top of page
Search

ဘောလိဝုဒ်လို့ ပြောလိုက်ပြီဆိုရင် မင်းသား ရှရွတ်ခန်းကို လှမ်းမြင်မိကြတဲ့သူတွေချည်းပါပဲ...





ဘောလိဝုဒ်တစ်ခုတည်းတင် မကပါဘူး။ သူရိုက်ခဲ့တဲ့ကားတွေဟာ ကမ္ဘာအနှံ့အပြားမှာ ကျော်ကြားခဲ့တာတွေများကြီးပါပဲ။


ယခုအချိန်မှာ ဘောလိဝုဒ်ရဲ့ သြဇာအကြီးဆုံးရုပ်ရှင်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ကမ္ဘာပေါ် က သန်းနဲ့ချီနေတဲ့ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရတယ်။


ကိုယ့်ရဲ့အသည်းစွဲမင်းသားမို့လို့ သူ့အကြောင်းလေးတွေ လိုက်ဖတ်မိပါတယ်။


သူငယ်ငယ်တုန်းက အားကစားသမားတစ်ယောက် သိပ်ဖြစ်ချင်တယ်။ သူက ဟောကီရိုက်တယ်။ Cricket ကစားတယ်။ သူက နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား တစ်ယောက်ဖြစ်ချင်တယ်။ အားကစားမှာ ထူးလည်းထူးချွန်တယ်။


အဲလိုအားကစားတွေလုပ်နေရင်း ကျောမှာ ဒဏ်ရာရတယ်။ အဲဒီဒဏ်ရာပျောက်အောင် ကုဖို့အတွက်က မိသားစုမှာ လုံလောက်တဲ့ငွေကြေးအတိုင်းအတာပမာဏမရှိခဲ့ဘူး။


အဲဒါနဲ့သူက အားကစားသမားတစ်ယောက်ဖြစ်ဖို့ စိတ်လျှော့ပြီး ပြဇာတ်ထဲကိုရောက်လာတာ။ တစ်ကယ်လို့ အဲဒီတုန်းက ကျောကဒဏ်ရာကိုသာ ပျောက်အောင်ကုနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့ချစ်တဲ့ ရုပ်ရှင်မင်သားရှရွတ်ခန်းဆိုတာ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။

မဟာဘွဲ့သင်တန်းတက်နေရင်းနဲ့ သရုပ်ဆောင်ဖြစ်ချင်လွန်းလို့ ရုပ်ရှင်ရုံမှာ အပေါက်စောင့်ဝင်လုပ်တယ်။ ပိုက်ဆံကလည်းမရှိဘူး။ အဆောင်ငှားနေဖို့တောင်ပိုက်ဆံမရှိဘူး။


ရုပ်ရှင်ရုံမှာလုပ်ရတော့ တစ်နေ့ကိုရုပ်ရှင်ကားတွေ လေးငါးကားတော့ ကြည့်နေရတယ်။ သူ အများကြီးလေ့လာလို့ရတယ်။ သူ့အတွက် ရုပ်ရှင်ရုံဟာ အိမ်လိုဖြစ်နေခဲ့တယ်။


အထူးပွဲတွေကျလို့ရှိရင် နာမည်ကြီးသရုပ်ဆောင်တွေ ဒါရိုက်တာတွေကို တွေ့ဆုံခွင့်ရတယ်။


နာမည်ကြီး ဒါရိုက်တာကြီးတစ်ယောက်နဲ့တွေ့ပြီး သူက သရုပ်ဆောင်စဖြစ်လာတာပဲ။


ကျွန်မတို့တွေဟာ တစ်ခါတလေကျတော့ ကိုယ်လုပ်နေရတဲ့အလုပ်တစ်ခုအ​ပါ်မှာ စိတ်ပျက်နေတတ်ကြတယ်။


အားကစားသမားဖြစ်ချင်တဲ့သူဟာ မတော်တဆ ထိခိုက်ဒဏ်ရာရမှုတစ်ခုကြောင့် အားကစားသမားဆက်လုပ်လို့မရတော့တဲ့အခါ သူ့ရဲ့ရည်မှန်းချက် ပြိုကွဲသွားခဲ့ရတယ်ဆိုပေမယ့် တကယ်တော့ ပိုကောင်းဖို့အတွက်ဖြစ်လာတာမျိုးလည်းရှိတယ်။

လုပ်နေရတဲ့အလုပ်တစ်ခုပေါ်မှာ စိတ်ပျက်နေမိပြီဆိုပေမယ့် တစ်ချိန်မှာ ကောင်းတဲ့အကြောင်းတစ်ခု ဖြစ်လာဖို့ရှိနေတဲ့အတွက် လုပ်နေရတာမျိုးလည်းဖြစ်နိုင်တာပဲ။


( ကောင်းဘက်ကတွေးကြည့်မယ်ဆိုရင်ပေါ့လေ )


