top of page
Search

မကြာသေးခင်ကElvis Presley အကြောင်းစာအုပ်တစ်အုပ်ကိုဖတ်ရတယ်။




မကြာသေးခင်ကElvis Presley အကြောင်းစာအုပ်တစ်အုပ်ကိုဖတ်ရတယ်။ ဒီစာအုပ်ကလေး ဖတ်ရင်းသူ့အကြောင်းကိုစဉ်းစားမိတာလေးပါ။ မရှိတော့တဲ့ သူတစ်ယောက်အကြောင်းရေးထားတဲ့ စာအုပ်စာတမ်းမှတ်တမ်းမှတ်ရာတွေအပေါ်အခြေခံပြီး သူ့ရဲ့ဘဝကိုသုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ် ။ဘယ်သူနဲ့မှအငြင်းပွါးဖို့တော့အစီအစဉ်မရှိပါ။


Elvis Presley ဆိုတာ သူ့ခေတ်သူ့အခါက ကမ္ဘာပေါ်မှာရှိကြတဲ့ ၈၀ ရာခိုင်နှုန်း သော မိန်းမတွေရဲ့ အချစ်ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ယောက်ျား တစ်ယောက်ပါပဲ။ သူ့အမူအရာ.. သူ့ဝတ်ပုံစားပုံ ..သူ့အသံ .. သူ့ရုပ်ရည် ..သူ့အောင်မြင်မှု ..သူ့အနုပညာ သူနဲ့ပတ်သက်တဲ့အရာမှန်သမျှဟာ စွဲလမ်းစရာ ..စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။


အခုအချိန်ထိကိုကျွန်မတို့က Memphis ကိုရောက်တယ်ဆိုရင် သူ့ရဲ့အိမ်ကိုတော့သွားကိုကြည့်ရမှ ဖြစ်ပါတယ် ။ ကွယ်လွန် ပြီးသားလူတစ်ယောက်ကိုအခုအချိန်ထိ အောင်မြင်စွာ Promote လုပ်နေနိုင်သေးတဲ့ နောက်ကွယ်က Team ကတော့ အံ့ဩစရာပဲဖြစ်ပါတယ်။


ကျွန်မလည်း America ရောက်တော့ Memphis က Elvis ရဲ့ Graceland အိမ်ကြီးကို သွားကြည့်ခဲ့ပါသေးတယ်။


စိတ်ထဲမှာ ဘယ်လိုဖြစ်လာသလဲ.. Elvis Presley ဆိုတာလူဆိုပေမယ့် နတ်စည်းစိမ်နဲ့ နေသွားတဲ့ လူပါလားလို့တွေးမိတဲ့အထိပါပဲ.. လိုတိုင်းရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတယ် ။သူဘဝမှာသူ့သမီးလေး ကိုတော့ အင်မတန်ချစ်ခဲ့တယ်။ Memphis မှာနှင်းမကျတော့ သမီးဖြစ်တဲ့သူ နှင်းကြည့်ဖို့ ကိုယ်ပိုင်လေယာဥ်ပေါ်ခေါ်တင်သွားပြီ နှင်းကျတဲ့နေရာမှာနှင်းတွေပြခဲ့ဖူးတယ်.. လို့ ဖတ်ခဲ့ဖူးတယ်။


ဘဝမှာ သာမန်လူတွေ အိပ်မက်ထဲတောင် ထည့်မမက်ဘူးတဲ့ အကောင်းဆုံးဆိုတာတွေကိုရခဲ့တယ်။ အခုလိုချင်ရင်..အခုကိုရတယ်။ အအောင်မြင်ဆုံး အခြေအနေတွေနဲ့နေခဲ့ရတယ်။ လူတွေရဲ့ အချစ်တွေအများကြီးရခဲ့တယ်။


Elvis က Memphis ကိုပြန်ရောက်နေပြီလို့သတင်းကြားတာနဲ့သူ့ခြံဝမှာ ပရိတ်သတ်တွေအများကြီးအုံနေလေ့ရှိတယ်။ အထဲမှာသူရှိနေတာကိုသိရရုံနဲ့ ..သူ့အရိပ်ကလေးကိုမြင်ရရုံနဲ့ကျေနပ်ချစ်ခင်နေတဲ့သူတွေ ..။သူအပြင်ထွက်ချင်တော့နောက်ပေါက်ကနေ ကားအသေးလေးတစ်စီးနဲ့ခိုးပြီးတော့ ထွက်ရတဲ့အထိပါပဲ။


