top of page
Search

မောင်နှမတွ စကားမပြောကြဘူး..အမေနဲ့ မခေါ်ဘူးဆိုတာ မျိုးလေးတွေပေါ့

တစ်ခါတစ်လေ ကျွန်မဆီရေးကြတဲ့စာလေးတွေမှာ..အိမ်နဲ့အဆင်မပြေဘူးဆိုတာမျိုးလေးတွေ ပါတတ်ကြတယ်..

..


ကျွန်မတို့ မိသားစုကတော့ လူဦးရေနည်းတယ် ဒါပေမဲ့ မိသားစုက နည်းပေလို့ပဲ ရန်တွေတော့ ဖြစ်ကြပါသတော်


ကျွန်မအမေဆို သူ့သားအခန်းတံခါးကို သွားသွားခေါက်တယ် ဟိုက Lock လုပ်ထားတယ်ဆို သူစိတ်ကောက်ပြီ


တစ်ခါတစ်လေလည်း မလာနဲ့ဦးတို့..ဖွင့်လို့မရသေးဘူးတို့..အထဲကပြန်အော်တတ်တယ်

အဲဒီအခါကျရင် သူ့သားကိုတော့ သူဘာမှမပြောဘူး ကျွန်မကို Message ပို့ပြီး ပြောပြီ..


အမလေး..သူ့အခန်းတံခါးသွားခေါက်တာ ဖွင့်မပေးဘူး မလာနဲ့ဦးလို့အော်တယ်..

နောက်ဘယ်တော့မှ မသွားတော့ဘူး ဆိုတာမျိုး..


နှုတ်တစ်ရာစာတစ်လုံးလေ..ကျွန်မက အဲဒီစာကို Screen Shot ရိုက်မယ် ပြီးတော့ မောင်လေးကိုပို့မယ်

အဲဒီအခါ အကောင်ကလည်း အမေ..သားမှားပါပြီ ခွင့်လွှတ်ပါနော်..ဆိုပြီး..မျက်နှာငယ်လေးနဲ့ မအေကိုချော့မယ်..ဒါမျိုးတွေပေါ့..


တကယ်တမ်းကျတော့ ကျွန်မကလည်း စကလင်တွေလျှော့ရိုက်ပြီး မောင်ဖြစ်သူကို မပို့ပါဘူး..

ပါးစပ်ကတော့..ဟဲ့..နင့်အမေနင့်..စိတ်ကောက်နေတယ်ဟဲ့..


သူကလည်း ..အင်း..သူမကောက်တာ..ဘယ်တုန်းကရှိခဲ့ဖူးလို့လဲ..ဆိုပြီး..ဝုန်းဝုန်းနဲ့ထွက်သွား..


အဲ..သူချော့တဲ့ပုံက အနားက ဖြတ်သွားရင်း.. အမေ..သွားပြီ..တာ့တာ..လပ်ဖ်ယူ..ဆိုရင်တော့...

ဘာမှပြန်မပြောဘဲ ကောက်ချိတ်စူပုတ်နေတာ..ကျွန်မ အမေပေါ့..ငါ..သူ့ကို စကားမပြောဘူး နှစ်ရက်ရှိပြီတို့..ဘာတို့..လုပ်တတ်သေးတာ..


ကျွန်မက အမေကိုပြောရတယ်..အမေရယ်..အမေ..သားမှားပါတယ်..သားမိုက်ကို ခွင့်လွှတ်ပါမေမေ..

ပြောရအောင် မြန်မာပေါကားမှ မဟုတ်တာ..သူအခန်းထဲသူဘာလုပ်နေလဲမှမသိတာ..

အမေ မကျေနပ်ရင် သူ့ကို..ထမင်းဘူးလုပ်မပေးနဲ့..နင့်ဟာနင်..ရှာစားလို့ ပြောလိုက်...ဆိုတော့လည်း..

မဟုတ်ဘူး..မျက်နှာသုန်မှုန်ပြီး..သူ့သားထမင်းဘူး..ကြော်လှော်ချက်ပြုတ်နေသေးတာ..


မချစ်ဘဲလည်း နေနိုင်ကြတာမဟုတ်ဘူး..ကြည့်လို့လည်း တစ်စက်မှကိုမရကြဘူး..


