုးဘွားရိပ်သာက အဖွားဆောင်မှာ သူပိုင်သမျှခွက်ကလေးတွေ၊ ပလုံးလေးတွေ၊ ဝိုင်းနေတဲ့ သံကုတင်တစ်လုံးပေါ်မှာ လာသမျှ အလှူရှင်တွေကိုနှုတ်ဆက်၊ နိုင်ငံခြားသားတွေပါလာရင် အင်္ဂလိပ်လိုလေးတွေပြော၊ “ဟယ် အင်္ဂလိပ်လို ပြောတတ်လိုက်တာ အဖွားရယ်” ချီးကျူးသံတွေကြားရရင် ဝမ်းသာပျော်ရွှင်လို့ အတိတ်က ရွှေရောင်လွှမ်းခဲ့တဲ့ ဘဝလေးကို တမ်းတလို့ပေါ့။
တကယ်တော့ ဘဝရဲ့အလှည့်အပြောင်းတွေဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ကိုယ်မထင်မှတ်ထားတဲ့ အဆုံးသတ်အခြေအနေတွေကို ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်ရတာတွေရှိတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့သမျှ လက်သင့်ခံလိုက်ရတာတွေရှိတယ်။
ဒါပေမဲ့ ကျွန်မတို့တွေဟာ မာနတွေနဲ့ ထောင်မတ်နေကြတုန်းပဲ။
ကျွန်မဟာ သိပ်လှပါတယ်။ ကျွန်မကို သိပ်ချောတယ်လို့ပြောကြတယ်။ ကျွန်မ ဒါကို ပထမဆုံးလုပ်ခဲ့တာ။ ဒါက ကျွန်မကစခဲ့တာ။ သူများတွေက မသိဘူး၊ မလုပ်တတ်ဘူး။ ကျွန်မကမှ တကယ်တတ်တာ အစရှိသဖြင့် အတည်ပေါက်ကြီးနဲ့ တကယ်ကို မော်ကြွားနေကြတဲ့သူတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ခဏခဏတွေ တွေ့လာရတော့ အံသြမိတယ်။
အခုကြည့်လိုက်ရင် ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ်
ဘာမှမဟုတ်တဲ့ ရေအိုင်ကလေးတွေထဲမှာ အချင်းချင်း ပြိုင်ဆိုင်ကူးခတ်နေကြတုန်းပဲ။ ပင်လယ်ကြီးထဲကရေတွေကိုလည်း ကိုယ်တစ်ယောက်တည်း အငမ်းမရ သောက်ဖို့ ကြိုးစားနေကြတုန်းပဲ။
နောက်အနှစ်နှစ်ဆယ်မှာ ဘာဖြစ်နေမယ်မှန်း မသိနိုင်တဲ့ ဘဝတွေ၊ သေနေပြီလား၊ ရှင်နေတုန်းပဲလားတောင် မသေချာတဲ့ ဘဝတွေအတွက် အချင်းချင်း ပုတ်ခတ်ကြ၊ နှိမ်ချကြနဲ့ နေရာလေးတစ်နေရာရဖို့အရေး အလုအယက် ကြိုးစားနေကြရတာ၊ ကိုယ့်ကိုယ်ကိုယ် ပွဲထုတ်နေရတာ မောနေရောပဲ။
လောကကြီးက အတုအယောင်ဟန်ဆောင်မှုတွေ၊ ပကာသနတွေ အရမ်းများလာတာ စိတ်ကုန်စရာပဲ။
ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ၊ တစ်နေ့ အိုခြင်းဆိုတဲ့ညအဆုံးသတ်ကိုရောက်မယ်။
ရာထူးကြီးဖြစ်စေ၊.မျက်နှာမွဲဖြစ်စေ၊ တစ်နေ့ နာခြင်းဆိုတဲ့ အဆုံးသတ်ကိုရောက်မယ်။
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ တစ်နေ့ သေခြင်းဆိုတဲ့ အဆုံးသတ်ကိုရောက်မယ်။
အသက်ရှင်စဉ်မှာ ကံကြမ္မာရဲ့ လှည့်ဖျားမှုဆိုတာ
ရိုလာကိုစတာစီးသလို တက်လိုက်ကျလိုက်ဖြစ်လာနိုင်တာပဲ။
အိမ်အကြီးကြီးနဲ့နေချင်နေရလိမ့်မယ်။ ဒီည အိမ်မီးလောင်သွားရင် မနက်ဖြန် ဘုန်းကြီးကျောင်းမှာ သွားကပ်နေရလိမ့်မယ်။ လက်ထဲမှာ ပိုက်ဆံ သိန်း၅၀၀ လောက် ရှိချင်ရှိလိမ့်မယ်။ အခု အကြီးအကျယ် ရောဂါတစ်ခုခုထဖြစ်ကြည့် ရှိသမျှ တက်တက်ပြောင်သွားမယ်။
အဲဒါ လောကဓံပဲ။ လောကဓံကို မတုန်လှုပ်တာ မင်္ဂလာပဲ။ ဘာကိုမှ သိပ်မစွဲလမ်းတာ ကောင်းတယ်။
ဘဝကို မျဉ်းဖြောင့်တစ်ခုလို တသမတ်ထဲတွေးထားရင် ကျွန်မတို့မှားမှာပဲ။
ဘယ်သူမှ အမြဲပျော်မနေဘူး၊ ငိုရမဲ့ အချိန်တွေအတွက်ပြင်ဆင်ထား။ ဘယ်သူမှ အမြဲထိပ်ကိုရောက်မနေနိုင်ဘူး၊ အောက်ကိုပြန်ဆင်းရမဲ့အချိန်တွေအတွက် ပြင်ဆင်ထား။ ဘယ်သူမှ အမြဲအဆင်ပြေမနေဘူး၊
ဒုက္ခရောက်မဲ့ အချိန်တွေအတွက် ပြင်ဆင်ထား။
ပြင်ဆင်မှုမရှိရင် ဖြစ်လာတဲ့အခါ ပိုပြီး အထိနာတတ်ပါတယ်။
ဘဝမှာ စိတ်ညစ်စရာဆိုတာ ပျော်စရာထက်ပိုများတတ်ပါတယ်။ ကျွန်မတို့ဟာ ပျော်ရတာ၊ ကောင်းတာလေးတွေမှာပဲ ယစ်မူးပျော်ရွှင်နေတတ်ကြပြီး လူ့ဘဝရဲ့ဝမ်းနည်းစရာတွေ၊ စွန့်လွှတ်ခွဲခွာခြင်းတွေ၊ ဆုံးရှူံးနာကျင်ရခြင်းတွေ၊ ဒုက္ခတွေကိုတော့ မသိသလိုလိုနဲ့ မေ့ထားတတ်ကြတယ်။
ကိုယ့်မျက်စိရှေ့မှာ သူတစ်ပါးတစ်ယောက်ရဲ့ မျက်လှည့်ပြလိုက်သလို ဖြစ်သွားတဲ့ ကံကြမ္မာတွေကို မြင်နေလျက်သားနဲ့တောင် ဒါမျိုးက သူမို့လို့ဖြစ်တာပါ၊ ငါ့မှာတော့ မဖြစ်နိုင်ပါဘူးလို့ တွေးနေတတ်ကြတုန်းပဲ။
ဘဝမှာ တကယ်အရေးကြီးနေတာ ဘာလဲ။
မွန်ဟော်စီ
၂၀၁၉ ဇူလိုင်
#မနက်စာအာဟာရ
Comments