top of page
Search

သိပ်မကြာသေးခင်က Hollywood ရုပ်ရှင်မင်းသားကြီး Arnold Schwarzenegger ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် Documentary တစ်ခုကို ကြည့်ခဲ့ရပါတယ်။

Updated: Dec 29, 2023


သိပ်မကြာသေးခင်က Hollywood

ရုပ်ရှင်မင်းသားကြီး Arnold Schwarzenegger ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် Documentary တစ်ခုကို ကြည့်ခဲ့ရပါတယ်။


ကျွန်မက အာနိုးရဲ့ Fan တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့လောကကိုရောက်လာခိုက် ကမ္ဘာနဲ့အဝှမ်း အောင်မြင်ကျော်ကြားကြတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဘဝနောက်ခံဇာတ်ကြောင်းတွေကိုတော့ အမြဲတမ်း စိတ်ဝင်စားမိတဲ့အတွက် အဲဒီလို Documentary လေးတွေ

ကို အမြဲကြည့်မိပါတယ်


အာနိုးက အများသိကြတဲ့အတိုင်း ကာယဗလမောင်ဘဝကနေ ရုပ်ရှင်လောကထဲကို ရောက်လာတာပါ။ သူ့ရဲ့ဆယ်ကျော်သက်အရွယ်ကတည်းက အိပ်မက်ဟာ Body Building/ Weight Lifting လို့ခေါ်တဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းအောင် ပြုပြင်တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ အာနိုးက ဩစ​​တြီးယားနိုင်ငံသား တစ်ယောက်ပါ။ သူ့နိုင်ငံမှာလည်း ကာယဗလနဲ့ပတ်သက်ပြီး ဆုတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အကြီးမားဆုံး အိမ်မက်တစ်ခုကတော့ မောင်စကြာဝဠာလို့ခေါ်တဲ့ Mr. Universe ဖြစ်ချင်တာပါတဲ့။


အဲဒီခေတ်အခါတုန်းက နှစ်တိုင်း မောင်စကြာဝဠာဆုကို ဗိုလ်စွဲနေတဲ့ ကာယဗလမောင်တစ်ယောက်ရှိပါတယ်။ သူ အင်မတန်အားကျခဲ့ရတဲ့ သူပေါ့။ အဲဒီလူရဲ့ ဆုတွေပိုက်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို အာနိုးက သူ့ရဲ့အိပ်ရာ​ဘေးမှာ ကပ်ထားတယ်။

ဒါပေမဲ့ အဲဒီလူရဲ့ခေါင်းကိုတော့ ဓာတ်ပုံကနေ ဖြတ်ထုတ်ထားပြီး အာနိုးက သူ့ရဲ့ဓာတ်ပုံက ခေါင်းကလေးကို ညှပ်..၊ အဲဒီမှာ သွားကပ်ထားတာပါ။ သူများကိုယ်လုံးနဲ့ သူ့ခေါင်းပါပဲ။ ဒါပေမဲ့ အဲဒီဓာတ်ပုံထဲမှာတော့ သူက မောင်စကြာဝဠာဆုကြီးပိုက်လို့ပေါ့။


ဒီဓာတ်ပုံကို အမြဲကြည့်ပြီး မြင်ယောင်ပြီး လေ့ကျင့်ခန်းတွေလုပ်ပါတယ်။ အဲလိုလုပ်တဲ့အချိန်ကျရင် ဒီဆုကြီးကို ပိုက်ထားရတဲ့အခါ ဖြစ်တဲ့ခံစားချက်တွေ၊ အောက်က ကြည့်ရှုအားပေးနေတဲ့ ထောင်သောင်းချီနေတဲ့ ပရိသတ်ကြီးရဲ့ အာနိုး.. အာနိုး လို့ အော်ဟစ်အားပေးသံတွေကို နားထဲမှာ ကြားယောင်ရင်း လေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။


Visualization works for me တဲ့။ သူ့အတွက် Visualization က အလုပ်ဖြစ်ခဲ့ပါတယ်။ သူ မောင်စကြာဝဠာဘွဲ့ရတော့ အဲဒီသူကို ကျော်တက်သွားပြီးသုံးနှစ်ဆက်တိုက်ကို ရခဲ့တာပါ။နောက်ပိုင်းမှာလည်း ဆက်ပြီး Hollywood ရုပ်ရှင်မင်းသားဖြစ်လာတာ၊ California ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး Governer ဖြစ်လာတာတွေဟာ Visualization ရဲ့အကူအညီတွေ အများကြီးပါတယ်လို့ သူက ဖွင့်ဟဝန်ခံခဲ့ပါတယ်။