ကံတရားဟာ အလှည့်အပြောင်းကလေးတွေနဲ့ ကိုယ့်ဆီကို ဦးတည်ပြီးလာတတ်​ကြပါတယ်။ ဒါပေမဲ့ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကိုတော့ ကျွန်မတို့ မမှန်းဆနိုင်ကြပါဘူး။


ကျွန်မဖတ်ခဲ့ဖူးတဲ့စာလေးတစ်ပုဒ်မှာ အမျိုးသမီးတစ်ယောက်က ဆံပင်ညှပ်တဲ့အလုပ်ကိုလုပ်တယ်။ ဒီဆံပင်ဆိုင်မှာလုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ။ ဒါဟာ သူကျွမ်းကျင်တဲ့အလုပ်၊ သူချစ်တဲ့အလုပ်။


ဒါပေမဲ့ ကြာလာတဲ့အခါကျတော့ ဒီအလုပ်ကိုလုပ်နေခဲ့ပေမယ့် သူ့ကိုယ်သူ သံသယတွေဝင်လာခဲ့တယ်။ ဆက်မလုပ်ချင်တော့ဘူး။


အဲဒီအချိန်မှာ သူ့ဆိုင်ကို သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ရောက်လာခဲ့ကြတယ်။ အမျိုးသမီးက သတိမေ့ရောဂါဖြစ်နေတယ်။

ဒီအမျိုးသမီးကြီးကို သူဟာ အလာပသလာပစကားလေးတွေပြောရင်း ဆံပင်ညှပ်ပေးခဲ့တယ်။ ဒီလိုပဲ ဒီမောင်နှံအကြောင်း သူမေ့မေ့ပျောက်ပျောက်​ဖြစ်နေခဲ့ပေမဲ့ တစ်နေ့ကျတော့ အမျိုးသားကြီးဆီက Card ကလေးတစ်ခု မမျော်လင့်ဘဲ သူရလာခဲ့တယ်။


အဲဒီမှာရေးထားတာက သတိမေ့ရောဂါရှိတဲ့အမျိုးသမီးဟာ မနှစ်က ခရစ်စမတ်မတိုင်ခင်ကတည်းက သေဆုံးသွားခဲ့ပါပြီတဲ့။


မင်းဆီမှာ ဆံပင်လာညှပ်ခဲ့တာဟာ သူအတွက်နောက်ဆုံးပါပဲ။ ဒီဆံပင်လေးကို သူက သိပ်သဘောကျပြီး နေ့တိုင်းမှန်ကိုကြည့်တယ်။ ပြီးရင် သူပြုံးနေပါတယ်တဲ့။


သူ့ရဲ့ပြုံးပျော်မှုဟာ ကျွန်တော့်အတွက် အင်မတန်အဖိုးတန်တဲ့ ရတနာတစ်ခုပဲဖြစ်ပါတယ်။ အများသူငါအတွက် ဒီကိစ္စဟာ ဘာမှမဟုတ်ပေမဲ့ မင်းညှပ်ပေးလိုက်တဲ့ဆံပင်ပုံကလေးဟာ သူလိုဝေဒနာရှင် တစ်ယောက်ကို စိတ်ပျော်ရွှင်စေခဲ့တယ်ဆိုတဲ့အကြောင်း လှမ်းပြောချင်လို့ပါတဲ့။


ဒီစာလေးကိုဖတ်ပြီး သူဟာ စိတ်ထဲမှာအင်မတန် ထိရှသွားရတယ်။ သူလုပ်နေတဲ့အလုပ်ပေါ်မှာ ရှိနေတဲ့သံသယ ပျောက်ကွယ်သွားခဲ့ပါတယ်။ သူအလုပ်ရဲ့တန်ဖိုးကို သူကိုယ်တိုင် သိမြင်လာတယ်။


ကျွန်မအကြောင်းလေးနည်းနည်းပြောပြဦးမယ်။ ကျွန်မ ဆရာမတစ်ယောက် ဘယ်လိုများဖြစ်လာသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် အံ့ဩမိတယ်။


ဖြစ်ချင်လွန်းလို့မဟုတ်ဘဲ ကျွန်မဆရာမဖြစ်လာတာပဲ။ စစချင်းမှာ Early Childhood လို့ခေါ်တဲ့ အငယ်တန်းလေးတွေမှာ လက်ထောက်ဆရာမအနေနဲ့ စလုပ်ခဲ့ရတယ်။

ကျွန်မဘာတွေလုပ်ရတယ် ထင်သလဲ။ ကလေးတွေနဲ့ပတ်သက်လို့ အောက်ခြေသိမ်းကိစ္စတွေ အကုန်လုံးကိုလုပ်ခဲ့ဖူးတယ်။


