top of page
Search

ရွေးချယ်မှုနဲ့ ဖြစ်တည်မှု

လူတွေရဲ့ ဖြစ်တည်မှုတွေဟာသူတို့ရဲ့ရွေးချယ်မှုတွေပေါ်မှာ အဓိကအခြေခံတယ်..


ကိုယ်ရွေးချယ်တဲ့အတိုင်း ကိုယ့် ဘဝတွေက ဖြစ်တည်လာတတ်ကြပါတယ် ..ကိုယ်ဖြစ်နေတဲ့ဘဝဟာကိုယ့်ရဲ့ရွေးချယ်မှုပါပဲ.. မယုံမရှိပါနဲ့..

ကိုယ်ရွေးချယ်ခဲ့တဲ့ အပေါ် နောင်တမရှိဖို့နဲ့ဖြစ်လာတဲ့အခြေအနေပေါ်မှာ ကျေနပ်တတ်ဖို့သာလိုပါတယ်.. ကျေနပ်တတ်မယ်ဆိုရင်ဘဝဟာ နေပျော်စရာကောင်းမှာအမှန်ပဲဖြစ်ပါတယ်..


အမျိုးသမီးတစ်ယောက်ကာ အိမ်ထောင်မကျခင်က အိပ်မက်တွေအများကြီးနဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်.. ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုမှာ ယူနီဖောင်းလေး သပ်သပ်ရပ်ရပ်..လှလှပပ မိတ်ကပ်မျက်နှာနဲ့ သူ့အခြေအနေလေးနဲ့သူ..ဂုဏ်ယူတင့်တယ်ခဲ့တယ်..


အလုပ်လုပ်ရင်းနဲ့သင်တန်းတွေတက်တယ်...ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေရှာခဲ့တယ်..သူ့ရဲ့အိပ်မက်က ကျောင်းတွေဆက်တက်ဖို့..ပညာတွေဆက်သင်ဖို့ ဖြစ်တယ်..


Career Break ယူပြီး အိမ်ထောင်ကျသွားတယ်..တစ်ချိန်တော့ အလုပ်ပြန်ဝင်မယ်ပေါ့..

ဒါပေမယ့် အိမ်ထောင်ကျသွား ကလေးနှစ်ယောက်ရလာပြီးတဲ့နောက်ပိုင်းမှာ သူဟာလူအသစ်တစ်ယောက် ဖြစ်သွားတယ်.. အိမ်နေရင်းလုံးစွပ်ဂါဝန်ကြီးဝတ်ပြီး..အိမ်မှု ကိစ္စ တွေနဲ့လုံးချာလည်..လိုက်နေတဲ့ မိန်းမကြီးတစ်ယောက်ပေါ့ ..


အဲဒီမှာ..သူ..အတော်စိတ်ဓာတ်ကျနေပါတယ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလုံးဝမရှိတော့ဘူး.. သူဖြစ်ချင်တဲ့..ဘဝကဒီလိုမဟုတ်ဘူး ..သူဖြစ်ချင်တဲ့ဘဝကိုရောက်ဖို့ဆိုတာ အရာအားလုံးကိုအစကပြန်ပြီးပြောင်းပြန်လှန်ပစ်လိုက်မှာပဲ ရတော့မှာဖြစ်ပါတယ်..


ဒီအကြောင်းကိုပြောပြလိုက်လို့ အမျိုးသမီးတွေဟာလုပ်နေတဲ့အလုပ်တစ်ခုကိုရပ်..Career Breakယူပြီး အိမ်ရှင်မဘဝကိုရောက်သွားတာ နဲ့ ခပ်တုံးတုံးဖြစ်သွားပြီ.. မထက်မြက်တော့ပါဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး ..


နောက်အမျိုးသမီးတစ်ယောက်ကတော့ နိုင်ငံတကာအဖွဲ့စည်းတစ်ခုမှ အင်မတန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တယ်


သူကတော့အိမ်ထောင်ကျတာနဲ့ အလုပ်ထွက်လိုက်တယ်.. သူ့ရဲ့ရွေးချယ်မှုကတော့ သူ့ကလေးတွေရဲ့ပညာရေးနဲ့ အနာဂတ်ဘဝမှာ မိခင်တစ်ယောက်အနေနဲ့ကောင်းမွန်စွာ ရင်းနှီးမြှုပ်နှံပေးလိုက်ဖို့ပဲဖြစ်တယ်..


သူ့ရဲ့ သားသမီးအပေါ်မှာ ပြုစုပျိုးထောင်တဲ့ ပုံစံဟာအင်မတန် စနစ်ကျတယ်.. Training ကောင်းတယ်လို့ဆိုရမှာဖြစ်တယ် ..ကလေးတွေကလည်း အမေရဲ့ Train ကို လိုက်နိုင်တယ်..


ကလေးနှစ်ယောက်စလုံးသိပ်တော်ပြီး သမီးအကြီးဟာ ဒိတ်ဒိတ်ကြဲ တက္ကသိုလ်ကြီးတစ်ခုမှာ ပညာသင်ဆုရသွားတယ် ..


ဒီအမျိုးသမီးကိုကြည့်မယ်ဆိုရင် ကျွန်မတို့ဟာအလုပ်ထွက်ပြီး..အိမ်ထောင်ရှင်မဘဝ..မိခင်ဘဝကို ခံယူတာဟာ မထက်မြက်တော့တာမဟုတ်ပါဘူး..