ညဘက်ဆို ကျွန်မ အိပ်ချိန်မှ မောင်လေးကပြန်လာတယ် ရောက်ပြီလား ရောက်ပြီဆိုတာနဲ့ပဲ ပြီးသွားကြပါတယ်


မိုးလင်းရင် ကျွန်မ ဘုရားရှိခိုးတဲ့အချိန် သူအနားကဖြတ်သွားတယ် သူ့နောက်ကျောကိုပဲ ကျွန်မတွေ့လိုက်တာများတယ်..ထမင်းစားပွဲမှာတွေ့တဲ့အခါ အလွန်ဆုံး ၁၀မိနစ်ပဲ..


၅မိနစ်လောက်က အကောင်းပြောနေတာမဟုတ်ဘူး သူ့ကကိုယ့်ကို ဆူနေတဲ့အခါလည်းရှိတယ်

ကိုယ်က မကျေနပ်လို့ပြန်ပြောနေတာလည်း ရှိတယ်


ဟင်..ဒါလေးတောင် မလုပ်တတ်ဘူးလား..ဒီလောက်တောင်ညံ့ရလားဟင်


ဟဲ့..သင်မှမပေးတာ..ဘယ်လိုတတ်မှာလဲ..သေချာလာပြ..ပြီးရင် ဘာဆက်လုပ်ရမှာလဲ..


အင်း..နှိပ်လေ..အဲ့မှာ..အဲဒါကိုနှိပ်..စာမတတ်သလိုပဲ..မသိဘူး..သွားတော့မယ်..


ဒါမျိုးတွေပေါ့ အိတ်ဆွဲပြီး..ဘုတ်..ဘုတ်ဆို..ထွက်သွားပြီ


ညကျ နောက်ကျနေလို့ လာနေပြီလားမေးရင် ဘာလို့လဲ..လို့ပြန်မေးသေးတာ..


စဉ်းစားမိတော့..သြော် တစ်နေ့တစ်နေ့ သူနဲ့တွေ့ရတဲ့အချိန်ဟာ..မိနစ်၃၀လောက်တောင်မရှိပါလားလို့ ကျွန်မတွေးမိတယ်..ဒီအတွေးဟာ.ကျွန်မကို shock ရသွားစေပါတယ်..


ငယ်ငယ်တုန်းက သူအိမ်မှာပဲနေတတ်သေးတဲ့အချိန်မှာ..ကျွန်မအတော်လမ်းများနေခဲ့တယ်..

ခုတော့ အဲဒီအချိန်တွေကိုပဲ နှမျောမိလာပါတယ်


ခုလို နောင်တရမိမယ်ဆိုတာသိခဲ့ရင် အဲဒီအချိန်တုန်းက သူနဲ့ပိုအချိန်ပေးခဲ့မိမှာပဲ..အတူတူကစားမယ်

စာအုပ်ဖတ်မယ်..သူမေးတာလေးတွေဖြေပေးမယ်..


သူမျောက်လောင်းထတဲ့အချိန်မှာ ကျွန်မက ရည်းစားထားနေပြီလေ..သူက ကျွန်မထက်

၁၀နှစ်လောက်ငယ်တာ..သူက..ဂေါ်ဇီလာနဲ့ ကင်းကောင် ကိုက်ရင် ဘယ်သူနိုင်မှာလဲ..မမကြီး..

ဆိုတဲ့အချိန်မှာ..ကျွန်မက..ရည်းစားစာရေးလို့ကောင်းနေပြီ


ဟာ..သွားစမ်းပါကွာ..ဘာတွေမေးနေမှန်းလည်း မသိဘူး..လို့ပြောလိုက်ရင်....ကန်ငန်း ကန်ငန်း..

ဂေါ်ဇီလာပေါက်စလေးလိုအော်ပြီး သူပြေးထွက်သွားပြီ..သူ့ဂေါ်ဇီလာက ကန်ငန်းလို့ အော်တာတဲ့..

အိမ်မှာ ကန်ငန်း ကန်ငန်းဆိုတဲ့ ရူးကြောင်ကြောင် အသံလေးတွေ ဆူညံခဲ့တဲ့အချိန်ပေါ့..