အဲဒီက​​နေ တစ်ဆင့်တစ်ဆင့်တက်လာတာပဲ။ အချိန်ပြည့် ကျောင်းအလုပ်ကို ဆယ်နှစ်လုပ်ခဲ့တယ်။ နောက်ကျတော့ ဒီအလုပ်ကို သိပ်မလုပ်ချင်တော့ဘူး။ ဘာလို့များလုပ်နေမိတာပါလဲလို့ တွေးမိတာလည်းရှိတယ်။ ကျွန်မ Motivation တွေကျလာတယ်။


ကလေးတွေအများကြီးကို ဗဟုသုတတွေကိုမျှဝေနိုင်ခဲ့တာကို မေ့နေခဲ့တယ်။


စာရေးသူတစ်ယောက်ဖြစ်လာတော့ #မင်္ဂလာပါဆရာမ #စာသင်ခန်းထဲကအတွေးစများဆိုတဲ့ စာအုပ်တစ်အုပ်ထွက်ခဲ့တယ်။ ဒီစာအုပ်ဟာ အတော်​အောင်မြင်ခဲ့တဲ့စာအုပ်​ဖြစ်ပါတယ်။


စာဖတ်ပရိသတ်အတွက် အတွေးအမြင် ဗဟုသုတတွေအများကြီးပေးနိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်အဖြစ် ကျွန်မတကယ်ကို အားရကျေနပ်မိတဲ့စာအုပ်တစ်အုပ်ပါပဲ။


ဆရာမသာဖြစ်မလာခဲ့ဘူးဆိုရင် ဒီလိုစာအုပ်မျိုး ရေးနိုင်ခဲ့မှာမဟုတ်ဘူးလို့ အခုတော့ပြန်တွေးမိတယ်။


ကိုယ်လုပ်နေတဲ့အလုပ်တွေကို ဘယ်တော့မှအထင်မသေးပါနဲ့။ အလုပ်တိုင်းမှာတန်ဖိုးရှိပါတယ်။ ပိုက်ဆံနဲ့တိုင်းတာလို့ရတဲ့တန်ဖိုးတွေရှိသလို အတွေ့အကြုံတွေ၊ ဂုဏ်သိက္ခာတွေနဲ့ တိုင်းတာလို့ရတဲ့ တန်ဖိုးတွေလည်း ရှိကြတာချည်းပါပဲ။


အလုပ်တစ်ခုမှာ ကိုယ်က မကြိုက်​ဘူး။ ငြီးငွေ့နေပြီ။ အပြောင်းအလဲလိုနေပြီဆိုတာမျိုးက ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကိုယ့်အလုပ်ကိုအကျိုးမရှိဘူးလို့ မထင်ပါနဲ့။


ကိုယ်လုပ်နေတာနဲ့ ဆက်စပ်ပတ်သတ်ပြီး ကောင်းတာတစ်ခုကို အမြဲတမ်းရှာဖွေတွေးကြည့်ပါ။


ကျောင်းဆရာတစ်ယောက်ဆိုရင် ကိုယ့်ကြောင့် ကလေးတွေအများကြီး စာတွေတတ်သွားကြတယ်။ ဆရာဝန်တစ်ယောက်ဆိုရင်လည်း ကိုယ့်ကြောင့် လူတွေ ရောဂါဝေဒနာတွေပျောက်ကင်းသက်သွားကြတယ်။


Taxi ကားမောင်းသူတစ်ယောက်၊ ဗေဒင်ဆရာတစ်ယောက်၊ အားကစားနည်းပြတစ်ယောက်၊ ဆံပင်ညှပ်သူတစ်ယောက်၊ အိမ်အလုပ် ကူလုပ်ပေးသူတစ်ယောက် စသည်ဖြင့် အလုပ်တိုင်းဟာ မတူညီတဲ့ တန်ဖိုးတွေ ရှိနေကြတာချည်းပါပဲ။


ကျွန်မတို့လုပ်နေတဲ့အလုပ်တိုင်းဟာ အနည်းဆုံး တစ်ဦးတစ်ယောက်ကိုတော့ ကောင်းကျိုးဖြစ်ထွန်းစေတာ ပျော်ရွှင်စေတာ အမှန်ပါပဲ။


Sometimes you just need to hear how much you mean to someone.


ဖြစ်ချင်တာတွေမဖြစ်ရလို့ဆိုပြီး စိတ်မပျက်ပါနဲ့။ တစ်ခါတလေကျတော့ မဖြစ်လိုက်ရတာတွေက ပိုကောင်းဖို့အတွက် ဖြစ်နေတတ်ကြပါသေးတယ်။


အဓိကက ကိုယ့်အလုပ်အပေါ် တန်ဖိုးထားဂုဏ်ယူတတ်ဖို့နဲ့ ကိုယ်လုပ်နေသမျှအကောင်းဆုံး ဖြစ်နေဖို့ပါပဲ။


မွန်ဟော်စီ

၂၀၂၀ ဇူလိုင်


122 views0 comments

Comments


bottom of page