ဒါပေမယ့်သူပျော်သလားဆိုတော့ မပျော်ပါဘူး ။ မပျော်တာမှ သနားစရာကောင်းလောက်အောင် မပျော်တဲ့သူဖြစ်ပါတယ်။ ဒီလောက်အထိသူ့ဘဝဟာ Miserable ဖြစ်ခဲ့ပါတယ်။


သူအင်မတန်ချစ်တဲ့အမျိုးသမီးတစ်ယောက်လည်းရှိခဲ့တယ်။ အမျိုးသမီးတွေထည်လဲတွဲခဲ့တယ်။ အိမ်ထောင်လည်းပြုခဲ့ပေမယ့် သူငယ်ငယ်ကတည်းကချစ်ခဲ့တဲ့ တစ်ယောက်ကတော့ အကြောင်းကြောင်းတွေကြောင့်နောက်ဆုံးအချိန်ထိ လူရှေ့သူရှေ့မှာ ထုတ်ပြောပြခွင့်မရခဲ့ဘဲ ရှိနေခဲ့ရတယ်။မရနိုင်တာကိုမှလိုချင်တာကလည်း လူ့သဘာဝပဲထင်ပါတယ်။


ဆုံးခါနီးမှာ မူးယစ်ဆေး ကိစ္စတွေ ပါလာတယ်။ သူအရမ်းဝလာတယ်။အသက်ကြောင့်လည်း ဝလာတာဖြစ်နိုင်တာပါပဲ။ အဲဒီလိုဝလာတာကိုလည်း..သူ လုံးဝသဘောမကျဘူး ။စိတ်ဓာတ်ကျလာတယ်။ ဒါပေမဲ့ဒီလို..ဝနေလည်း အမျိုးသမီးတွေကတော့Elvis မှ Elvis ဖြစ်နေကြတုန်းပါပဲ.. ။


ကျွန်မလည်း Elvis ကို ချစ်တဲ့သူပါပဲ။ ဝနေတဲ့ပုံတွေမှာလည်း ဆွဲဆောင်မှုရှိနေဆဲပါပဲ။ သူ့အိမ်ကိုသွားကြည့်..သူ့အကြောင်းစာအုပ်ကလေးတွေဖတ်.. သူ့ဓာတ်ပုံ လေးတွေကြည့်ပြီး သူ့ကိုပိုပြီးတော့တောင် ချစ်လာမိပါသေးတယ်။


Elvis က..သူပင်ပန်းနေပြီ..နားမှရတော့မယ်..ရပ်မှရတော့မယ် ဆိုတာကို သိတယ်။နားတော့မယ်။ကျန်းမာရေးကိုဂရုစိုက်မယ်။ ဒီပွဲပြီးရင်..မဆိုတော့ပါဘူးလို့ပြောနေရင်းနဲ့ကို ဆုံးတဲ့အချိန်အထိ နားတဲ့စခန်းမရောက်လိုက်ရှာပါဘူး။


ကားမစပ်ပြောရမယ်ဆိုရင် Michael Jackson ဆိုရင်လည်း အသက်ကို၁၅၀ လောက်အထိ ရှင်အောင်နေဖို့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာ တွေအကုန်ခံပြီး အစီအစဉ်တွေလုပ်ထားခဲ့တယ်လို့ ကြားဖူးတယ်။ ကွယ်လွန်သွားပြီးရင်တောင် သူ့ရုပ်အလောင်းကနေ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အသက်ပြန်ရှင်အောင်လုပ်ဖို့ အသက်ပြန်သွင်းဖို့ ဆေးသိပ္ပံပညာရှင်တွေနဲ့ကြိုးစားခဲ့တာတွေလည်း ကြားရဖူးတယ် ။