အားကစားသမားတွေ.. အနုပညာရှင်တွေ.. စာရေးဆရာတွေဟာ Visualization အသုံးပြုရတဲ့ သူတွေပဲဖြစ်ပါတယ်။ ရေကူးတာ၊ ဂေါက်ရိုက်တာ၊ မြှားပစ်တာအစရှိတဲ့ အားကစားသမားတွေဟာ ပန်းတိုင်ဆိုတာကို အမြဲတမ်း ပုံဖော်နေရတာဖြစ်ပါတယ်။ အနုပညာဖန်တီးသူတွေကလည်း ဒီလိုပါပဲ။ စာရေးသူတစ်ယောက်က ဇာတ်လမ်းတစ်ပုဒ်ရေးမယ်ဆိုရင် အဲဒီဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေ ဘယ်လိုဇာတ်သိမ်းမလဲဆိုတဲ့ အလှည့်အပြောင်းတွေကို Visualize လုပ်ပြီးမှသာ ပုံဖော်နိုင်တာမျိုးဖြစ်ပါတယ်။


ပန်းချီဆရာတစ်ယောက်ဟာ ဘာပုံဆွဲမလဲဆိုတာကို အရင်ဆုံး ပုံဖော်စိတ်ကူးကြည့်ပြီးမှသာ သိမှသာ Canvas ပေါ်မှာ ဆေးကို တင်ရတာဖြစ်ပါတယ်။


Visualization ဆိုတာကို တချို့လည်း ကြီးကြီးကျယ်ကျယ်တွေ ပြောကြတယ်။ တကယ်တော့ ကျွန်မတို့အကုန်လုံးဟာ Visualize လုပ်ကြတဲ့သူတွေချည်းပါပဲ။


အိမ်မှာ ဟင်းချက်နေတဲ့မိခင်တစ်ယောက်တောင်မှ ဘာဟင်းကို ဘယ်လိုချက်မလဲဆိုတဲ့ Visualization မရှိခဲ့ဘူးဆိုရင် ဟင်းတစ်ခွက်ဖြစ်လာမှာမဟုတ်ပါဘူး။ ကားဆရာတစ်ယောက်ဟာ ဘယ်နေရာကို ဘယ်လမ်းကသွားမလဲဆိုတဲ့ စိတ်ကူးပုံဖော်မှုမျိုးမရှိဘဲနဲ့ ကားပေါ်တက်လိုက်တာနဲ့ လိုရာရောက်သွားတာမျိုး မဖြစ်နိုင်ပါဘူး။


အခုခေတ်မှာတော့ Visualization ကို Vision Board နဲ့ ပုံဖော်ယူကြတာမျိုးလည်း လုပ်ကြတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဘဝအခြေအနေပုံစံ.. ကိုယ်လိုချင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေ စတာတွေကို Vision Board ပေါ်မှာ သေသေချာချာပုံဖော် ရေးဆွဲဖန်တီးပြီး ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို တွေးတောတာ၊ ခံစားတာ အဲဒီနေရာကိုရောက်သွားတယ်လို့ ...အဲဒီအခြေအနေတစ်ခု တကယ်လက်ခံရရှိနေပြီလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးပုံဖော်ကြည့်တာမျိုးက Law of Attraction နဲ့ အလုပ်လုပ်တယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။


ဒါကြောင့် ကိုယ်လုပ်နေမြဲဖြစ်တဲ့ နေ့စဉ်ဘဝမှာရှိနေတဲ့ Visualization တွေကို ဆက်ပြီး အားကောင်းလာအောင်လုပ်ပါ။ ကိုယ်ဖြစ်ချင်တာကို တွေးတောတယ်ဆိုတာ ဒီနေရာတစ်ခုကို ရောက်ရှိဖို့ ဘယ်လိုသွားရမလဲဆိုတဲ့ ပန်းတိုင်ကို အမြဲတမ်း သတိပေးနေတာမျိုးဖြစ်ပါတယ်။ Remind လုပ်နေတာမျိုးဖြစ်ပါတယ်။


Vision board ပေါ်မှာ ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်ဖန်တီးပြီး စိတ်ကူးတယ်ဆိုတာက ကိုယ့်အနေနဲ့ ဒီအရာတွေကို ရဖို့ထိုက်တန်ကြောင်း အချိန်တန်ပြီဖြစ်ကြောင်း.. အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း Universe ကို သတင်းစကားပါးလိုက်တာမျိုးလည်း ဖြစ်ပါတယ်၊ Declare လုပ်တယ် ကြေညာတယ်လို့လည်း ပြောကြပါတယ်။


မွန်ဟော်စီ

December 2023




806 views0 comments

Comments


bottom of page