အင်မတန်တော်တဲ့လူသားတစ်ယောက်ကို မွေးဖွားပေးနိုင်တယ်ဆိုတာ လူ့လောက..လူ့အဖွဲ့အစည်းအတွက်..အင်မတန်အကျိုးရှိပါတယ်..ဒီလို အိမ်ရှင်မတွေ..မိခင်တွေဟာ အဖိုးတန်တဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ် ..


ဒါကြောင့်...အလုပ်လုပ်နေတာကိုရပ်ပြီး...အိမ်ရှင်မဘဝကိုခံယူလိုက်တယ်ဆိုတာဟာ မှားတယ်လို့ဘယ်လိုမှမပြောနိုင်ပါဘူး ..တစ်ခုတော့ရှိတာပေါ့..ကိုယ် ရွေးချယ်ဆုံးဖြတ်လိုက်တဲ့အပေါ် နောင်တဖြစ်မနေဖို့တော့ လိုပါတယ်..


နောက်..သူငယ်ချင်းတစ်ယောက်ကတော့ ယောက်ျားနဲ့ကလေးနဲ့ မိသားစုရှိတယ်..ဒါပေမယ့်သူက အခုအသက် လေးဆယ် ကျော်မှ အနောက်နိုင်ငံကြီးတစ်ခုမှာ မဟာသိပ္ပံ ဆက်တက်နေပါတယ်..

ဒီမှာအမျိုးသားနဲ့ကလေး..တွေကိုထားခဲ့တယ် ..


သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီနိုင်ငံကြီးမှာသူ ဘွဲ့ရ..အလုပ်ရ.. အခြေတကျဖြစ်တယ်ဆိုရင် ကလေးတွေရဲ့ပညာရေးအတွက် စိတ်ချရမှာ ဖြစ်တယ်လို့ဆိုပါတယ်


များသောအားဖြင့်ဒီလိုမျိုး နိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်တယ်.. ပိုက်ဆံရှာတယ်.. ဘဝတက်လမ်းအတွက်သွားတယ် ..ပညာတွေဆက်သင်တယ်ဆိုတာ အမျိုးသားတွေလုပ်ကြတာများပါတယ် ..အမျိုးသမီးတွေက..ကလေးတွေကြည့်ရင်းနဲ့ ကျန်ခဲ့တာမျိုးတွေများတယ် ..


ဒါပေမယ့် သူကတော့ မိခင်တစ်ယောက်..အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် မိသားစုနဲ့အဝေးကြီး မှာပညာဆက်သင်ရင်း..ဘဝတက်လမ်းကို ရွေးချယ်တယ်ဆိုတာ... ချီးကျူးစရာပဲဖြစ်ပါတယ် ..


Life Plan ရှိနေတဲ့သူကတော့ ဘယ်နေရာမဆို အကောင်းဆုံး ရပ်တည်နိုင်တယ်လို့ တွေးမိတာပါ..


ဒါတွေအားလုံးဟာ ကျွန်မတို့တွေရဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ်..


အဓိက..ကတော့ ကိုယ်ရွေးချယ်လိုက်ပြီဆိုရင် အဲဒီရွေးချယ်မှုနဲ့ပတ်သက်တဲ့ ကောင်းကျိုးဆိုးပြစ်ကို ခံစားရမှာပဲဖြစ်တယ် ..

ရွေးချယ်မှုမှားရင်မှားသလို.. မှန်ရင်မှန်သလို.. သူ့မှာရိုက်ခတ်မှုတွေတော့ရှိတယ် ..


အမျိုးသမီးပဲဖြစ်ဖြစ်..အမျိုးသားပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်တယ်..မကျေနပ်ဘူးဆိုတာ ကိုယ်ရွေးချယ်ခဲ့တဲ့ အပေါ်မှာအများကြီးမူတည်ပါတယ် ..


အဓိကကတော့ ဘယ်နေရာကိုရောက်နေပါစေ.. ကျွန်မတို့မှာ ပြန်လည်ကြိုးစားနိုင်ခွင့်တော့ ရှိနေသေးတာပဲ ..


ကိုယ်ဖြစ်ချင်တဲ့ ပုံစံမဖြစ်နိုင်တော့ဘူးဆိုသည့်တိုင်..ကိုယ်ဖြစ်နေတဲ့နေရာလေးမှာ အကောင်းဆုံး ဖြစ်နိုင်ပါသေးတယ်..အကောင်းဆုံး အမေတစ်ယောက်..အကောင်းဆုံး သားသမီးတစ်ယောက် အစရှိသဖြင့် ဖြစ်နိုင်သေးတာပါပဲ..


အကောင်းဆုံးမဖြစ်နိုင်ဘူး ဆိုရင်တောင် ကိုယ်ရွေးချယ်ခဲ့တဲ့အပေါ်မှာ နောင်တမရှိဖို့လိုပါတယ် ..ဒါကအရေးကြီးပါတယ်.. ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလေးစားတန်ဖိုးထားနိုင်တဲ့ သူတွေ ဖြစ်မှပဲ ဘဝက နေပျော်ပါတယ်..


မွန်ဟော်စီ

၂၀၂၃ March


#မနက်စာအာဟာရ

#အမျိုးသမီးသုံးယောက်အကြောင်း

#ဖြစ်တည်ခြင်း


Photo

FreeStock


2,638 views1 comment

1 Comment


Unknown member
Mar 13, 2023

ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလေးစားတန်ဖိုးထားနိုင်တဲ့ သူတွေ ဖြစ်မှပဲ ဘဝက နေပျော်ပါတယ်.. တဲ့

ကောင်းလိုက်တာ မမွန်

Like
bottom of page