ခုတော့ ဒီချစ်စရာကောင်းတဲ့အချိန်လေးတွေဟာ..ပြန်မရတော့ဘူးလေ..ပြန်လိုချင်လို့မရတော့ဘူး..


ရှေ့ဆက်ပြီး ပိုဝေးကွာသွားကြဦးမှာပါ


တကယ်တော့ မိသားစုဆိုတာလည်း မတူတဲ့ လူတွေ အတူ စုပေါင်းနေထိုင်ကြရတဲ့ လူ့အဖွဲ့အစည်း အသေးစားလေးတွေပါ


အကုန်လုံး တည့်ပြီး အဆင်ပြေနေကြတယ်ဆိုတာ မရှိပါဘူး..တစ်ယောက်နဲ့တစ်ယောက် နည်းနည်းတော့ ကြည့်ကျက်နေတော့မှလေ..


အခုတော့ ကျွန်မ ဘယ်သူ့ကိုမဆို သိပ်မပြောမိအောင်နေလိုက်တယ်..ကျွန်မအသံဟာ သူတို့ကို ကလိကလိဖြစ်စေတယ်တဲ့..မကြိုက်ဘူးဆိုတော့လည်း အသံကိုပါလျှော့လိုက်ရတာပေါ့..

အရင်ကတော့ demand များတယ်လေ..တောင်းဆိုတာတွေအရမ်းများတယ်..


ခုတော့ မောင်လေးအိမ်မှာရှိနေတယ်ဆိုရင်ကို ကျေနပ်နေလိုက်ပြီ..အောက်ကို ဆင်းလာပြီး ငါ့ကိုလာမတွေ့ဘူးတို့..အပြင်သွားတာ..နှုတ်ဆက်မသွားဘူး..တို့ စိတ်လုပ်မနေတော့ဘူး..


သူအိမ်မှာရှိနေသေးတယ် တစ်ချိန် အဝေးကြီးတွေ ထွက်သွားကြဦးမှာ..ကိုယ်လည်းသွားမှာ..

သူလည်းသွားမှာ..အတူရှိနေတဲ့ အချိန်တွေကို တန်ဖိုး ထားပြီးနေလိုက်ပါတယ်..


အချိန်တွေကုန်တာ သိပ်မြန်ပါတယ်..ခုတော့..မောင်လေးကလည်း.. ကန်ငန်းဂေါ်ဇီလာအကြောင်း ကျွန်မကို ဘာမှလာမမေးတော့ဘူးလေ..လူတွေမှာက နေ့မြင်ညပျောက်ဆိုတာတွေ အရမ်းများပါတယ်..

ကြောက်စရာကောင်းလောက်အောင် များပါတယ်


ဒါ့ကြောင့်..မိသားစုထဲမှာ..ဘယ်သူနဲ့ဖြစ်ဖြစ် ကတောက်ကဆဖြစ်မိရင် အရင်ဆုံး ပြန်ခေါ်တဲ့သူ ပြန်ချော့တဲ့ သူဟာ ကျွန်မပါပဲ..


တစ်နေ့ကို တစ်နာရီတောင် မတွေ့ကြတဲ့ တစ်အိမ်တည်းနေကြသူတွေအချင်းချင်း..မခေါ်နိုင်မပြောနိုင်

ဖြစ်နေကြတယ်ဆိုတာမျိုးဟာ ဘာအဓိပ္ပါယ်မှ မရှိပါဘူးလေ


သားသမီးပေါက်စတွေ ရင်ခွင်ထဲမှာ ထွေးဖက်ထားလို့ရတာဟာလည်း ၁၅နှစ်လောက်ပါပဲ..


မိဘဆိုတာလည်း နောင်အနှစ်နှစ်ဆယ်အတွင်း ကျွန်မတို့အိမ်ထဲက ပျောက်ကွယ်သွားမဲ့လူတွေပါ..

ဒါတောင်မှ ကျန်းမာရေးတွေ သိပ်ကောင်းနေပါမှ..


မွန်ဟော်စီ

၂၀၂၀ ဖေဖေါ်ဝါရီ



116 views0 comments

Comments


bottom of page