top of page
Search

သြော်..ရိုမရိုတော့မသိ..ဒါပေမဲ့.. သိပ်ချစ်နေကြတုန်းပါပဲလေ...


မင်္ဂလာမဆောင်ခင် ကုတင်ဝယ်ကြတော့ ယောကျာ်းလုပ်သူက Queen Size ဆိုတဲ့ အရွယ်..နှစ်ယောက်အိပ်ကုတင်ကိုလိုချင်တယ်..Queen Size ဆိုတာ တစ်ယောက်အိပ်ထက်လည်းကြီးပြီး နှစ်ယောက်အိပ်ထက်လည်း သေးတဲ့ အရွယ်အစားမျိုးပေါ့..


ဘာလို့လည်းဆိုရင်..

နံပါတ်၁..အိပ်တဲ့အခါ အချစ်ကို ထွေးပွေ့ပြီး ပူးပူးကပ်ကပ် နွေးနွေးထွေးထွေးလေးနေချင်လို့ပေါ့ကွ တဲ့..

နံပါတ်၂ ကတော့..ကုတင်သေးသွားတဲ့အတွက် အိပ်ခန်းထဲမှာ နေရာပိုကျယ်သွားတယ်လေ..တဲ့..


သူပြောတာတော့ ဟုတ်နေတာပါပဲ..ဒါပေမဲ့..မိန်းမလုပ်တဲ့သူက အိပ်ရင် ခေါင်းအုံးတွေအများကြီး

နဲ့မှ အိပ်တတ်တာလေ..ဒါကြောင့် King Size ပဲဝယ်လိုက်ပါ..ပေါ့..King Size ဆိုတာကတော့ တကယ့် တင်းပြည့်ကျပ်ပြည့် နှစ်ယောက်အိပ်ကုတင်ကြီးလေ..မိန်းမက ကျပ်ကျပ်သပ်သပ်မအိပ်တတ်ဘူးလေ..


နောက်ဆုံးတော့ ယောကျာ်းကလည်း မိန်းမအလိုလိုက်ပြီး King Size ပဲဝယ်လိုက်ပါတယ်..


King Size Bed ကြီးနဲ့ အိမ်ထောင်ဦးကာလ..စောင်တောင် တစ်ထည်တည်းအတူခြုံကြတာ..

စောင်ကြီးကိုခေါက်ရင်..စောင်က ရှည်တာမို့..သူကဟိုဘက်အစကကိုင်..ကိုယ်က ဒီဘက်အစကကိုင်..

ကိုယ့်ဘက်ကအစကို သူ့လက်ထဲသွားပေးတဲ့အခါတိုင်း မိန်းမမျက်နှာကို လှမ်းလှမ်းပြီး မွှေးမွှေးရှလူးရသေးတာ..အမယ်..ပျော်လို့..


အဲ..အိမ်ထောင်ကျပြီး ၉နှစ်လောက်ဖြစ်လာတော့..ဟေ့..မိန်းမ..King Size ဝယ်ခဲ့တာမှန်တယ်.. ငါတို့ဝလာတယ်ဟ..တဲ့..


ဟုတ်တယ်လေ..King Size တောင်မဆန့်တော့သလိုမို့ Double King Size တောင် ပြောင်းဝယ်ချင်သလို ဖြစ်လာပြီ..သြော်..လူတွေဝလာသလို..မိန်းမဘက်အခြမ်းမှာ..ခေါင်းအုံးတွေများလာလိုက်တာ..

ငါးလုံး..တိတိ..စောင်အထူကြီးကပါသေး..မိန်းမလုပ်သူက စောင်ပုံ ခေါင်းအုံးပုံထဲခေါင်းစိုက်ပြီး အိပ်တတ်တာ..


ခုတော့..စောင်လည်း တူတူမခြုံနိုင်တော့ပြီ ယောကျာ်းက သူ့ဘက်အခြမ်းမှာ စောင်ပါးပါးသေးသေးလေးနဲ့ နေတယ်..သူက ခေါင်းအုံး တစ်လုံးပဲ သုံးတယ်..ဟယ်..အဲတော့..စောင်တွေ ခေါင်းအုံးတွေကြားမှာ ဒီဘက်က မိန်းမက ဝဝကြီးနဲ့ပေါ့..


