top of page
Search

ရေတစ်ခွက်ကိုဆုပ်ကိုင်ထားလေ ဘောင်ဘင်ခတ်လေပါပဲ..



ကိုဗစ်တွေ အသည်းအသန်ဖြစ်နေတဲ့အချိန်တစ်ခုမှာ မိတ်ဆွေထဲက အစ်မတစ်ယောက်က သူနဲ့ပတ်သက်တဲ့ သူတစ်ယောက်ကို ခွင့်လွှတ် ကျေအေး..စွန့်လွှတ်ပါတယ်ဆိုတဲ့ စာလေး Facebook မှာ ရေးတင်ခဲ့ဖူးတာမှတ်မိတယ်.. အဲဒီလူက သူ့ဆီက ပိုက်ဆံချေးထားတဲ့သူဖြစ်ပြီး..အခုလို အသည်းအသန် နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဒါတွေကို မစဥ်းစားတော့ဘဲ..စိတ်အေးလိုက်ပါ..သူ့ဘက်ကလည်း ရရန်ရှိသေးတယ်လို့ သဘောမထားတော့ဘဲ စွန့်လွှတ်လိုက်ပါပြီလို့ တကယ့် စေတနာအမှန်နဲ့ လူသိရှင်ကြား ရေးခဲ့ ပြောခဲ့တာပါ. သူ့စိတ်လေးကို ချီးကျူးမိပါတယ်.. ပိုက်ဆံကလည်း တစ်ကျပ်နှစ်ကျပ်မဟုတ်ဘူး..အများကြီးပါ..ပေးမယ်ဆိုရင်တော့ ပြန်လိုချင်စရာ ပမာဏ မျိုးပါပဲ..ဒါပေမဲ့ သံသရာအရေးမှာတော့ ငွေဆုံးတာကလည်း အကြောင်းကြောင့်အကျိုးဖြစ်တာပဲလို့ လက်ခံတတ်တဲ့သူက Healed ဖြစ်သွားတာပဲလို့ တွေးမိတယ်..ဆုပ်ကိုင်မထားဘဲ လွှတ်ချနိုင်လေ လွတ်မြောက်လေပေါ့.. နောက်တစ်ယောက် ကြုံဖူးတာကတော့ သူအလွန်မုန်းတဲ့ သူတစ်ယောက်ရှိတယ်..ဒီလူနဲ့သူနဲ့ စကားအချေအတင်ဖြစ်ခဲ့ရမှာ..အေး..တစ်နေ့ နင်ထင်တာ မှားကြောင်း ငါသက်သေပြမယ်ဆိုတဲ့ စိတ်နဲ့ သူက တေးလာခဲ့တယ်.. နှစ်ပေါင်းများစွာကို ကြာခဲ့တယ်..သူနဲ့အဆင်မပြေဖြစ်ခဲ့သူက သူ့ကိုတောင် မှတ်မိတော့မှာမဟုတ်ပါဘူး.. ဒီလူ နေမကောင်းဘူး..ကွယ်လွန်ခါနီးကျတော့ အဲဒီအမျိုးသမီးက ရုတ်ကနဲ ထပေါ်လာတယ်.. ပြီးတော့..အဲဒီလူကို သူ လုံးဝမကျေနပ်တဲ့အကြောင်း..ဘယ်သောအခါမှ အတိတ်ဖြစ်ရပ်တွေကို မမေ့တဲ့အကြောင်းကို အဲဒီလူဆီမရောက်ရောက်အောင် ဘေးကလူတွေကိုပါ လိုက်ပြောတော့တာပါပဲ.. သူ..တစ်သက်လုံးမုန်းနေတာကို မသိလိုက်ရသေးဘဲ တစ်ဘက်ကလူက အေးအေးချမ်းချမ်း သေသွားမှာကို ကြောက်တာနဲ့တူပါတယ်.. သူ လာပြောတဲ့သူတွေထဲမှာ ကျွန်မလည်းပါပါတယ်..ဒီအကြောင်းကို အဲဒီလူကို ပြောဖြစ်အောင် ပြော​ပေး ပါဆိုတာမျိုးကပါသေးတယ်..ဒါကို ပြောပေးရင် ဒီအမုန်းကို ဆက်မယူတော့ဘူးတဲ့..ဆက်မယူချင်တော့လို့ လာပြောပြတာဆိုပဲ.. ကျွန်မလို လူမျိုးက..ဘယ်သူမှအကျိုးမရှိနိုင်တော့တဲ့.. ဒါမျိုးစကားကို ဘယ်ပြောပါလိမ့်မလဲ..ခေါင်းပေါ်မစင်လာစွန့်သလိုမို့ ရေပဲ ဆွဲချလိုက်ရပါတယ်.. ကျွန်မလည်း စကားလုံးတွေ..စာတွေနဲ့ လူတွေကို Healing ပေးနေတဲ့ဘဝမှာ တစ်ခါတလေကျတော့.. ကိုယ့်ကိုယ်ကိုယ် အမှိုက်ပုံးနဲ့ တူလာသလို ခံစားလာရတယ်.. အမှိုက်တွေ ကိုယ့်အပေါ်လာစွန့်နေကြသလိုပါပဲ.. စာရေးဆရာမကြီးခင်နှင်းယုရဲ့အောင်မြင်သောနေ့ဆိုတဲ့..စာအုပ်ဖတ်ဖူးကြမယ်ထင်ပါတယ်.. ဒီထဲမှာ တစ်ယောက်က တစ်ချိန်လုံး လက်စားချေဖို့ပဲ စဥ်းစားလာတယ်..