Elvis တို့ Michael တို့မှာ ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ပတ်သက်ပြီး အင်မတန်မှီခိုတာကိုတွေ့ရတယ်။ ဒီအရာတွေဟာခိုင်တယ် ..မြဲတယ် လို့ထင်ပြီး စွဲတာမျိုးပါပဲ.. ဒါကြောင့်ဒီအရာတွေကိုပဲအများကြီးလုပ်ခဲ့တယ်။ အများကြီးရှိလေ.. အများကြီး အာမခံချက်ရှိလို့ ထင်ခဲ့ ကြတယ်ထင်တယ်။ လုပ်ချင်တာတွေလုပ်ခွင့်ရရင်ဘဝဟာလွတ်မြောက်နေတာပဲလို့ ယူဆခဲ့ပုံလည်းရပါတယ်။


ဒါပေမယ့်လည်း..ဘဝမှာအောင်မြင် တာတွေ.. ကျော်ကြားတာတွေ.. တက်မက်စွဲလမ်းမှုတွေ ..ငွေကြေးစည်းစိမ်ချမ်းသာတွေက တကယ်တမ်းကျတော့ လူတစ်ယောက်ကို မလွတ်မြောက်စေဘဲ ချည်နှောင် ဆွဲငင်ထားတာမျိုးဖြစ်တတ်တယ်။ ချည်နှောင်မိလေပိုပြီးဆွဲငင်လေပဲ။ ပိုပြီးဆွဲငင်မိလေပိုပြီးချည်နှောင်မိလေပဲ။ဒီလိုနဲ့ပဲ ရုန်းထွက်မရတော့ဘူး။


လွတ်မြောက်ဖို့လမ်းကိုအပြင်မှာရှာနေတော့ ဘယ်တော့မှမလွတ်မြောက်တော့ဘူး။ တကယ်တမ်း လွတ်မြောက်ရာလမ်းဟာ ကိုယ့်ရဲ့အတွင်းထဲမှာသာ ရှိနေပါတယ် ။မည်သည့်အခြေအနေ ..မည်သည့်နေရာ.. ဘယ်သူဘယ်ဝါပေါ်မှာမှ တွယ်ငြိချည်နှောင်ခြင်းမရှိတဲ့ ငြိမ်းချမ်းမှုတွေ..ပျော်ရွှင်မှုတွေက..နှလုံးသားထဲမှာပဲရှိနေတာပါ။


ဒီအရာတွေက အတွင်းထဲကိုပဲလှည့်ပြီး ရှာရမှာဖြစ်ပါတယ်။ အပြင်ကိုထွက်ရှာလေ အတွင်းထဲမှာရှိနေပြီးသားအရာတွေနဲ့ ဝေးကွာသွားလေပါပဲ..။


အပြင်မှာရှာလို့ရတာတွေမှန်သမျှက ခဏလောက်ဘဲအသုံးဝင်ပါတယ်။ ပျော်ရွှင်မှု Happiness လို့ထင်ပေမယ့်တကယ်တမ်းမှာ စိတ်လှုပ်ရှားမှု Excitement တွေလောက်ပဲဖြစ်နေတတ်ကြတယ်.. ဒါတွေက အာရုံအရိပ်တွေပဲမို့ခဏနဲ့ပဲပျောက်ကွယ်သွားတယ်။အဲဒီအခါမှာအသစ်တွေကိုထပ်ရှာကြပြန်တယ်


ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား​ကြည့် ပါ။ ကျွန်မတို့ဒီ..လိုပဲနေ့စဉ် ချည်နောင်ခံထားမိတဲ့ကြိုးတွေ ဘယ်နချောင်း လောက် ရစ်ပတ်ခံထားနေရပြီလဲ။ အလုပ်ကိုတိုးလုပ်တယ်.. ဝင်ငွေတိုးလာတယ်.. ဒါပေမယ့် ကိုယ်တိုင်ကတော့ တဖြည်းဖြည်း ပျောက်ဆုံးလာတတ်ကြပါတယ်..