အရင်က နွေးထွေး ပူးကပ် နမ်းမွှေးချင်တဲ့သူက အခုတော့ အိပ်ရာပေါ်မှာ စည်းတွေဘာတွေ တားတတ်လာပြီ..ဟေ့..စည်းမကျော်နဲ့..နင်ယူတာများနေပြီ..ဟိုဘက်ပြန်တိုးဦး..ဟေ့ ..နင့်ခေါင်းအုန်းတွေ ပြန်ယူဦး..


အမလေး..သူ့ရင်ဘတ်ပေါ်..ဗိုက်ပေါ် လက်ကလေးတင်လိုက်တာနဲ့..ခဏလေးရှိသေးတယ်..

အား..ပူလိုက်တာ..အိုက်တယ်..အိုက်တယ်..လက်ကိုဖယ်လိုက်ရော..


ဒေါသထွက်လို့ ကျောကုန်းကို ဗြန်းဗြန်းချပေးလိုက်တယ်..အဲတော့လည်း..တဗြဲဗြဲထရယ်တော့တာပါပဲ..


မိန်းမကလည်း စကားတောင်စားဆိုတော့..ဟေ့..အိပ်ရာရဲ့ ဘယ်အပိုင်းကဘယ်လို..Center Line ကဒီမှာ..

ပေကြိုးယူမလား..ဘာလားနဲ့..နောက်ဆုံးတော့ စကားနိုင်လုပြောရတာ မောသွားရင်း..အင်း..Good Night Baby..Good Night Darling ဆို..ပါးလေးနမ်းပြီး အိပ်ပျော်သွားကြရတာပဲပေါ့..အရင်အိပ်ချင်တဲ့သူက ..

ဟာ..ငါအိပ်တော့မယ်ကွာ..ဆိုပြီး အရှူံးပေးလိုက်ရပြီလေ....တိုက်ပွဲကျသွားပြီ..


ရယ်လည်းရယ်ချင်ပါတယ်..ခုခေတ်တော့ ရိုတယ်ဆိုတဲ့စကားပေါ်လာလို့..ဘာလဲဆိုတော့ ရိုမန်တစ်ဆန်တာကို ပြောတာတဲ့..ပန်းစည်းတွေ ချောကလက်တွေ..အရုပ်တွေ..မေတ္တာစာလွှာတွေ..

ဖယောင်းတိုင် မှိန်မှိန်လေးအောက်က ညစာစားပွဲမှာ..တီးတိုးချစ်စကားသံလေးတွေ..

အိပ်ရာထဲက ပူနွေး ပူးကပ် နမ်းမွှေးနေတာလေးတွေ..


ရိုလို့ကောင်းတဲ့အရွယ်မှာ သိပ်ရိုကြတာ အပြစ်ပြောစရာမရှိပါဘူး..ကိုယ်တွေလည်း ရိုခဲ့ကြပါတယ်..

ဒါပေမဲ့ ရိုတဲ့ကိစ္စဟာ တစ်သက်လုံးဖြစ်နေမှာ မဟုတ်ဘူး..ဆိုတာကိုတော့ မမေ့သင့်ဘူး..


ပန်းစည်းတွေ စာလွှာတွေ..ဆိုတာ..တစ်သက်လုံးလည်း ပေးနေနိုင်ချင်မှ ပေးနေနိုင်မှာပါ..

တချို့ မပေးနိုင်ကြပါဘူး..ဒါပေမဲ့..စဉ်းစားစရာတွေ သိပ်များလာရတဲ့ အိမ်ထောင်သည်ဘဝမှာ..

ဒါမျိုးလေးတွေမရလာတော့လည်း ဘာမှ စိတ်ဆိုးစရာမရှိတော့ပါဘူး..ရလာတော့လည်း

ကျေးဇူးတင်စရာ အမှတ်တရလေးတွေ ဖြစ်ရတာထက်ပိုပြီး..အသည်းလှိုက် အူလှိုက်အရသာမျိုး မရှိတော့တာ အမှန်ပါ...


တချို့ ရည်းစားတုန်းကအတိုင်း ရိုနေဖို့..ရိုပြဖို့ကို တစ်သက်လုံးအတွက် မျှော်လင့်နေတတ်ကြတယ်..