နောက်ဆုံးမှာ..လက်စားချေဖို့အောင်မြင်ခဲ့တာလားဆိုတော့ မဟုတ်ပါဘူး..အဲဒီစိတ်ကို လွှတ်ချနိုင်ခဲ့လို့ အောင်မြင်သောနေ့ ဖြစ်ခဲ့တာပါ.. ဒီလောက်နှစ်ပေါင်းများစွာထိ သိမ်းဆည်းသယ်ဆောင်လာခဲ့တဲ့..လူတစ်ယောက်ရဲ့ အမုန်းတရားတွေကိုစဉ်းစားမိပြီး..သူ့ကို သနားမိတယ်..သူ့စိတ်ဒဏ်ရာတွေ Healed ဖြစ်မနေပါဘူး.. အမုန်းခံရတဲ့သူက ဘာမှမဖြစ်တော့ဘူး..ဒါပေမယ့်သူကတော့သည်အမုန်းတွေနဲ့ နှစ်ပေါင်းများစွာနာကျင်နေခဲ့ရတယ်..ရေတစ်ခွက်ကို ဆုပ်ကိုင်ထားလေ ဘောင်ဘင်ခတ်လေပါပဲ..လွှတ်ချလိုက်နိုင်ရင်...လှုပ်ခတ်နေတဲ့...ရေမျက်နှာပြင်ဟာ တည်ငြိမ်သွားတာပါပဲ.. အကုသိုလ် ဆိုတာ သူများကိုသွား ရိုက်နေမှရတာမဟုတ်ဘူး တစ်နေ့တစ်နေ့ ဖြစ်နေတဲ့ အကုသိုလ်အနုစားတွေ အများကြီး ရှိတယ်..တရားသဘောအရ အကုသိုလ်ကို အကုသိုလ်လို့ပဲ မှတ်ယူရမှာပါပဲ..ဘယ်လောက်စင်ကြယ်နေပါတယ်ဆိုတဲ့..ရေဖန်ခွက်ထဲကို မစင်လေးတစ်စက်ထည့်လိုက်ရင် ညစ်ထေးသွားတာပါပဲ.. အမုန်းတွေကို လွတ်ချလိုက်တယ်ဆိုပေမဲ့ သူ့ Intention ကတော့ ကောင်းမနေဘူး..ကျွန်မကတော့ အမှိုက်ပုံးလိုလူပဲ..အကောင်းဘက်က ပြောရင်တော့ ကမ္ဘာမြေလိုလူပေါ့..ကိုယ့်ဆီရောက်လာသမျှ အမှိုက်သရိုက်မှန်သမျှကိုလက်ခံ..Processed လုပ်ပေးနေရတာပါပဲ.. ဒါကြောင့်..သူ့ အမှိုက်ကို ကျွန်မယူပေးလိုက်တယ်..သူကျေနပ်သွားပါစေ..ဘယ်လိုပဲ ဖြစ်ဖြစ်..Venting မဟုတ်ဘဲ Dumping လုပ်လိုက်တာပါပဲ..ဒီလို လက်ခံပေးလိုက်နိုင်လို့ သူ အနှစ်နှစ်အကာလ စုထားတဲ့ အမှိုက်တွေရှင်းသွားပြီဆို ကုသိုလ်ရတာပေါ့လို့ ဖြေတွေးလိုက်မိပါတယ်.. သူ့ Block လေးတစ်ခုကို ဖြည်ပေးလိုက်နိုင်တဲ့အတွက် ကိုယ့်မှာလည်း Block တွေရှိခဲ့ရင်ပြေပါစေပေါ့..Healing Process မှာ ဒီလိုတွေးတတ်ဖို့လည်းအရေးကြီးပါတယ်.. ဒီလူနှစ်ယောက်ကို ကြည့်ရင်း.. တချို့လူတွေဟာ..ကိုယ့် Block ကိုဖြည်နိုင်ကြတယ်..ကိုယ့်ကိုယ်ကိုယ် ကုစား Heal လုပ်နိုင်ကြတယ်..ဒါကြောင့် ကိုယ့်စိတ်ဘာဖြစ်နေသလဲ သိဖို့ဆိုတာလည်း သိပ်အရေးကြီးပါတယ်.. ကိုယ့်ကိုယ်ကိုယ် Heal လုပ်တဲ့နေရာမှာ ..ကိုယ့်ရဲ့ ကုသိုလ် အကုသိုလ်ကို အမြဲ စစ်ထုတ်နေရပါတယ် Balance လုပ်နေရပါတယ်.. သူများကို Heal လုပ်တဲ့အခါမှာတော့..သူ့အမှိုက်ကို ကိုယ့်ဆီမှာ စွန့်ပစ်ခဲ့ဖို့ လက်ခံပေးရတာပါပဲ..ပြီးမှ အဲဒီ အမှိုက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ရှင်းထုတ်ယူရတာပါပဲ.. မွန်ဟော်စီ ၂၀၂၃ March #monhalsey #Morningvitamin #မနက်စာအာဟာရ #HealingProcess #Universe Photo FreeStock

996 views0 comments

Comments


Commenting has been turned off.
bottom of page