အများကြီးလိုချင်တယ်ဆိုရင် အများကြီးပင်ပန်းရတတ်ပါတယ်။ ကျွန်မတို့တွေ ဘယ်လိုအရာတွေရဲ့ချည်နှောင်ခြင်းကို ခံနေရပါသလဲ..ကျွန်မတို့ရဲ့ စွဲလမ်းမှုတွေကို အရှိန်သတ်လို့မရအောင် ဖြစ်နေကြပါသလား။


အာရုံကောင်းလေးတွေအပေါ်မှာ လိုချင်တာ..တပ်မက်တာ.. သာယာတာ မျိုးတွေက သူများ ပစ္စည်းခိုးတာမျိုးလိုအပြစ်ကြီးတွေမဟုတ်ပေမယ့် ဒါလေးတွေက လောဘဟိတ်လေးတွေပါပဲ ။ အင်္ဂလိပ်လို့ဆိုရင် Greed or Attachment လို့ပြောရမှာဖြစ်ပါတယ်။


အလိုမကျတာ မကောင်းတဲ့အာရုံတွေနဲ့တိုက်မိတဲ့အခါ မကျေမနပ်ဖြစ်တာတွေက ဒေါသဟိတ်ပါပဲ..။ စည်းစိမ်ချမ်းသာတွေနဲ့ မသေအောင်လုပ်နိုင်မယ် မနာအောင်လုပ်နိုင်မယ်လို့ အမှန်သဘောကိုမသိတာ ပညာနဲ့စဥ်းစားဆင်ခြင်မှုမရှိဘဲ တွေဝေတဲ့သဘောတွေဟာမောဟပါပဲ။


ဒီအရာတွေက Michael တို့ Elvis တို့လို ကမ္ဘာကျော် တွေမှာမှမဟုတ်ဘဲကျွန်မတို့မှာလည်း အမြဲရှိနေတဲ့ သဘာဝတွေပါ။


ဘဝမှာကံကောင်းစွာရရှိလာတဲ့ စည်းစိမ်ချမ်းသာတွေကို မခံစားရဘူးလို့ဆိုလိုတာမဟုတ်ဘဲ ဒီအရာတွေရဲ့ ချည်နှောင်ဆွဲငင်မှုကနေ လွတ်မြောက်အောင်နေရမှာဖြစ်ပါတယ်..သုံးပါ..မစွဲပါနဲ့..လို့.. ဘုန်းဘုန်းတွေပြောသလိုပြောရမှာဖြစ်ပါတယ်။


တကယ်တော့ဘဝမှာ..ငါပိုင်တယ်လို့လည်း..ဘာမှမရှိပါဘူး ။ဒီဘဝမှာ.. ပိုင်ဆိုင်လာသမျှကလည်း.. ခဏပိုင်ဆိုင်တယ်လို့ အမည်ခံခွင့် ရထားတာမျိုးပဲဖြစ်ပါတယ်။


ရုပ်ဝတ္ထုပစ်စည်းဆိုတာမျိုးက ရေသောက်မြစ်မဟုတ်ဘူး။ သူတို့ကိုမှီခိုအားထားလို့ မအိုမနာမသေတဲ့ဘဝကိုလည်းရလာမှာမဟုတ်ဘူး။ မအိုမနာမသေချင်ဘူးဆိုရင် ဒါတွေကိုဖြစ်စေတဲ့ ရေသောက်မြစ်လို အကြောင်းတရားတွေကို ဖြတ်ရမှာဖြစ်ပါတယ်။ လောဘ ဒေါသမောဟဆိုတာ အကုသိုလ်ရေသောက်မြစ်ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အလောဘ..အဒေါသ..အမောဟ ဆိုတာကတော့ ကုသိုလ်ရေသောက်မြစ်တွေဖြစ်ပါတယ်။


ကုသိုလ်ရေသောက်မြစ်တွေရှင်သန်နေမယ်ဆိုရင်ဘဝဆက်တိုင်းဆက်တိုင်းမှာ မြင့်မြတ်တဲ့ဘဝတွေကိုရပြီး ဒီရေသောက်မြစ်တွေကနေအပင်ပေါက်လာတဲ့အထိ ပြုစုပျိုးထောင်ခွင့်ကိုရမှာပါ။ ယခုဘဝကောင်းခဲ့တယ်ဆိုတာ အရင်ဘဝကကုသိုလ်ရေသောက်မြစ်တွေ ရှင်သန်ခဲ့လို့ပါ။


မွန်ဟော်စီ

၂၀၂၃ နိုဝင်ဘာ

#ဟေတုပစ္စယော

# ပဌာန်း





1,193 views0 comments

Комментарии


bottom of page