အိမ်ထောင်ကျလာတဲ့အခါ ရိုတယ် မရိုဘူးဆိုတာထက်..ကျန်းမာရေးကောင်းဖို့..အလုပ်အကိုင်တွေ အဆင်ပြေဖို့ အနာဂတ် စီးပွားရေး စီမံကိန်းတွေ ခိုင်မာဖို့ သားတွေသမီးတွေ ရှေ့ရေး လုံခြုံစိတ်ချရဖို့..က

အရုပ်တွေ ပန်းစည်းတွေ..ထက်ပိုအရေးကြီးလာတယ်


ချောကလက်တွေ..စာလွှာတွေ.လက်ဆောင်တွေ..အပြန်အလှန်..ပေးတာမပေးတာ..ရတာမရတာထက်

တစ်ယောက်စီရဲ့ အားနည်းချက်ကိုဖြည့်တွေးပေးဖို့..တစ်ယောက်ရဲ့ စိတ်အတွေးကို..တစ်ယောက်က နားလည်ပေးဖို့..တစ်ယာက်အပေါ်..တစ်ယောက် သစ္စာရှိဖို့ပဲ ပိုလိုချင်လာမိတယ်..


တို့ကို အရင်လိုမှမချစ်တော့ပဲ..ဘာညာ သာရကာ..အီစီကလီထု မျက်ရည်ကျပြဖို့..စိတ်ဆိုးဖို့..အချော့ခံဖို့

ဆိုတာတွေဟာ..သိပ်ကလေးဆန်ပြီး ရယ်စရာကောင်းသွားပြီ..Energy တွေ အလကားwaste ဖြစ်သွားပြီ..

မလိုတော့ဘူး..မလုပ်ချင်တော့ဘူး..


လင်မယားဘဝမှာ..ရှင်းနေတာတွေကို ရှုပ်အောင်မလုပ်တာ..မလိုအပ်တဲ့ ဒရာမာ ရိုက်ကူးရေးတွေ မလုပ်တော့တာ..ကိုယ့်ဘက်ကို..ဇာတ်နာအောင်..မတွေးတော..မခံစားတော့တာတွေဟာ.

အရေးကြီးလာတယ်..


ဖြူဖြူစင်စင် ပွင့်လင်းရိုးသား..ရယ်မောပျော်ရွှင်ရတဲ့..သံယောဇဉ် ခိုင်မြဲမှုတွေက ပိုတန်ဖိုးရှိလာတယ်..

အချစ်ဟာ..ရင့်ကျက်မှုနဲ့အတူ..ကြီးထွားသန်စွမ်းလာတယ်..အချစ်ဆုံး သူငယ်ချင်းတွေလို ဖြစ်လာတယ်..မောင်နှမလိုစိတ်ဖြစ်လာတယ်.. မေတ္တာကို အခြေခံတဲ့စိတ်က ပိုအလေးသာလာတယ်..


အိပ်ရာထဲမှာ..တီးတိုးစကားပြောသံတွေ..နွေးထွေးပူးကပ် နမ်းမွှေးနေတာတွေ မရှိတော့ပြီ..

သူလည်း သူ့သဘောကျ အေးအေးဆေးဆေးလေး အိပ်ပါစေ..အိပ်ပျော်ပါစေ..

ကိုယ်လည်း ကိုယ့်ခေါင်းအုံးလေးတွေထဲ ခေါင်းစိုက်ရင်း ကိုယ်ကြိုက်သလို အိပ်ချင်ပါတယ်လေ..

နောက်နေ့မနက် သူနဲ့အတူ ကျန်းမာစွာ အိပ်ရာကနိုးလာရတာဟာ တန်ဖိုးထားစရာ ဆုလာဘ်တစ်ခုဖြစ်ခဲ့ပြီ..


တစ်ခါတစ်ခါ အိပ်နေရင်း သူ့ကို လွမ်းသွားတော့လည်း သူ့အနားတိုးသွားပြီး နမ်းလိုက်တာပေါ့..

နားရွက်ကလေးပဲဖြစ်ဖြစ်ပေါ့..သူလည်း လွမ်းလာရင် ကျွန်မမြုပ်နေတဲ့ ခေါင်းအုံးပုံ စောင်ပုံကြီးထဲ.. ကျော်ခွ ဝင်ရောက်လာပြီး..ဟေ့..နင်ဟာ..ခွအုံးကိုငါ့ထက်ပိုချစ်တယ်..ဟ..နင့်မျက်နှာက ဘယ်မှာလဲ.. ဟဲ့..ထွက်လာခဲ့စမ်း..နဲ့..


သြော်..

ရိုမရိုတော့မသိ..

ဒါပေမဲ့.. သိပ်ချစ်နေကြတုန်းပါပဲလေ..


မွန်ဟော်စီ

၂၀၁၉


#မနက်စာအာဟာရ

#ကျေနပ်စွာလမ်းခွဲခြင်း


128 views0 comments

Comments


bottom of page